Healthy Life Ad
Health Tips

အပန်းဖြေခရီးထွက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်

———၊ ကိုထက် ၊———

အပန်းဖြေခရီးထွက်တာဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများကြောင်း လေ့လာမှုတွေ ရှိပါတယ်။ ယခုလေ့လာမှု အသစ်တစ်ရပ်မှာလည်း အပန်းဖြေခရီးထွက်တာဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို များစွာလျော့ကျစေနိုင်တယ်ဆိုတဲ့ အချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာမှုကို နယူးရော့ခ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာဘရေ့ဟူစကာက ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ခန္ဓာအတွင်းအပြင် ကြီးထွားဖို့၊ လှုပ်ရှားဖို့၊ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေဖို့အတွက် ဇီဝဖြစ်စဉ်တွေ အချိန်ပြည့် ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်တွေဟာ အခြေအနေတွေပေါ်မှုတည်ပြီး အမြဲပြောင်းလဲလျက်ရှိပါတယ်။ ဒါကြောင့် နေထိုင်မှုပုံစံကိုလိုက်ပြီး ကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်တွေရှိသလို မကောင်းတဲ့ ဇီဝဖြစ်စဉ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

မမှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် သွေးတိုးတာ၊ သွေးတွင်းအဆီများတာ စတာတွေ ဖြစ်ပေါ်လာနိုင်ပြီး ထိုမှတဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တာကြောင့် ကောင်းမွန်တဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ခန္ဓာကိုယ်ဇီဝဖြစ်စဉ် မကောင်းတော့ရင် အများအားဖြင့် သွေးတိုးတာ၊ သွေးတွင်းအဆီနဲ့ သကြားဓာတ်တွေများလာတာ၊ ခါးတဝိုက်အဆီပိုတွေ စုလာတာ စတဲ့အချက်တွေ ဖြစ်ပေါ်လာလေ့ ရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်မှာ အရွယ်ရောက်ပြီးသူ ၃ ယောက်မှာ တစ်ယောက်ဟာ ဒီလိုအချက်တွေရှိနေတယ်လို့ သိရပါတယ်။ ကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်ရရှိလာအောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာနဲ့ ဆေးလိပ်မသောက်တာ စတဲ့အချက်တွေကို အဓိကလုပ်ပေးဖို့ လိုပါတယ်။

လေ့လာသူတွေဟာ ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်သိပ်မကွာတဲ့ အလုပ်သမား ၆၃ ဦးကို ရွေးချယ်ခဲ့ပါတယ်။ အလုပ်သမားတွေရဲ့ သွေးနမူနာလည်း ယူထားခဲ့ပြီး ခါးအတိုင်းအတာ၊ သွေးပေါင်ချိန်၊ သွေးတွင်းအဆီပမာဏနဲ့ သွေးတွင်းအချိုဓာတ် စတာတွေကို စနစ်တကျ စစ်ဆေးမှတ်သားထားခဲ့ကြပါတယ်။ အဲဒီအလုပ်သမားတွေရဲ့ လွန်ခဲ့တဲ့တစ်နှစ်အတွင်း အပန်းဖြေခရီး သွားခဲ့ခြင်းရှိ၊ မရှိ အကြောင်းအရာတွေကိုပါ အပြန်အလှန်မေးမြန်းခဲ့ပြီးနောက် အလုပ်သမားတချို့ကို လစာမဖြတ်ဘဲ အပန်းဖြေခရီးသွားနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

တစ်နှစ်ကြာပြီးနောက် ပြန်လည်စစ်ဆေးမှုတွေပြုလုပ်ရာ တစ်ကြိမ်ကို ၁ ပတ်ခန့်နဲ့ ၅ ကြိမ်ခန့် အပန်းဖြေခရီးထွက်သူတွေဟာ ခရီးမထွက်သူတွေထက် ဇီဝဖြစ်စဉ် ၄၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဇီဝဖြစ်စဉ်မကောင်းတဲ့ သူတွေကလည်း ၁၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ နှစ်ပတ်ခန့် ခရီးထွက်သူတွေ၊ ၅ ကြိမ်မက ခရီးထွက်ခဲ့သူတွေက ၇၀ ရာခိုင်နှုန်း ပိုပြီး ကောင်းမွန်မှုရှိတယ်လို့လည်း ဆိုပါတယ်။
လူတိုင်းဟာ အလုပ်ကို ကြိုးစားနေကြရတဲ့အတွက် အပန်းဖြေခရီးထွက်တာလိုမျိုး ကိုယ်ရောစိတ်ကိုပါ အနားပေးတာမျိုးတွေ လျော့နည်းလာကြပါတယ်။ အပန်းဖြေခရီးထွက်ဖို့အတွက် လစာမဖြတ်ဘဲ နားရက်ပေးတဲ့ အလုပ်သမားဥပဒေမျိုး အမေရိကန်မှာ ကျင့်သုံးနေပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ဒီလိုစနစ်တွေ ပြုလုပ်ကျင့်သုံးသင့်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီလိုအနားပေးတာဟာ အလုပ်အတွက် ထိခိုက်မှုရှိစေမှာမဟုတ်ဘဲ ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

(Ref;DM 21-6-19)

Most Popular

Healthy Life Ad
To Top