Healthy Life Ad
Health Tips

မူကြိုကျောင်းသားအရွယ် ဖွံဖြိုးတိုးတက်မှုချို ့ယွင်းခြင်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

အိမ်နီးနားချင်းမိတ်ဆွေရဲ ့သမီး မစ်အေမီက မူကြိုကျောင်းဆရာမ ဖြစ်ပါတယ်။ တစ်နေ့မှာ စကားစပ်မိလို့ မစ်အေက မေးမြန်းပါတယ်။

“မူကြိုကျောင်းသားအရွယ် ကလေးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု ချို့ယွင်းတာရှိ၊မရှိ ဘယ်လိုသိရှိနိုင်မလဲ”

“အေမီတို့ မူကြိုကျောင်းဆရာသင်တန်းမှာ သင်ကြားခဲ့ရဖူးတဲ့ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်နဲ့ ယှဉ်ကြည့်ရမယ်။ ဥပမာ- ကလေး ၃ နှစ်သားအရွယ်မှာ ပျမ်းမျှတွေ့ရှိရတဲ့ ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင် ဆိုပါတော့”

၃ နှစ်သားအရွယ် ကလေးဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းရင်

“ဘာသာစကား ပြောဆိုနားလည်ခြင်း (Language)၊ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှု(Social And Emotional)၊ အသိဉာဏ် (Cognition) နဲ့ ကိုယ်ခန္ဓာကြီးထွားလှုပ်ရှားမှု (Physical Development And Movement) နဲ့ သက်ဆိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆိုလိုတာလား ဒေါက်တာအုန်း”

“မှန်ပါတယ်။ ၃ နှစ်သားအရွယ်ကလေး ဘာသာစကား ပြောဆိုနားလည်နိုင်မှု ဖွံ့ဖြိုးတိုးတက်ခြင်းက ဘာတွေရှိလဲ။ ဒီအရွယ်မှာ – လွယ်ကူတဲ့အမိန့်ကို နားလည်နိုင်တယ်။ လိုက်နာဆောင်ရွက်နိုင်တယ်။ နေ့စဉ်တွေ့ရှိနေကျ ပစ္စည်းတွေရဲ ့နာမည်ကို ပြောနိုင်တယ်။ မိမိနာမည် အပြည့်အစုံကို ပြောနိုင်တယ်။ မိမိက ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာကို ခွဲခြားသိရှိပြောဆိုနိုင်တယ်။ သူငယ်ချင်းတွေရဲ ့ နာမည်ကို ပြောနိုင်တယ်။ စာကြောင်း တို ၂ ကြောင်း ၃ ကြောင်းသုံးပြီး စကားပြောနိုင်တယ်။ လူစိမ်းသူစိမ်း နားလည်အောင် ပြောနိုင်တယ်။

တကယ်လို့ ၃ နှစ်သားအရွယ်ကလေးက လွယ်ကူတဲ့အမိန့်ကို လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိရင်၊ စကားပြော ဝါးလွန်ရင်၊ စာကြောင်းတိုသုံးပြီး စကားမပြောနိုင်သေးရင် ဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းတယ်လို့ ဆိုနိုင်ပါတယ်”

အေမီကကြားဖြတ်မေးမြန်တယ်။

“မူကြိုကျောင်းတက်စကလေးတချို ့က မိဘနဲ့ခွဲပြီး ကျောင်းမှာမနေရစ်ခဲ့ချင်ဘူး။ အဲဒါ သာမန်မဟုတ်ဘူလို့ ပြောနိုင်သလား”

“ကျောင်းတက်စ ပထမတစ်ရက်-နှစ်ရက်မှာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် တစ်ပတ်အတွင်းမှာ အကျင့်ရသွားတာ တွေ့ရမယ်။ ဒီတော့ အသက် ၃ နှစ်အရွယ်ကလေးတွေမှာ ရှိသင့်တဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှတ်တိုင်တွေကို ပြောပြရမယ်။ ဒီအရွယ်မှာ လူကြီးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေ ပြောဆိုပြုမူတာကို ပုံတူလိုက်ပြီး အတုခိုးပြုမူနိုင်တယ်။ သူငယ်ချင်းတွေကို ခင်မင်ရင်းနှီးတဲ့ အမူအရာပြနိုင်တယ်။ သူငယ်ချင်း ငိုယိုနေတာတွေ့ရင် စိတ်ပူပင်တဲ့ အမူအရာ၊ စိတ်ထဲမှာ ကသိကအောက် ခံစားနေရတဲ့ အမူအရာ ပြနိုင်တယ်။ ကစားတဲ့အခါ အလှည့်ပေးပြီး ကစားနိုင်တာ တွေ့ရမယ်။ စိတ်ခံစားမှုမျိုးစုံ (ကြောက်စိတ်၊ ဒေါသစိတ်၊ စိုးရိမ်စိတ်၊ ဝမ်းနည်းစိတ်၊ ချစ်ခင်စိတ်၊ မကျေနပ်စိတ်)ကို ဖော်ပြနိုင်တယ်။

တကယ်လို့၊ ၃ နှစ်သားအရွယ်ကလေးက သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းကစားခြင်း မရှိရင်၊ သူငယ်ချင်းတွေကို ခင်မင်ရင်းနှီးတဲ့ အမူအရာမပြရင်၊ ဘယ်သူနဲ့ဖြစ်ဖြစ် ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးချင်းဆိုင်မကြည့်တာ အမြဲလိုလို တွေ့ရှိနေရရင် စိတ်ခံစားတုံ့ပြန်မှု ဖွံ့ဖြိုးခြင်း ချို ့ယွင်းတယ်လို့ ယူဆနိုင်တယ်”

အေမီက ဆက်လက်မေးမြန်းတယ်။

“ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးမှု မှတ်တိုင်နဲ့ ပတ်သက်ရင် ဘာကိုလေ့လာရမလဲ။ ကလေးကကျောင်းမှာ သင်ကြားပေးတာကို ဘယ်လောက်အထိ သင်ကြားတတ်မြောက်နိုင်ခြင်း ရှိ၊မရှိကို ကြည့်ရမှာလား”

“သင်ယူတတ်မြောက်နိုင်တဲ့ စွမ်းရည်က အသိဉာဏ်ရည်နဲ့ ဆိုင်ပါတယ်။ အသက် ၃ နှစ်အရွယ် ကလေးမှာ ရှိသင့်တဲ့ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်တွေကို ပြောပြမယ်။ ကလေးချင်းဖြစ်ဖြစ်၊ အရုပ်တွေနဲ့ဖြစ်ဖြစ် ယုံတမ်းကစားနည်းကို ကစားနိုင်တယ်။ မောင်းခလုပ်ပါတဲ့အရုပ်၊ လှုပ်ရှားလို့ရတဲ့ အစိတ်အပိုင်းပါတဲ့ အရုပ်တွေကို ကိုင်တွယ်ကစားနိုင်တယ်။ ခဲတံ ဒါမှမဟုတ် မြေဖြူခဲကို ကိုင်တွယ်ပြီး စက်ဝိုင်းပုံသဏ္ဍန်ကို ကူးယူရေးဆွဲနိုင်တယ်။ ဂဏန်းနံပါတ် ၂ ရဲ့သဘောကို နားလည်ရေတွက်နိုင်မယ်။ စဉ်းတီတုံးလေးတွေကို အသုံးပြုပြီး ရဲတိုက်ဆောက်တမ်း ကစားနိုင်တယ်။ အိမ်တံခါးလက်ကိုင်ကို လှည့်တတ်နိုင်ခြင်း၊ ပုလင်းအဖုံးကို ဝတ်အူလှည့်သလို လှည့်တတ်ခြင်းနဲ့ အပိုင်းအစ ၂ခု-၃ခုပါရှိတဲ့ ဉာဏ်စမ်းပဟေဋ္ဌိ (Puzzles) အရုပ်ပုံကို ဖြေရှင်းနိုင်ခြင်း (ဥပမာ- အပိုင်း ၃ ပိုင်းကိုဆက်ပြီး ငှက်ရုပ်ပုံဖော်ခြင်း) ရှိပါတယ်။

တကယ်လို့ ၃ နှစ်သားအရွယ်ကလေးက၊ ယုံတမ်းကစားနည်းကို မကစားတတ်ရင်၊ လွယ်ကူတဲ့ရုပ်ပုံ ဉာဏ်စမ်းပဟေဋ္ဌိကို ဖြေရှင်းနိုင်ခြင်းမရှိရင်၊ စဉ်းတီတုံးကလေးတွေကိုထပ်ပြီး အိမ်ဆောက်တမ်း၊ ရဲတိုက်ဆောက်တမ်း မကစားတတ်ရင်၊ အိမ်တံခါးလက်ကိုင်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်သလို မကစားတတ်ရင် အသိဉာဏ်ဖွံ့ဖြိုးတိုတက်မှု ချို ့ယွင်းခြင်းရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

ကိုယ်ခန္ဓာကြီးထွားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှတ်တိုင်တွေကတော့ ၃ နှစ်သားအရွယ်ကလေးက လှေကားထစ်တက်နိုင်တယ်၊ ပြေးလွှားကစားနိုင်တယ်၊ သုံးဘီးစက်ဘီးခြေနင်းဒလက်ကိုနင်းပြီး စီးနိုင်တယ်၊ ကုလားထိုင်ပေါ်ကို တက်နိုင်တယ်။

တကယ်လို့ ၃ နှစ်သားအရွယ်ကလေးက မကြာခဏ လဲကျတတ်ရင်၊ လှေခါးထစ်ကိုတက်ဖို့ အခက်အခဲရှိနေရင် ကိုယ်ခန္ဓာကြီးထွားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ခြင်း ချို ့ယွင်းတယ်လို့ ယူဆပါတယ်”

အေမီက သူမအတွေ့အကြုံကို ပြောပြတယ်။

“ကျွန်မတို့ မူကြိုကျောင်းမှာ ကလေးအသက်အရွယ်လိုက်ပြီး အတန်းခွဲထားပါတယ်။ ၃ နှစ်အရွယ်ကလေးနဲ့ ၄ နှစ်အရွယ်ကလေးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု ကွားခြားတာရှိလို့ ဖြစ်ပါတယ်”

“မှန်ပါတယ်”

၄ နှစ်သားအရွယ် ကလေးဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းရင်

“၄ နှစ်သားအရွယ် ကလေးစကားပြောရင် သဒ္ဒါမှန်အောင် ပြောတတ်လာတယ်။ ဥပမာ – “သူ”နဲ့ “သူမ”၊ “ ဦး”နဲ့ “ဒေါ်” စတဲ့ ဖိုမကွဲပြားတဲ့ စကားလုံးတွေကို သုံးစွဲနိုင်တယ်။ ကဗျာတိုကလေးတစ်ပိုဒ်၊ မူကြိုသီချင်းတစ်ပုဒ်ကို အလွတ်ရွတ်ဆိုနိုင်မယ်။ ပုံပြောတတ်တယ်။ အဲဒါဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တချို ့ပါ။

တကယ်လို့ ၄ နှစ်သားအရွယ်ကလေးက လူကြီးနားလည်အောင် စကားမပြောတတ်ရင်၊ ပုံတိုပတ်စကို ပြန်မပြောတတ်ရင်၊ ‘သင်’နဲ့ “ကျွန်တော်/ကျွန်မ” (You နဲ့ Me) ကို မှန်မှန်ကန်ကန် အသုံးစွဲတတ်ရင်၊ ဘာသာစကားဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်”

အေမီက ကြားဖြတ်မေးပါတယ်။

“၄ နှစ်သားအရွယ်ကလေးက အရုပ်တွေနဲ့ အမေ၊ အဖေလုပ်တမ်းကစားရင် စိုးရိမ်ရသလား”

“အဲဒါ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားတုံ့ပြန်ခြင်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုပါ။ ဒီအရွယ်မှာ ယုံတမ်းကစားနည်း အမျိုးမျိုးကို တီထွင်ကစားတတ်ပါတယ်။ တစ်ဦးတည်း ကစားတာထက် အပေါင်းအသင်းနဲ့ ကစားတာကို ပိုမိုစိတ်ဝင်စားတယ်။ တစ်ခြားကလေးတွေနဲ့ စုပေါင်းကစားတတ်တယ်။ ကိုယ်နှစ်ခြိုက်တာ၊ မနှစ်ခြိုက်တာ၊ ကိုယ်စိတ်ပါဝင်စားမှုရှိတာ၊ စိတ်မဝင်စားတာကို ခွဲခြားဖော်ထုတ်ပြောဆိုနိုင်တယ်။ အသစ်အဆန်းတွေကိုလည်း ပိုမိုစိတ်ဝင်စားလာတယ်”

“တကယ်လို့ ၄ နှစ်သားအရွယ် ကလေးက တခြားကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ချင်ဘူး။ ယုံတမ်းကစားနည်းကို စိတ်ဝင်စားမှုမရှိဘူး။ တခြားကလေးတွေနဲ့ စုပေါင်းကစားခြင်း မရှိဘူးဆိုရင် လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားတုံ့ပြန်မှု ဖွံ့ဖြိုးတိုးတက်ခြင်း ချို ့ယွင်းတယ်လို့ ယူဆပါတယ်”

အေမီက သူမအတွေ့အကြုံတစ်ခုကို ပြောပြတယ်။

“ဒီအရွယ်ကလေးတွေက လူရုပ်ပုံဆွဲတာကို စိတ်ဝင်စားတာတွေ့ရတယ်”

“အဲဒါ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်ပါတယ်။ ၄ နှစ်သားအရွယ် ကလေးက ကိုယ်အင်္ဂါပိုင်း ၂ ခုမှ ၄ ခု အထိပါရှိတဲ့ လူရုပ်ပုံကို ရေးဆွဲနိုင်တယ်။ ‘က’ကြီး ‘ခ’ကွေး စတဲ့ အက္ခရာစာလုံးတွေကို ကူးယူရေးသားနိုင်လာတယ်။ အချိန်နာရီရဲ့ သဘောကို စတင်နားလည်လာတယ်။ ပစ္စည်းရေတွက်ခြင်းရဲ့ သဘောကို စတင်နားလည်တယ်။ အရောင်တချို ့နာမည်နဲ့ ကိန်းဂဏန်းတချို ့ အခေါ်အဝေါ်ကို ပြောနိုင်တယ်။ “တူညီခြင်း”နဲ့ “ ကွဲပြားခြင်း” ရဲ့သဘောကို သိရှိနားလည်နိုင်တယ်။ ပုံပြင်ဇာတ်လမ်းတစ်ခုကို နားထောင်းပြီးရင် ဇာတ်လမ်းတချို ့ကို မှတ်မိတယ်။ ပုံပြင်စာအုပ်ဖတ်ပြရင် နောက်ပိုင်းဖြစ်လာမယ့် ဇာတ်ကွက်ကို စိတ်ကူးပြီး မိမိထင်မြင်သလို ပြောတတ်တယ်။

တကယ်လို့ ၄ နှစ်သားအရွယ် ကလေးက၊ စာရွက်ပေါ်မှာ ရေးခြစ်နိုင်စွမ်းမရှိရင်၊ မိမိနှစ်ခြိုက်တဲ့ ပုံပြင်တပိုင်းတစကို ပြန်မပြောနိုင်ရင်၊ “တူညီခြင်း” နဲ့ “ကွဲပြားခြင်း” ရဲ ့ သဘောကို နားလည်ရန်ခက်ခဲရင်၊ လွယ်ကူတဲ့ အဆင့်သုံးဆင့်လုပ်ရမယ့် အမိန့်ကိုနားမလည်ရင်၊ လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိရင် (ဥပမာ – ခဲတံကောက်ကိုင် – စာရွက်ပေါ်မှာ လူပုံဆွဲ – ပြီးရင် ခဲတံကို စားပွဲပေါ်ချထားစတဲ့ အမိန့်မျိုးပါ) – အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းတယ်လို့ ဆိုနိုင်တယ်”

အေမီက ညည်းတွားပါတယ်။

“၄ နှစ်အသက်အရွယ်ကလေးတွေကို ထိန်းသိမ်းရတာ မလွယ်ပါဘူး။ သူတို့က မျောက်ရှုံးအောင် ဆော့ကစားတတ်တယ်”

“အဲဒါ ကိုယ်ခန္ဓာကြီးထွားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်လာလို့ပါ။ ၄ နှစ်သားအရွယ်ကလေးက ခြေထောက်တဖက်ပေါ်မှာ ၂ စက္ကန့်ကြာတဲ့အထိ မတ်တတ်ရပ်နိုင်တယ်။ ခြေထောက်တဖက်တည်းနဲ့ ခုန်ပေါက်နိုင်တယ်။ ပြန်ခုန်နေတဲ့ ဘောလုံးကိုမိအောင် ဖမ်းနိုင်တာများတယ်။ ကြီးကြပ်ပေးရင် ကတ်ကြေး ဒါမှမဟုတ် ဓားသုံးပြီး ဖြတ်တောက်နိုင်တယ်။ ရေခွက်တခွက်မှ တခွက်ကို ပြောင်းလဲလောင်းချတတ်မယ်။ အစားအစာကို လက်နဲ့ခြေမွနိုင်တယ်။

တကယ်လို ၄ နှစ်သားအရွယ် ကလေးက တစ်နေရာတည်းမှာ ခုန်ဆွခုန်ဆွ မလုပ်နိုင်ရင်၊ အဝတ်အစားလဲတာ အခက်အခဲရှိရင်၊ ဆီးဝမ်းထိန်းလေ့ကျင့်တာ အခက်အခဲရှိရင်၊ ကိုယ်ခန္ဓာကြီးထွားလှုပ်ရှားခြင်း ဖွံ့ဖြိုးတိုးတက်မှု ချို ့ယွင်းတယ်လို့ ယူဆနိုင်ပါတယ်”

Most Popular

Healthy Life Ad
To Top