Healthy Life Ad
Health Tips

ကွမ်းစားခြင်းဖြင့် ကိုဗစ်ရောဂါကို မကာကွယ်နိုင်ရုံတင်မက ပိုမိုကူးစက်နိုင်ဟုဆို

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကွမ်းစားခြင်းဖြင့် ကိုဗစ်ပိုးကို မကာကွယ်နိုင်ရုံတင်မက ကိုဗစ်ရောဂါ ပိုမိုကူးစက်နိုင်ကြောင်း ကိုဗစ်အကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးထင်အောင်စောက အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။

“ကွမ်းယာစားတဲ့အခါ ပါတဲ့ထုံးတွေက ကိုဗစ်ကို ကာကွယ်နိုင်သလား၊ ပတ်ဝန်းကျင်မှာ ထုံးဖြူးပြီးတော့ ပိုးသန့်စင်အောင် လုပ်နေတာဆိုတော့ အတူတူပဲလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ပတ်ဝန်းကျင်မှာ ထုံးဖြူးပြီး ပိုးသန့်စင်တာက ကုန်ကျစရိတ်သက်သာတယ်၊ ထိရောက်မှုလည်း ရှိပါတယ်။ တချို ့ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေကို သေစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီထုံးက ကယ်လ်ဆီယမ်အောက်ဆိုက်ဖြစ်တယ်၊ သုံးစွဲတဲ့အခါ သတိထားရပါမယ်၊ လက်တွေ အပူလောင်တတ်လို့ပါ။ ကွမ်းယာထဲထည့်စားတဲ့ထုံးက မတူပါဘူး။ အဲဒါက ကယ်လ်ဆီယမ်ဟိုက်ဒရောဆိုက် ဖြစ်ပါတယ်။ ပိုးသန့်စင်ရာမှာ အသုံးမဝင်ပါဘူး။

ကွမ်းယာစားလို့ ကိုဗစ်ကို မကာကွယ်နိုင်ရုံတင်မကဘူး၊ ကိုဗစ်တောင် ပိုကူးစက်နိုင်ပါတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွမ်းတံတွေးထွေးလို့ ဖြစ်ပါတယ်။ ကိုဗစ်က အားလုံးသိတဲ့အတိုင်း အသက်ရှူလမ်းကြောင်းမှာ ဖြစ်တယ်၊ ပါးစပ်၊ နှာခေါင်းကထွက်တဲ့ အမှုန်အမွှားအရည်တွေထဲမှာ ရှိတယ်၊ ဒါကြောင့် ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးဖို့၊ နှာခေါင်းစည်းတပ်ဖို့ပြောရတာ ဖြစ်တယ်၊ အကာအကွယ်မပါဘဲ စကားပြောရင်တောင် ကူးနိုင်တယ်၊ သီချင်းဆိုရင် ကူးနိုင်တယ်၊ ကွမ်းတံတွေးထွေးသူတွေက နှာခေါင်းစည်းမတပ်သူတွေနဲ့ အတူတူပဲဆိုပြီး အိန္ဒိယမှာဆို ဒဏ်ငွေဆောင်ခိုင်းပါတယ်။ ကွမ်းစားလို့ ကိုဗစ်ကူးစက်နိုင်ရုံသာမက မကူးစက်တတ်တဲ့ တခြားရောဂါတွေလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ ခံတွင်းကင်ဆာလိုမျိုး ဖြစ်နိုင်ပါတယ်”ဟု ပါမောက္ခဒေါက်တာထင်အောင်စောက ပြောသည်။

အစားအသောက်စားခြင်းမှ ကိုဗစ်-၁၉ မကူးစက်နိုင်သော်လည်း အစားအသောက်ကို အခြားသူများနှင့် အတူစားခြင်း၊ အလုံပိတ်အခန်းများထဲတွင် စားခြင်းတို့က အထူးသတိထားရန် လိုအပ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၀,၄၀၃) ဦး၊ ဆေး ရုံဆင်းခွင့်ရသူ စုစုပေါင်း (၃၀,ဝဝ၇) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁,၁၉၉) ဦးတို့ရှိပြီဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top