Healthy Life Ad
Life Style

သင့်ဇနီး စိတ်ဆိုးချိန်မှာ …

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အလီနော်တို့ဟာ စားသောက်ဆိုင်မှာ ညခုနစ်နာရီလောက် ဆုံတွေ့ပြီး ညစာစားကြဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်မှာ အစည်းအဝေးရှိနေတဲ့အတွက် ကျွန်တော်ချိန်းထားတဲ့ နေရာကိုရောက်ဖို့ အတော်လေးနောက်ကျသွားခဲ့ပါတယ်။

စားသောက်ဆိုင်ကို ကျွန်တော် တစ်နာရီကျော်နောက်ကျပြီး ရောက်သွားတဲ့အခါ ဇနီးသည်ကို ကျွန်တော်နောက်ကျဖို့ မရည်ရွယ်ခဲ့ပါဘူးဆိုပြီး အလုပ်ကြောင့်ဆိုတာ ပြောပြခဲ့ပါတယ်။

ဇနီးက “အော်..အော် ရှင်က နောက်ကျဖို့ မရည်ရွယ်ဘူးပေါ့”ဆိုပြီး ငေါ့ပါတော့တယ်။ “တောင်းပန်ပါတယ်၊ ဘယ်လိုမှ မရှောင်လွှဲနိုင်တဲ့ အကြောင်းကြောင့်ပါကွာ”လို့ ကျွန်တော်ကပြောလိုက်ပါတယ်။ သူကတော့ နောက်ဆုံးမှာတော့ ကျွန်တော်လည်း “အလုပ်လုပ်နေတာတောင် နားလည်မှုမရှိတဲ့မိန်းမ.. ဒီလောက်မှစိတ်ဆိုးရင်လည်း ဆိုးပလေ့စေ”ဆိုပြီး စိတ်တိုဒေါသထွက်လာပါတော့တယ်။

ဒီအဖြစ်အပျက်တွေဖြစ်ပျက်ပြီး သီတင်းပတ်အတော်ကြာတဲ့အခါ ဒီအကြောင်းကို သူငယ်ချင်းဖြစ်သူ မိသားစုကုထုံးဆိုင်ရာ ပါမောက္ခကန်ဟာဒီကို ပြောပြခဲ့တဲ့အခါ သူကပြုံးပါတယ်။

“မင်းက တကယ့်ဂန္တဝင်အမှားတစ်ခုကို ကျူးလွန်ခဲ့တာပဲ.. တကယ်တော့ မင်းက မင်းဘက်ကအမြင်ကိုပဲကြည့်ပြီး ပြောခဲ့တာ.. နောက်ကျဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ လိုရင်းအဖြေမဟုတ်ဘူး.. မင်းနောက်ကျတာကြောင့် အလီနော်အတွက် ဘယ်လိုထိခိုက်မှု ဖြစ်သွားရတယ်ဆိုတာကို အရင်ဆုံး မင်းစဉ်းစားပြီး ဖြေရှင်းဖို့လိုတယ်”လို့ အကြံပေးခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်မှာ ကျွန်တော်က ဦးတည်ချက်လားရာကို အာရုံစိုက်ပြီး ကျွန်တော့်ဇနီးက ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို တွေးပူပန်တတ်တဲ့အတွက် မကြာခဏ အချေအတင် အငြင်းပွားရတတ်ပါတယ်။ နောက်ဆုံးမှာ နှစ်ယောက်စလုံး နားလည်မှုတွေလွဲပြီး စိတ်တိုဒေါသထွက်တာနဲ့ချည်း အဆုံးသတ်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော့်အနေနဲ့ ရန်ပွဲတစ်ခုကို ဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို နားလည်မှုမရှိတာကြောင့် ဖြစ်နေတာလို့ ကန်ဟာဒီက သုံးသပ်ပါတယ်။

ဇနီးမောင်နှံတွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲ ရန်ဖြစ်ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်ကြပါစေ၊ သင်ရဲ့အပြုအမူကြောင့် သင့်အိမ်ထောင်ဖက် ထိခိုက်မှုဖြစ်ရတယ်ဆိုတာကို အမြဲတွေးတောသင့်ပါတယ်။ စိတ်တိုနေတဲ့အချိန်မှာ ဖြစ်ချင်တာတွေ၊ ဖြစ်ပြီးတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို ခဏတာရပ်ထားလိုက်ပါဦး။ သူက ဘာတွေခံစားနေရတာလဲ၊ သူဘာဖြစ်ချင်တာလဲ စတာတွေကို အရင်ဆုံး တွေးတောပေးလိုက်ပါ။ အဲဒီအချိန်မှာ ပြောသင့်တာက “မင်းစိတ်ဆိုးနေမယ်ဆိုတာ ကိုယ်သိပါတယ်ကွာ.. တစ်နာရီတိတိ စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်.. ပြီးတော့ ကိုယ်နောက်ကျတာ ဒါပထမဆုံး အချိန်လည်းမဟုတ်ဘူးလေ.. ဒါပေမဲ့ အလုပ်က အစည်းအဝေးကြောင့် ကိုယ်စောထွက်လို့ မရခဲ့ဘူး.. ဒီနေ့ညမျိုးမှာ တော်တော်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်ကွာ”ဆိုတဲ့ စကားမျိုးကို ပြောလိုက်ရင် သင့်ဇနီးစိတ်မပြေတဲ့တိုင် အလွန်အမင်းစိတ်ဆိုးမာန်ဆိုး ဖြစ်နေမှာမဟုတ်ပါဘူး။

တခြားကိစ္စတွေမှာလည်း အလားတူပါပဲ.. အိမ်ထောင်ရေးမှာ အရာရာတိုင်း စိတ်တူ၊ ကိုယ်တူရှိနေတာ မဟုတ်တဲ့အတွက် သူဘာဖြစ်ချင်တယ်၊ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြရင်း ကျွန်တော်သူ့အပေါ် စာနာစိတ်နဲ့ ညှိနှိုင်းလုပ်ဆောင်လာတော့ အိမ်ထောင်ရေးလည်း သာယာလာပါတယ်။ ဒီကြားထဲ ဇနီးသည်အပေါ်မှာ ပျက်ကွက်တာ၊ ချိန်းထားပြီး နောက်ကျတာ၊ အထိမ်းအမှတ်နှစ်ပတ်လည်နေ့၊ မွေးနေ့ စတာတွေကို မေ့လျောနေတာရှိရင်တော့ ကိုယ့်အမှားကိုသိပြီး သူ့စိတ်ခံစားချက် ပြေလျော့အောင် တောင်းပန်ရတာပေါ့ဗျာ.. ကဲ ခင်ဗျားရော ခင်ဗျားဇနီး စိတ်ဆိုးတဲ့အခါ ဘယ်လိုတောင်းပန်မလဲ.. ။

Most Popular

Healthy Life Ad
To Top