Healthy Life Ad
Health Tips

ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ခြင်း၏ ကျန်းမာရေးအာနိသင်များ

———၊ ငွေကြယ်စင်ယံ ၊———

ခန္ဓာကိုယ်က ပျော့ပျောင်းနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကိုကိုင်းပြီး ကြမ်းပြင်ကို ထိလို့ရတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ ့ ပျော့ပျောင်းသန်စွမ်းမှုတိုးစေဖို့ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်းဆိုသည်မှာ

ဆွဲဆန့်လေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်ပြည့်ဝဝ ဆန့်ထုတ်ပေးတဲ့နည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာ ခန္ဓာကိုယ်ဖြောင့်မတ်တာ၊ အကြောလျှော့တာနဲ့ ခြေလက်တွေကို ဆွဲဆန့်နိုင်တာတွေ ပါဝင်နေပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်းအမျိုးမျိုး

ဆွဲဆန့်လေ့ကျင့်တာက လွယ်ကူပါတယ်။ အသက်အရွယ်မရွေး လူတိုင်းလုပ်နိုင်တဲ့ လေ့ကျင့်နည်းတွေဖြစ်ပြီး ကြွက်သားတောင့်တင်းမှုတွေကို ပြေလျော့စေပါတယ်။

♦ ရိုးစင်းတဲ့ ဆွဲဆန့်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဆောင်ပေးနိုင်ပါတယ်။ အချိန်လည်း အများကြီးပေးဖို့ မလိုပါဘူး။ ခြေဆင်းထိုင်ရင်း ခြေဖျားထိပ်ကို လက်ချောင်းထိပ်တွေနဲ့ လှမ်းထိတဲ့နည်း၊ မတ်မတ်ရပ်နေရာမှ ခါးကိုင်းပြီး ခြေဖျားတွေကို လက်နဲ့လှမ်းထိတဲ့နည်းတွေလို ရိုးစင်းတဲ့ ဆွဲဆန့်နည်းတွေကို လေ့ကျင့်ပေးပါ။

♦ အကြောဆန့်တဲ့ လေ့ကျင့်နည်းကိုတော့ အားကစားလုပ်ခါနီးအချိန်နဲ့ လုပ်ပြီးချိန်တွေမှာ လုပ်သင့်တာဖြစ်ပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့မှာ ၁၀-၃၀ မိနစ်လောက် လေ့ကျင့်ပေးရုံနဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ပြေလျော့ကာ အညောင်းပြေစေမှာ ဖြစ်ပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

(၁) လှုပ်ရှားနိုင်စွမ်း ကောင်းစေခြင်း

ဆွဲဆန့်လေ့ကျင့်ခန်းကို အဆက်မပြတ်လုပ်တာကြောင့် ကြွက်သားတွေနဲ့ အရွတ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ကောင်းရတာဖြစ်ပါတယ်။ အဆစ်နဲ့ ခြေဆံလက်ဆံတွေ ရွေ ့လျားနိုင်စွမ်းကောင်းလေလေ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်နေလေလေ ဖြစ်ပါလိမ့်မယ်။

(၂) သက်လုံကောင်းစေခြင်း

သက်လုံကောင်းမှသာ အရာရာကို လုပ်ဆောင်နိုင်စွမ်း ပိုရှိပါလိမ့်မယ်။ ဥပမာပြောရရင် သင့်အနေနဲ့ အနာအကျင်မရှိဘဲ အမြင့်ကို ခုန်နိုင်တာမျိုးကို လုပ်နိုင်မှာပါ။ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာကြောင့် သက်လုံကောင်းလာတဲ့အချိန်မှာ ပိုမိုတက်ကြွဖျတ်လတ်နေမှာ ဖြစ်ပါတယ်။

(၃) ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ခြင်း

အဆစ်တွေ၊ အရွတ်တွေနဲ့ ကြွက်သားတွေ မထိခိုက်စေဖို့ ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ ကာကွယ်နိုင်ပါတယ်။ ကြွက်သားတွေနဲ့ အရွတ်တွေက ကောင်းကောင်းလှုပ်ရှားနိုင်စွမ်း ရှိတဲ့အခါ တကယ်လို့ လဲကျခဲ့ရင်တောင် အနာမြန်မြန်ကျက်စေပြီး တောင့်တင်းနာကျင်မှု လျော့ပါးသွားပါလိမ့်မယ်။ ခန္ဓာကိုယ်ကြွက်သားတွေက ပင်ပန်းအားနည်းနေရင် ထိခိုက်ဒဏ်ရာရနိုင်စွမ်း များပါတယ်။

(၄) ကြွက်သားတင်းအားကို လျှော့ချနိုင်ခြင်း

ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေက တောင့်တင်းတာမျိုး ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါကြောင့် ဆွဲဆန့်လေ့ကျင့်ခန်းဟာ ကြွက်သားနာကျင်မှုကို သက်သာလျော့ပါးစေပါတယ်။

(၅) စွမ်းအင်ကောင်းစေခြင်း

ခန္ဓာကိုယ်က လှုပ်ရှားနိုင်စွမ်းရှိလေလေ၊ စွမ်းအင်ပိုရှိလေလေပါ။ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် ခန္ဓာကိုယ်ဟာ ခါတိုင်းထက်ပိုပြီး စွမ်းအင်ပြည့်ဝေနေပါလိမ့်မယ်။

(၆) ကိုလက်စထရော လျော့ကျစေခြင်း

လေ့လာမှုအရ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂကျင့်တာတွေကို ကြာရှည်လုပ်တာကြောင့် ခန္ဓာကိုယ်ထဲက ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်လို့ သိရပါတယ်။ အစာစားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာကို ရွေးစားဖို့တော့ လိုတာပေါ့။ ဒီလို လိုက်နာပေးမယ်ဆိုရင် သွေးကြောတွေ မာကျောတာကို လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top