Healthy Life Ad
Life Style

စိတ်ဓာတ်ကျခြင်း၏ မထင်မရှား သဲလွန်စများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“စိတ်ဓာတ်ကျတာက အသေးအမွှားလက္ခဏာ တစ်ရပ်ဆိုရင် ငိုတာလည်းမရှိ၊ သိသိသာသာ မပျော်ရွှင်တာမျိုးလည်း မရှိတတ်ပါဘူး။ ဒီလို မထင်ရှားပေမယ့် သင့်မိတ်ဆွေ၊ သင့်မိသားစုဝင် ဒါမှမဟုတ် သင်ကိုယ်တိုင် စိတ်ဓာတ်ကျနေတယ်ဆိုတာ သတိပြုနိုင်မယ့် သဲလွန်စတွေကို ဖော်ပြပေးလိုက်ပါတယ်။”

မိမိခံစားချက်ကို ဖုံးကွယ်နေလျှင်

ကာယကံရှင်က စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်သူ တစ်ဦးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။လူ့ပတ်ဝန်းကျင်မှာ လုံးဝအဆင်ပြေတဲ့ ပုံစံနဲ့ အလုပ်တွေကို သေချာဂရုစိုက် လုပ်နေတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေက စားပွဲမျက်နှာပြင်ကို ကုတ်ခြစ်တာမျိုး၊ စားပွဲပေါ်မှာ လက်နဲ့ခေါက်နေတာမျိုး စတဲ့ အပြုအမူတွေကို လုပ်နေတတ်ကြပါတယ်။

ပျော်ခြင်း၊ မပျော်ခြင်းကို ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလျှင်

တစ်စုံတစ်ယောက်က စိတ်ဓာတ်ကျတဲ့အခါ မပျော်ရွှင်တဲ့ စိတ်ခံစားချက်ကို ဖော်ပြလေ့မရှိရင်တောင် အလိုလို ငေးငိုင်နေတတ်ပါတယ်။

အလွန်အလုပ်များသောဘဝကို ဂရုတစိုက် တည်ဆောက်နေလျှင်

စိတ်ဓာတ်ကျသူတွေမှာ ရှိတတ်တဲ့ လက္ခဏာတစ်ရပ်က အလုပ်ကို အလွန်အမင်း လုပ်တတ်တာပါ။ အလုပ်စွဲနေသူလို့ ထင်ရပေမယ့် ဒီအပြုအမူက စိတ်ခံစားချက်ကို ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

မဆင်မခြင် ပြုမူနေလျှင်

အထူးသဖြင့် အမျိုးသားတွေ စိတ်ဓာတ်ကျနေတဲ့အခါ ကားမောင်းတာ၊ လိင်အပျော်အပါးလိုက်စားတာ၊ လောင်းကစားလုပ်တာ၊ အရက်အလွန်အမင်းသောက်တာနဲ့ တခြားလုပ်ဆောင်မှု လုပ်တာတို့လို အန္တရာယ်ရှိတဲ့ အပြုအမူတွေကို မဆင်မခြင် လုပ်မိတတ်ကြပါတယ်။

ဘာကိုမှ ရှင်းလင်းစွာ မစဉ်းစားနိုင်လျှင်

စိတ်ဓာတ်ကျတဲ့ လူတွေမှာ အတွေ့ရများတဲ့ လက္ခဏာက စိတ်ရှုပ်ထွေးနေတာပဲ ဖြစ်ပါတယ်။ သွားတဲ့လမ်းမှာ ပိတ်ဆို့နေသလို ဘာကိုပဲ ဆုံးဖြတ်၊ ဆုံးဖြတ် လိုရင်းကို မရောက်နိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။ အခြေခံကျတဲ့ ကိစ္စတွေမှာတောင် အာရုံစိုက်နိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။

ဒေါသထွက်လွယ်နေလျှင်

လူအများစုက စိတ်ဓာတ်ကျတဲ့အခါ ဝမ်းနည်းတာ၊ ငိုကြွေးတာနဲ့ ညှိုးငယ်တာတို့လို လက္ခဏာတွေ ဖော်ပြလိမ့်မယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒေါသထွက်လွယ်တာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတစ်ရပ်ပါ။ လူအများစုအနေနဲ့ အသေးအမွှားကို ဒေါသထွက်နေတဲ့အတွက် သင့်ကို နားလည်ရခက်နိုင်ပေမယ့် ဒါက စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ မကြာသေးခင်က လေ့လာမှုတစ်ခုအရ အိမ်ထောင်ကွဲထားကာစမှာ ကလေးတွေနဲ့ ကြည်နူးပျော်ရွှင်မှုမရှိတာ၊ အလုပ်မှာ ဒေါသထွက်လွယ်တာ စတဲ့ စိတ်ခံစားချက်တွေ ဖြစ်လွယ်တယ်လို့ သိရပါတယ်။

ယခင်နှစ်ခြိုက်စွာ စွဲလမ်းခဲ့သော အပြုအမူများတွင် မပျော်ရွှင်တော့လျှင်

အရင်က သင်ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေက တစ်ပတ်မှာ ၃-၄ ရက်လောက် အားကစားခန်းမကို သွားတာဖြစ်နိုင်သလို မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဂိမ်းကစားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို သင်ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေကို အခုအခါမှာ လုပ်ချင်စိတ်မရှိတော့ဘူးဆိုရင် ဒါက စိတ်ဓာတ်ကျနေတဲ့ သတိပေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အချိန်အတွင်း ဦးနှောက်အပြောင်းအလဲ ဖြစ်တာကြောင့် အရာရာမှာ စိတ်မပါတော့တာပါ။

အပြစ်ရှိသကဲ့သို့ ခံစားနေရလျှင်

စိတ်ဓာတ်ကျတာကြောင့် သင့်အနေနဲ့ အာရုံစူးစိုက်နိုင်စွမ်း နည်းပါးတတ်သလို တခြားလူတွေကို ဂရုစိုက်နိုင်စွမ်း လျော့ပါးတတ်ပါတယ်။ အဲဒီလိုဖြစ်ရင်း အပြစ်ရှိသလို ခံစားနေရနိုင်ပါတယ်။ ဒါကလည်း စိတ်ဓာတ်ကျနေတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top