Healthy Life Ad
Health Tips

နားဖောက်ရာမှ နားရွက်တွင် ကြီးမားလှသည့် အကျိတ်ဖြစ်ပေါ်လာခဲ့သူ

———၊ ကိုထက် ၊———

အမေရိန်ကန်နိုင်ငံ ဖလာဒီဖီယားမြို ့နယ်ရှိ အ သက် ၂၉ နှစ်အရွယ်ရှိတဲ့ ဂျနီဖာဟာ ကြီးမားလှတဲ့ နားရွတ်ရှိ အကျိတ်တွေကြောင့် နာကျင်မှုတွေ ခံစားနေရပြီး နှစ်အတော်ကြာအောင် စိတ်ဆင်းရဲမှုတွေ တွေ့ကြုံနေခဲ့ရပါတယ်။

ဂျနီဖာဟာ သူ့အသက် ၁၈နှစ်အရွယ်ခန့်မှာ နားပေါက်ဖောက်ခဲ့ပါတယ်။ သူဟာ နားရဲ ့အပေါ်ပိုင်းကို ဖောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နားဖောက်လိုက်ချိန်မှာတော့ သူမျှော်လင့်ထားသလို အဆင်မပြေဘဲ အလွန်နာကျင်တဲ့ဝေဒနာတွေ ခံစားလိုက်ရပါတယ်။ ဒီလိုနာကျင်နေတာက ပိုမိုဆိုးရွားလာပြီး အလုံးအကျိတ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အကျိတ်က တစ်နေ့တခြား ကြီးထွားလာခဲ့ပြီး နာကျင်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာနဲ့ အော့အန်တာ စတာတွေပါ ခံစားရတယ်လို့ သူကဆိုပါတယ်။ ဒီဝေဒနာတွေကို ၁၁ နှစ်ခန့် ခံစားလာရပြီးနောက် သူဟာ ပုံမှန်မဟုတ်တဲ့ အသားလုံးအဖုအကျိတ်တွေကို အထူးကုသပေးနေတဲ့ ဒေါက်တာဆန်ဒရာလီထံ သွားရောက်ပြသခဲ့ပါတယ်။

ဒေါက်တာဆန်ဒရာလီက သူရဲ ့အကျိတ်ကို မြင်လျှင်မြင်ခြင်းပင် အရေပြားထိခိုက်မှုမှတစ်ဆင့် ဖြစ်လေ့ရှိတဲ့ အကျိတ်လုံးဖြစ်ကြောင်းကို သိရှိခဲ့ပါတယ်။

“နားဖောက်ချိန်မှာ နားရွက်က အရိုးနုကိုလည်း ထိခိုက်ခဲ့ပါတယ်၊ သူရဲ ့အသားတစ်သျှူးတွေကိုလည်း အပြင်းအထန်ထိခိုက်မှု ရှိသွားခဲ့တယ်၊ နောက်ဆက်တွဲအနေနဲ့ ဒဏ်ရာဖြစ်မယ်၊ အသားမာတွေဖြစ်မယ်၊ ပြီးရင် ဒီလိုအကျိတ်တွေ ဖြစ်လာလေ့ ရှိပါတယ်”လို့ ဒေါက်တာဆန်ဒရာလီက ပြောပြခဲ့ပါတယ်။

ဒီလိုအကျိတ်မျိုးဟာ အသက် ၃၀ အောက်တွေမှာ အဖြစ်များပြီး တစ်သျှူးတွေကြီးလာပြီး ဖြည်းဖြည်းနဲ့ ကြီးလာတတ်တဲ့အကျိတ်မျိုး ဖြစ်တယ်လို့ ဒေါက်တာလီက ပြောပြခဲ့ပါတယ်။ နားဖောက်မှ ဖြစ်နိုင်တာမဟုတ်ပဲ ခန္ဓာကိုယ်ရဲ ့ဘယ်နေရာမဆို ရုတ်တရက် အပြင်းအထန် ထိခိုက်မှုဖြစ်ပြီးနောက် ဒီလိုအကျိတ်မျိုး ဖြစ်လာတတ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

“အကျိတ်က လေးလည်းလေးလာတယ်၊ နာလည်းနာပါတယ်၊ အရင်ကတော့ ဆံပင်နဲ့ကွယ်ထားပေမယ့် အခုတော့ ဖုံးထားလို့လည်း မရတော့ဘူး၊ သူများတွေရယ်စရာ ဖြစ်လာမှာလည်းစိုးလို့ ဆရာဝန်ဆီလာပြဖြစ်သွားတာပါ”လို့ ဂျနီဖာကပြောပြခဲ့ပါ တယ်။

ဂျနီဖာရဲ ့အကျိတ်ကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့ပေမယ့် အကျိတ်ကကြီးတဲ့အတွက် နားရွက်က အသားတော်တော်များများကိုပါ ဖယ်ထုတ်ပစ်ခဲ့ရတယ်လို့ သိရပါတယ်။ အကျိတ်လေးလုံးရှိပြီး ၁၄ အောင်စခန့် လေးတယ်လို့ သိရပါတယ်။ အကျိတ်ဖယ်ပြီးနောက်ပိုင်း နာတာ၊ မူးတာ စတာတွေ လုံးဝပျောက်ကင်းသွားခဲ့ပြီး နားရွက်ကို အမြဲဖုံးနေရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပြီဖြစ်တဲ့အတွက် ဂျနီဖာအနေနဲ့ အလွန်ဝမ်းသာလျက်ရှိပါတယ်။ အကျိတ်ကို ခွဲထုတ်ထားတဲ့ အနာသက်သာသွားချိန်မှာတော့ နောက်ထပ်အကျိတ်တွေ ထပ်မဖြစ်လာအောင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုပြုလုပ်ဖို့ လိုအပ်သေးတယ်လို့လည်း သိရပါတယ်။

(Ref;DM 6-7-2019)

Most Popular

Healthy Life Ad
To Top