Healthy Life Ad
Q & A

မွေးရာပါအရိုးပါးရောဂါအကြောင်း (Osteogenesis Imperfecta)

—၊ ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မွေးရာပါအရိုးပါးရောဂါအကြောင်း သိပါရစေ ဆရာ။

A. မွေးရာပါ အရိုးပါးရောဂါဖြစ်ရင် အရိုးတွေက အလွယ်တကူကျိုးလွယ်ပါတယ်။ မကြာခဏ ကျိုးတတ်ပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါတစ်မျိုးဖြစ်တတ်ပြီး ကလေးဦးရေ ငါးသောင်းမွေးရင် တစ်ဦးမှာ ဖြစ်တတ်ပါတယ်။ ဒီမွေးရာပါ အရိုးပါးရောဂါပါတတ်တဲ့ ကလေးတွေက မျက်လုံးတွေ ပြာနေတတ်ပါတယ်။ မျက်လုံးပြာတယ်ဆိုတာ မျက်ဖြူလွှာ (Sclera) က ပြာနေတာကို ဆိုလိုတာပါ။ မျက်လုံးမပြာဘဲလည်း မွေးရာပါ အရိုးပါးရောဂါ ဖြစ်တတ်ပေမယ့် ရှားပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါဖြစ်တဲ့သူရဲ့ အရိုးတည်ဆောက်ပုံကို သိပါရစေဆရာ။

A. မွေးရာပါ အရိုးပါးရောဂါဖြစ်တဲ့ ကလေးရဲ ့ အရိုးတည်ဆောက်ပုံက ကောက်နေတတ်သလို ပုံပျက်နေတတ်ပါတယ်။ ဆိုးရွားတဲ့အဆင့်မှာဆိုရင် ကလေးတွေရဲ ့ ထွားကြိုင်းဖွံ့ဖြိုးမှုကို ထိခိုက်ပြီး အရပ်ပုသွားနိုင်ပါတယ်။ အရိုးကပါးလေလေ၊ ထွားကြိုင်းဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ခြေက ပိုများလေလေဖြစ်ကာ အရိုးလည်း ပိုကျိုးလွယ်လေလေပါပဲ။ အဖြစ်များတဲ့ အရိုးကျိုးတာတွေက လက်ကျိုးတာ၊ ခြေထောက်ကျိုးတာနဲ့ နံရိုးကျိုးတာတွေပဲ ဖြစ်ပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါက ဘာကြောင့်ဖြစ်ရပါသလဲဆရာ။

A. မွေးရာပါအရိုးပါးရောဂါက မျိုးဗီဇပြောင်းလဲမှု (Genetic Mutation)ကြောင့် ဖြစ်ရတာပါ။ မွေးရာပါ အရိုးပါရောဂါရှိတဲ့ ကလေး ၄၀ ရာခိုင်နှုန်းက နားကောင်းကောင်းမကြားရပါဘူး။ သွားတွေလည်း မကောင်းတတ်ပါဘူး။ အဆစ်တွေက အားနည်းနေတတ်ပြီး အဆစ်တွေကို ထိန်းထားတဲ့ အရွတ်တွေက ပျော့နေတတ်ပါတယ်။ တချို့ကလေးတွေဆိုရင် နှလုံးရောဂါရှိနေတာမျိုး ဖြစ်တတ်ပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေဆရာ။

A. မွေးရာပါ အရိုးပါးရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ နံပါတ်တစ်အကြောင်းရင်းကတော့ အမျိုးအစား(၁) ကော်လာဂျင် (Type 1 Collagen)နည်းတာဖြစ်ပြီး နံပါတ်နှစ်အကြောင်းရင်းက ပုံမှန်ကော်လာဂျင်တွေမရှိဘဲ ပုံမှန်မဟုတ်တဲ့ ကော်လာဂျင်တွေ များလာတာကြောင့် ဖြစ်ပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါရှိတဲ့ ကလေးရဲ ့ပုံသဏ္ဌာန်ကို သိပါရစေဆရာ။

A. မွေးရာပါ အရိုးပါးရောဂါဖြစ်တဲ့ ကလေးကိုကြည့်လိုက်ရင် ခန္ဓာကိုယ်နဲ့စာရင် ဦးခေါင်းက ကြီးနေတတ်ပါတယ်။ ခေါင်းက လုံးလည်းလုံးနေတတ်ပါတယ်။

“ကျိုးတဲ့အရိုးက ညှပ်ရိုးဖြစ်ရင် သူ့အလိုလို ပြန်ဆက်သွားမှာပါ။ ဘာမှလုပ်ပေးစရာမလိုပါဘူး။ လက်မောင်းရိုးကျိုးရင်လည်း ကျောက်ပတ်တီးစည်းစရာ မလိုပါဘူး။ လက်မောင်းရိုးကို ကိုယ်ခန္ဓာနဲ့ တည့်တည့်ကပ်ပြီးထားကာ ပတ်တီးစည်းပေးထားရပါမယ်။ အချိန်သုံးပတ်လောက်ကြာရင် အရိုးပြန်ဆက်သွားပါလိမ့်မယ်။”

Q. မွေးရာပါအရိုးပါးရောဂါရှိတဲ့ ကလေးတွေက ဘယ်အချိန်မှာ အရိုးစတင်ကျိုးတတ်ပါသလဲဆရာ။

A. မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေက အများအားဖြင့် မွေးပြီးမကြာခင်မှာ စကျိုးတတ်ပါတယ်။ တချို့ကလေးတွေကျတော့ အသက်နည်းနည်းကြီးမှ ကျိုးတာလည်းရှိပါတယ်။ ရောဂါသိပ်ဆိုးတဲ့ ကလေးတွေမှာတော့ မွေးပြီးမကြာခင်မှာ ကျိုးတတ်ပါတယ်။ ဆိုးဆိုးရွားရွား ကျိုးတတ်ပါတယ်။ စာရင်းတွေအရ ၅၁ ရာခိုင်နှုန်းက မွေးကတည်းကကျိုးတတ်ပြီး ၁၅ ရာခိုင်နှုန်းကတော့ သိပ်မဆိုးတဲ့ ရောဂါဖြစ်တယ်လို့ သိရပါတယ်။ သိပ်မဆိုးတဲ့ ရောဂါဖြစ်သူကလေးတွေက သွားလာလှုပ်ရှားနိုင်ပြီး ပုံမှန်အတိုင်း လုပ်ကိုင်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အရိုးကျိုးတာအပြင် ခါရိုးလည်း လိမ်နေတတ်ပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါ ပါလာမှန်း ဘယ်လိုအချက်တွေကိုကြည့်ပြီး သိသာပါသလဲ ဆရာ။

A. ကလေးက ငယ်ငယ်ကတည်းက အရိုးခဏခဏကျိုးရင်၊ မျက်ဝန်းကပြာနေရင် မွေးရာပါ အရိုးပါးရောဂါရတယ်လို့ သိသာပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါကို ကုသမှုအကြောင်းလည်း သိပါရစေဆရာ။

A. မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေကို မခွဲမစိတ်ဘဲ ကုတာများပါတယ်။ ကျိုးနေတဲ့အရိုးကို မကောက်အောင် ထိန်းထားပေးပါတယ်။ တေ့အောင် Splinting နည်းနဲ့ ထိန်းထားပေးပါတယ်။ အရိုး၊ အဆစ်ကိုထိန်းတဲ့ ပစ္စည်း (Orthotics)နဲ့ ထိန်းထားပေးပါတယ်။ အရိုးကျိုးတာကို သံချောင်းတွေ၊ သံကွင်းတွေနဲ့ Bracing နည်းနဲ့ ထိန်းပေးပါတယ်။ ဒီလိုနည်းတွေနဲ့ မရတဲ့ သိပ်ဆိုးတဲ့ ရောဂါအဆင့်ဆိုရင်တော့ ခွဲစိတ်ကုသမှု ပေးရပါတယ်။ အရိုးကိုတည့်အောင် ပြုပြင်ပြီး ခွဲစိတ်ကုသလို့ ရပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါ ရှိတဲ့ကလေးတွေ အရိုးမကျိုးအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။

A. မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေ အရိုးမကျိုးအောင်တော့ ဂရုစိုက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အရိုးမကျိုးရင်တောင် ပုံမှန်ကလေးတွေလိုတော့ ဖြစ်မလာနိုင်ပါဘူး။ ကုသမှုပေးတာကြောင့် အသက်ကြီးလာရင် အရိုးကျိုးတဲ့နှုန်း ကျသွားနိုင်ပါတယ်။ လတ်ဆတ်တဲ့အစားအသောက်၊ လေ့ကျင့်ခန်း၊ ငါးကြေးဆီ (Cod-liver Oil)၊ X- ray Therapy၊ ဗီတာမင်စီ၊ ဖလိုရိုက်၊ ကယ်လ်စီတိုနင် (Calcitonin) စတာတွေကိုပေးပြီး ကုသမှုပေးတယ်လို့တော့ စာတွေထဲမှာ ဆိုထားပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါရှိတဲ့ ကလေးတွေကို ကျောင်းထားလို့ရပါသလားဆရာ။

A. မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေက သိပ်မဆိုးရင် ကျောင်းထားလို့ရပေမယ့် တခြားကလေးတွေနဲ့ ရောပြီးထားလို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကလေးတွေကဆော့တော့ တစ်ယောက်နဲ့တစ်ယောက် တွန်းတာ၊ ပုတ်တာတွေကြောင့် မွေးရာပါအရိုးပါးရောဂါရှိတဲ့ ကလေးတွေက အရိုးကျိုးနိုင်ခြေ များပါတယ်။ ဒါကြောင့် ရောဂါအခြေအနေ သိပ်မဆိုးတဲ့ ကလေးတွေကို သီးသန့်ကျောင်းထားပေးမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

Q. မွေးရာပါအရိုးပါးရောဂါနဲ့ လွဲမှားတတ်တဲ့ ရောဂါမျိုးရော ရှိပါသလားဆရာ။

A. မွေးရာပါ အရိုးပါးရောဂါနဲ့ လွဲမှားတတ်တဲ့ ရောဂါရှိပါတယ်။ အဲဒါက Battered Baby Syndrome လို့ ခေါ်ပါတယ်။ ကလေးတွေကို ညင်းဆဲ၊ ရိုက်နှက်တာကြောင့်ဖြစ်တဲ့ အရိုးကျိုးတဲ့ ရောဂါစုပါ။ ဒါက မိထွေး၊ ပထွေးတွေက ရိုက်နှက်ညှင်းပမ်းတာ ခံရတဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါက မွေးရာပါ အရိုးပါးရောဂါပါလာတာ မဟုတ်ပါဘူး။

Q. မွေးရာပါအရိုးပါးရောဂါရှိတဲ့ ကလေးတွေက အသက်ရှည်တတ်ပါသလားဆရာ။

A. မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေအနက် သိပ်ဆိုးတဲ့ အခြေအနေမှာဆိုရင် မွေးကတည်းက အရိုးတွေကျိုးပြီး ဆုံးသွားတတ်ပါတယ်။ ရောဂါအခြေအနေသိပ်မဆိုးတဲ့အဆင့်မှာဆိုရင် ကောင်းနေတတ်ပါတယ်။ အသက်ရှည်ရှည်လည်း နေရနိုင်ပါတယ်။ မွေးရာပါ အရိုးပါးရောဂါရှိတဲ့ ကလေးတွေ အရိုးကျိုးလို့ လာပြတာကို ဆရာတို့ တွေ့ဖူးပါတယ်။ တစ်လောက နိုင်ငံခြားသားတစ်ယောက် အသက် ၆၀ ကျော်အရွယ်လောက်လည်း မွေးရာပါ အရိုးပါးရောဂါရှိပေမယ့် ကျန်းကျန်းမာမာ သွားလာလုပ်ကိုင်နိုင်တာကို တွေ့ရတယ်။ အရပ်ကတော့ ပုနေပေမယ့် ပုံမှန်လူကောင်းလိုပဲ နေထိုင်လှုပ်ရှားနိုင်တာ တွေ့ရပါတယ်။ ဒါက ရောဂါအခြေအနေ သိပ်မဆိုးတဲ့ အဆင့်ဖြစ်လို့ပါ။

Q. ကလေးမွေးတဲ့အချိန်မှာ အရိုးကျိုးတာကကော ဒီမွေးရာပါ အရိုးပါးရောဂါနဲ့ ဘယ်လိုကွဲပြားပါသလဲ ဆရာ။

A. ကလေးမွေးတဲ့အချိန်မှာ အရိုးကျိုးတာကို ဆေးပညာအရ Birth Fracture (မွေးဖွားမှုခက်ခဲမှုကြောင့် အရိုးကျိုးခြင်း)လို့ ခေါ်ပါတယ်။ သဘာဝနည်းနဲ့ ကလေးမွေးတာကြောင့်ဖြစ်တတ်ပြီး ကလေးရဲ ့ညှပ်ရိုး၊ လက်မောင်းရိုးနဲ့ ပေါင်ရိုးတွေကျိုးတာ အဖြစ်များပါတယ်။

Q. မွေးဖွားမှု အခက်အခဲကြောင့် ကလေးအရိုးကျိုးတယ်ဆိုတာ ဘယ်လိုသိနိုင်ပါသလဲ ဆရာ။

A. ကလေးမှာ အရိုးကျိုးနေတဲ့အခါ အဲဒီနေရာမှာ ရောင်နေတာ၊ နာနေတာ၊ ကောက်နေတာတွေ ဖြစ်တတ်ပြီး လှုပ်ရှားမှုကလည်း ပုံမှန်မလုပ်နိုင်တာကို တွေ့ရပါတယ်။

Q. မွေးဖွားမှုအခက်အခဲကြောင့် ကလေးအရိုးကျိုးနေရင် ဘယ်လိုကုသမှု ပေးရပါသလဲဆရာ။

A. ကျိုးတဲ့အရိုးက ညှပ်ရိုးဖြစ်ရင် သူ့အလိုလို ပြန်ဆက်သွားမှာပါ။ ဘာမှလုပ်ပေးစရာမလိုပါဘူး။ လက်မောင်းရိုးကျိုးရင်လည်း ကျောက်ပတ်တီးစည်းစရာ မလိုပါဘူး။ လက်မောင်းရိုးကို ကိုယ်ခန္ဓာနဲ့ တည့်တည့်ကပ်ပြီးထားကာ ပတ်တီးစည်းပေးထားရပါမယ်။ အချိန်သုံးပတ်လောက်ကြာရင် အရိုးပြန်ဆက် သွားပါလိမ့်မယ်။ ပေါင်ရိုးကျိုးရင်တော့ ပေါင်နဲ့ခန္ဓာကိုယ်ကြားကို ပတ်တီးခံပြီး စည်းထားရပါမယ်။ ဓာတ်မှန်ရိုက်လိုက်လို့ ဓာတ်မှန်ထဲမှာ နည်းနည်းကောက်နေတယ်ဆိုရင်တောင် စိုးရိမ်ဖို့မလိုပါဘူး။ ကလေးတွေမှာ အရိုးဆက်တာမြန်တဲ့အတွက် သူ့အလိုလို ပြန်ကောင်းသွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top