Healthy Life Ad
Health Tips

ဘဝမှာ တစ်ကြိမ်တစ်ခါမှ နာမကျန်းမဖြစ်ဖူးသူ အမျိုးသားတို့၏ လျှို ့ဝှက်ချက်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးကောင်းစေတဲ့ လျှို ့ဝှက်ချက်က အထူးတလည်တော့ မရှိပါဘူး။ ကျောင်းနဲ့အလုပ်မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်စတာတွေနဲ့ ထိတွေမှု့ကို ရှောင်ရှားတာလိုမျိုး ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာဖို့ လိုပါတယ်။ ဒီလိုရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကောင်းတွေကို လိုက်နာခဲ့လို့ ဘဝမှာ တစ်ကြိမ်မှ နာမကျန်းမဖြစ်ဖူးတဲ့ အမျိုးသားတွေရဲ ့ လျှို ့ဝှက်ချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) အစိမ်းရောင် များများစားခြင်း

အစိမ်းရောင်ဟင်းသီးဟင်းရွက်မှာ ဗီတာမင်ဓာတ် ပါဝင်မှုများတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေပါတယ်။ လေ့လာမှုတစ်ရပ်အရ ဟင်းသီးဟင်းရွက်တွေ များများစားတာကြောင့် ဆဲလ်တွေအတွက် အထူးလိုအပ်တဲ့ ပရိုတင်းဓာတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

(၂) ဗီတာမင်ဒီ လုံလောက်စွာရရှိခြင်း

ဗီတာမင်ဒီချို့တဲ့သူတွေဟာ အရိုးကြီးထွားမှု အားနည်းတာ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာနဲ့ ကိုယ်ခံစွမ်းအားစနစ် ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ နံနက်ခင်း နေခြည်နုနုနဲ့ ထိတွေ့မှုကြောင့် ဗီတာမင်ဒီ အလုံအလောက် ရရှိတဲ့ အမျိုးသားတွေက အသက်ရှူလမ်းကြောင်း ကူးစက်ပိုးဝင်နိုင်ခြေ နည်းပါးတာကို လေ့လာတွေ့ရှိရပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်ခြင်း

တစ်ပတ်မှာသုံးကြိမ် လမ်းလျှောက်တာလိုမျိုး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး သန်စွမ်းအောင်နေထိုင်တဲ့ အမျိုးသားတွေဟာ ရောင်ရမ်းမှုနဲ့ နာတာရှည်ရောဂါတွေ ကင်းစင်နေပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျပြီး ရောဂါကို တွန်းလှန်နိုင်စေတဲ့အပြင် အအေးမိဝေဒနာမရအောင် ကာကွယ်နိုင်ပါတယ်။

(၄) အိပ်ရေးဝ၀ အိပ်စက်ခြင်း

အိပ်ရေးဝ၀ အိပ်စက်အနားယူပေးရင် ဗိုင်းရပ်စ်ပိုးတွေနဲ့ ထိတွေ့မှုခံရတဲ့အခါ ကောင်းကောင်းတုံ့ပြန်နိုင်ပြီး နာမကျန်းမှု ကင်းဝေးနေတတ်ပါတယ်။ တစ်ညရှစ်နာရီ အိပ်စက်သူတွေဟာ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်စွမ်း သိသိသာသာ ကောင်းမွန်တတ်ပါတယ်။ တစ်ညခုနစ်နာရီအောက် အိပ်စက်သူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ပြီး နာမကျန်းမှုဖြစ်နိုင်ခြေ သုံးရာခိုင်နှုန်းခန့် ပိုများပါတယ်။ အိပ်စက်အနားယူနေချိန်မှာ ခန္ဓာကိုယ်ကနေ ဆိုင်တိုကိုင်းဆိုတဲ့ ပရိုတင်းတစ်မျိုး ထွက်ရှိပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေကာ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။

(၅) စိတ်အေးလက်အေး နားနေခြင်

အရင်ကတည်းက နာတာရှည်စိတ်ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုက ဆက်စပ်မှုရှိတယ်လို့ ဆရာဝန်တွေက ထင်မြင်ခဲ့ကြပါတယ်။ နာတာရှည် စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲကနေ ကော်တီစောလို စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းထွက်ရှိပြီး ရောင်ရမ်းတာ၊ ရောဂါပိုးဝင်လွယ်တာနဲ့ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းတာတို့ ဖြစ်တတ်လို့ပါ။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ကျစေဖို့ ယောဂကျင့်တာ၊ တရားထိုင်တာတို့ကို လုပ်ဆောင်ရင်း စိတ်အေးချမ်းအောင် အနားယူတာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၆) လက်ဖက်စိမ်းလက်ဖက်ရည် သောက်ခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ဖလေဗနွိုက်ပမာဏများများ ပါဝင်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိရှိခဲ့ကြပါတယ်။ နေ့စဉ် ကော်ဖီနဲ့အချိုရည်အစား လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်တာကြောင့် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေတို့ကိုပါ လျော့ကျစေပါတယ်။

(၇) အယ်လ်ကိုဟောကို ရှောင်ခြင်း

လေ့လာမှုအသစ်အရ အရက်သောက်တာကြောင့် ခန္ဓာကိုယ်ရဲ ့ ကိုယ်ခံစွမ်းအားစနစ်မှာ အဓိကပါဝင်တဲ့ ဆဲလ်တွေကို ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ အရက်အလွန်အမင်းသောက်တာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေများပြီး နာမကျန်းမှု ဖြစ်စေနိုင်ပါတယ်။

(၈) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း

နာတာရှည်ရောဂါဝေဒနာနဲ့ အထီးကျန်မှုအကြား ဆက်စပ်မှုရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အထီးကျန်တာကြောင့် စိတ်ဖိစီးမှုကိုတိုးစေပြီး ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို နှေးစေကာ အနာကျက်နှုန်းကိုလည်း နှေးစေပါတယ်။

(၉) ရောင်စုံစားသောက်ခြင်း

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရောင်စုံစားသောက်တာကြောင့် ဗီတာမင်စီလို ဗီတာမင်ဓာတ်တွေ များများရရှိစေပါတယ်။ ဗီတာမင်စီများများ မှီဝဲထားရင် စိတ်ဖိစီးမှု ခံစားရချိန်မှာ အအေးမိဝေဒနာနဲ့ တုပ်ကွေးမဖြစ်အောင် တွန်းလှန်နိုင်ဖို့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၁၀) တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်း

ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာအရ အသက်ခြောက်လကျော်အရွယ်တိုင်း နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံသင့်တယ်လို့ ဆိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို ပုံမှန်ထိုးနှံထားတဲ့ အမျိုးသားတွေက နာမကျန်းမှုမဖြစ်ကြပါဘူး။

(၁၁) လက်ကို ပုံမှန်ဆေးကြောသန့်စင်ခြင်း

ပိုးမွှားတွေကို ရှောင်ရှားတဲ့နည်းနဲ့ နာမကျန်းမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အစာမစားခင်၊ အစာကို မပြင်ဆင်ခင်၊ မျက်ကပ်မှန်မတပ်ခင်နဲ့ မျက်လုံး ဒါမှမဟုတ် ပါးစပ်ထဲ ပစ္စည်းအသုံးအဆောင် တစ်ခုခုမထည့်ခင် လက်ကို ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ လက်ဆေးတဲ့အခါ လက်သည်းကြားတွေပါမကျန် စက္ကန့် ၂၀ ကြာ ပွတ်သပ်ပြီး ဆေးကြောပေးပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှူးနဲ့ အုပ်ပေးပါ။ အပြင်သွားတဲ့အခါ အယ်လ်ကိုဟောအခြေခံ လက်ဆေးဆပ်ပြာရည်ကို ဆောင်သွားပါ။ ကီးဘုတ်၊ တယ်လီဖုန်း၊ တံခါးလက်ကိုင်နဲ့ ရီမုတ်ကွန်ထရိုးတို့လို အများသုံးကိရိယာ မျက်နှာပြင်တွေကို ဆေးကြောပေးပါ။

(၁၂) အသုံးအဆောင်များကို သီးသန့်ထားရှိခြင်း

တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက နှစ်နာရီကနေ ၂၄ နာရီအထိ ရှင်သန်နေနိုင်ပါတယ်။ ပိုးမွှားတွေက မိသားစုဝင်တွေအကြား နာရီပေါင်းများစွာ ကြာတဲ့အထိ ပျံ ့နှံ့စေနိုင်ပါတယ်။ ဒီလို ရောဂါပိုးမွှား ပျံ ့နှံ့ကူးစက်မှုမရှိစေဖို့ သွားတိုက်တံ၊ မျက်နှာသုတ်ပဝါ စတဲ့ တစ်ကိုယ်ရေအသုံးအဆောင်တွေကို သီးသန့်ထားရှိသင့်ပါတယ်။

(၁၃) ကျန်းမာစွာ တက်တက်ကြွကြွ နေထိုင်ခြင်း

အစကတည်းက ကျန်းမာအောင် နေထိုင်တာက နေမကောင်းတဲ့အချိန်ကျမှ ဂရုစိုက်တာထက်ပိုပြီး ကောင်းတဲ့အကျင့်ကောင်းပါ။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားတာနဲ့ တစ်နေ့လုံး ရေဓာတ်ပြည့်ဝအောင် နေထိုင်တာတို့ကို လုပ်ဆောင်ရင်း တက်ကြွကျန်းမာတဲ့ ဘဝမှာ နေထိုင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top