Healthy Life Ad
Q & A

အသက်ကြီးချိန်မှာ ခါးမကုန်းအောင် ဘယ်လိုကာကွယ်သင့်သလဲ . . .

—–၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ခါးမကုန်းအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။

A. ဆရာတို့ဆီမှာ အမြဲလိုလို အတွေ့ရများတဲ့ အရိုးပါးရောဂါကြောင့် ခါးကုန်းတယ်ဆိုရင်တော့ ကာကွယ်မှုက အဓိကပါပဲ။ အရိုးပါးရောဂါကို ကာကွယ်တဲ့အနေနဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတွေ မှီဝဲရမယ်။ တခြားကာကွယ်တဲ့ Sodium Aladronate ဆိုတဲ့ဆေးတွေ မှီဝဲသင့်တယ်။ ပြီးတော့ အနေအထိုင် ဆင်ခြင်ပြီးတော့ ခါးမကုန်းအောင် ကုန်းကုန်းကွကွနဲ့ အလုပ်မလုပ်သင့်ပါဘူး။ နောက်တစ်ခုက အလေးအပင် မ,မသင့်ဘူး။ လမ်းသိပ်ဆိုးတဲ့အခါ မော်တော်ကားဆောင့်ရင်လည်း ကျိုးနိုင်တယ်။

ဆိုက်ကာစီးရင်း ဆိုက်ကားချိုင့်ထဲကျလို့ အရိုးကျိုးသွားတဲ့ အဘွားကြီးတစ်ယောက် လာပြဖူးပါတယ်။ တီဘီရောဂါရှိရင်လည်း အရိုးကိုမစားခင် စောစောစီးစီး ရောဂါတွေ့ရှိကုသလို့ရအောင် စစ်ဆေးပါ၊ ကုသပါလို့ ပြောချင်ပါတယ်။ တခြားရောဂါမှာလည်း သင့်တော်တဲ့ ကုသမှုတွေကို ခံယူရပါမယ်။ ဥပမာ-မွေးရာပါ အရိုးပုံမှန်မဖြစ်တဲ့ အခြေအနေဆိုရင်လည်း စောစောစီးစီး ကုသသင့်ပါတယ်။ နောက်ကျသွားရင် ခက်ခဲသွားနိုင်လို့ပါ။

Q. အရိုးပါးတာကြောင့် ခါးကုန်းပြီးသူတွေမှာ ခါးပြန်မတ်အောင် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ ဆရာ။

A. အရိုးပါးရောဂါကြောင့် အရိုးတွေက ပြားသွားတဲ့အခြေအနေမှာ ကျိုးသွားတဲ့အရိုးကို ပြန်မတ်သွားအောင် ပစ္စည်းထည့်၊ ပြီးတော့ Bone Cement ထည့်ပြီး ဆန့်လိုက်လို့ရပါတယ်။ ဒီနည်းလမ်းတွေကို ဆရာတို့ဆီမှာ သိပ်မလုပ်သေးပါဘူး။ ဈေးကြီးလို့ပါ။ ပစ္စည်းတွေက ရှားပါတယ်။ ဒီနည်းလမ်းကို လုပ်တာကြောင့် ခါးကဆန့်သွားပြီး ကြည့်ရတာ ပိုကောင်းလာတယ်။ ခါးနာတာ၊ ကျောနာတာလည်း သက်သာသွားမယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်။

“အမြဲလိုလို အတွေ့ရများတဲ့ အရိုးပါးရောဂါကြောင့် ခါးကုန်းတယ်ဆိုရင်တော့ ကာကွယ်မှုက အဓိကပါပဲ။ အရိုးပါးရောဂါကို ကာကွယ်တဲ့အနေနဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတွေ မှီဝဲရမယ်။ တခြားကာကွယ်တဲ့ Sodium Aladronate ဆိုတဲ့ဆေးတွေ မှီဝဲသင့်တယ်။ ပြီးတော့” . . .

Q. ခါးကုန်းတဲ့အခါ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။

A. ခါးကုန်းတဲ့သူတွေအနေနဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ ကြည့်လို့မကောင်းတာ၊ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်တာ စတာတွေက ခါးကိုပြန်ဆန့်အောင်လုပ်မှ သက်သာမှာပါ။ တကယ်လို့ မလုပ်နိုင်ရင် အရိုးပါးရောဂါကြောင့် ခါးနဲ့ကျောရိုးကျိုးပြီး ခါးကိုင်းတဲ့အခါ ကျောကအရိုးတွေ ဆက်မကျိုးအောင် ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ တခြားသင့်တော်တဲ့ဆေးတွေ ပေးရပါမယ်။ ပြီးတော့ လဲမကျအောင်၊ မကျိုးအောင် ဂရုစိုက်ဖို့ မှာရပါတယ်။ ကုန်းကုန်းကွကွမနေနဲ့၊ ခါးကိုဆန့်ပြီးနေပါ၊ ပစ္စည်းတစ်ခုခု ကုန်းကောက်ရမယ့် အလုပ်ရှိရင် သူများကိုလုပ်ခိုင်းပါ၊ ကိုယ်တိုင်မလုပ်သင့်ပါဘူး။

Q. ကိုယ်အလေးချိန်များရင် ပိုဆိုးနိုင်သလား ဆရာ။

A. ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဝနေရင် ဝန်ပိုပိပြီး ပိုဆိုးနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့် အရိုးပါးရောဂါဖြစ်ပြီး ခါးရိုးကျိုးတဲ့သူတွေက ပိန်ပိန်ပါးပါးတွေ များပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ခါးကိုင်းရင် ခါးနဲ့ဝမ်းဗိုက်လေ့ကျင့်ခန်းတွေလုပ်ရင် သက်သာပါတယ်။ လူငယ်တွေဖြစ်တာတော့ အသက်ကြီးတဲ့ အဘွားကြီးတွေမှာ ဖြစ်တာထက်စာရင် ပိုနည်းပါတယ်။

Q. ခါးကုန်းတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

A. ဆရာတို့အနေနဲ့ အတွေ့များတာက အသက်ကြီးတဲ့ အဘွားကြီးတွေမှာ ပိုအဖြစ်များပါတယ်။ ငယ်ငယ်တုန်းက တချို ့အမျိုးသမီးတွေ အရပ်အမောင်း ထောင်ထောင်မောင်းမောင်းတွေနဲ့ ကြည့်ကောင်းခဲ့ပေမယ့် အခုအချိန်မှာ ခါးကကုန်းလာတော့ အရပ်ပါပုသွားပါတယ်။ အရပ်က ငါးလက်မလောက် ပုသွားတဲ့အတွက် တစ်ချိန်က ထောင်ထောင်မောင်းမောင်း လူတွေက ခါးကုန်းသွားတော့ ပုသွားတယ်။ အသက်အန္တရာယ်မပေးဘူးဆိုပေမယ့် ကြည့်လို့မကောင်းတော့ဘူး။ နောက်တစ်ခုက ကျန်းမာရေး ထိခိုက်သွားပါတယ်။ ဒါကြောင့် အရိုးပါးရောဂါနဲ့ ပတ်သက်ရင် တတ်နိုင်သမျှ ကာကွယ်မှုတွေ လုပ်သင့်ပါတယ်။

ဆရာတို့နိုင်ငံမှာ ပေါပေါများများရှိတဲ့ နွားနို့ကိုသောက်ကြပါ၊ Lactose Intolerance ဖြစ်လို့ နွားနို့နဲ့မတည့်ရင် နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်ကို သောက်ကြပါ။ နွားနို့တစ်ဖန်ခွက်သောက်ရင် ကယ်လ်စီယမ် ၃၀ဝ မီလီဂရမ်လောက် ရပါတယ်။ နွားနို့နှစ်ခွက်လောက် သောက်လိုက်ရင် ၆၀ဝ လောက်ရနေပါပြီ။ ဆရာတို့လူမျိုးတွေရဲ ့ တစ်နေ့စားသမျှ အစားအသောက်ထဲက ရရှိတဲ့ ကယ်လ်စီယမ်ပမာဏက ပျမ်းမျှအားဖြင့် ၃၀ဝ မီလီဂရမ် ဝန်းကျင်လောက်ပဲ ရှိပါတယ်။ စင်ကာပူနိုင်ငံသားတွေတောင် စားသမျှထဲကရတဲ့ ကယ်လ်စီယမ်ပမာဏက ၄၀ဝ လောက်ပဲရှိပါတယ်။ ဒါကြောင့် တစ်နေ့တာလိုအပ်တာထက် နည်းလွန်းတဲ့အတွက် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို သောက်ကိုသောက်သင့်ပါတယ်။

တချို ့လူတွေက ကယ်လ်စီယမ်သောက်ရင် ကျောက်တည်နိုင်တယ်ဆိုပြီး ပြောကြတယ်။ ဒါလည်းမဟုတ်ပါဘူး။ ဆရာတို့တိုင်းပြည်မှာ ကယ်လ်စီယမ်များလို့ ကျောက်တည်မယ်ဆိုရင် ကျောက်တည်တဲ့သူရှိမှာတောင် မဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top