Healthy Life Ad
Health Tips

လိင်တူချစ်သူ အမျိုးသားများနှင့် စိတ်ကျန်းမာရေး

ဂေး၊ လိင်တူချစ်သူနဲ့ MSM အများစုမှာ စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေ ပိုများပေမယ့် သူတို့တွေက စိတ်ကျန်းမာရေးကောင်းမွန်အောင် ထိန်းထားနိုင်စွမ်းရှိပါတယ်။ တခြားလူတွေလိုပဲ MSM အများစုဟာ စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ခွဲခြားဆက်ဆံခံရတာ၊ လူအများရဲ ့ပြစ်တင်ရှုံ ့ချခံရတာ စတဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဆိုးကျိုးအများစုကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်စွမ်း ရှိပါတယ်။

တကယ်တော့ လိင်တူချင်း ချစ်ကြိုက်တာ၊ စုံမက်တာက စိတ်ပိုင်းဆိုင်ရာဝေဒနာ မဟုတ်ပါဘူး။ လိင်တူချင်းချစ်ကြိုက်တဲ့အတွက် ခွဲခြားဆက်ဆံခံရတာ၊ အသိုင်းအဝိုင်းကစွန့်ပစ်တာ စတဲ့ အချက်တွေကြောင့်သာ သူတိုရဲ ့ကျန်းမာရေး၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအတွက် ဆိုးကျိုးသက်ရောက်စေတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် လိင်တူချင်းစုံမက်သူတွေဆိုရင် ဒီလိုလူမှုအသိုင်းအဝိုင်းရဲ ့ ဖိနှိပ်ချိုးနှိမ်မှုဒဏ်ကို ခံနိုင်ရည် လျော့နည်းတတ်ပါတယ်။ လေ့လာမှုတွေအရ တခြားအမျိုးသားတွေနဲ့ယှဉ်ရင် လိင်တူချစ်သူတွေမှာ စိတ်ဓာတ်ကျတာ၊ စိတ်ကြွလိုက်၊ ကျလိုက်ဖြစ်တာ၊ ပူပင်သောကများတာ အစရှိတဲ့ ဝေဒနာတွေ အဖြစ်များတတ်တယ်လို့ သိရှိရပါတယ်။

လိင်တူချင်း နှစ်သက်သူတွေက စိတ်ကျန်းမာရေး ထိခိုက်မှုကြောင့် မူးယစ်ဆေးဝါးတွေကို အလွန်အမင်း သုံးစွဲဖြစ်သလို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြေလည်း များပါတယ်။ လိင်တူချင်းနှစ်သက်သူတွေကို HIV လို လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ရှိနေနိုင်တယ်ဆိုတဲ့ လူတွေရဲ ့ထင်မြင်ချက်ကြောင့်လည်း သူတို့ဟာ စိတ်ဖိစီးမှု များတတ်ပါသေးတယ်။

စိတ်ကျန်းမာရေး ကောင်းမွန်စေမည့် သော့ချက်များ

• မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစုဝင်တွေရဲ ့ အားပေးထောက်ပံ့မှုရှိတာက လိင်တူချင်းနှစ်သက်သူတွေ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။

• လိင်တူချင်း နှစ်သက်သူတွေဟာ လူမှုအသိုင်းအဝိုင်း၊ ဘာသာရေးဆိုင်ရာနေရာတွေ၊ အားကစားပြိုင်ပွဲ အစရှိတဲ့ နေရာတွေမှာ ပါဝင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။

• စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားနေရရင် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ တွေ့ဆုံပြီး အားပေးနှစ်သိမ့်မှုကို ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top