Healthy Life Ad
Health Tips

ကင်ဆာရှိကြောင်း သိလိုက်ရတဲ့အခါ….

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“ကင်ဆာဖြစ်နေပြီ”

ဒီစကားက ဘယ်သူမှ မကြားချင်တဲ့ စကားပါ။ ဒီရောဂါအမည်တပ်ခံရလိုက်ရတာဟာ သင့်ဘဝကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်စာရင်းတွေအရ ကင်ဆာဖြစ်ပွားသူ ၆၉၅၅၄ ဦးရှိခဲ့ပြီး ၅၁၀၅၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကင်ဆာဖြစ်သူတွေအတွက် မိဘတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေက ဝိုင်းဝန်းပံ့ပိုး ကူညီအားပေးတာကြောင့် အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်စေပါတယ်။ ဒီလိုအချိန်မှာ လူနာအတွက် စိတ်ခွန်အားရှိဖို့နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ရာ သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်က ကာယကံရှင် လူနာဖြစ်လျှင်

အထိတ်တလန့်နဲ့ တုန်လှုပ်ခြောက်ခြားမှု မဖြစ်ဖို့ဆိုတဲ့ စကားက အပြောလွယ်သလောက် လိုက်နာရတာ ခက်ပါတယ်။ “ကင်ဆာ”လို့ ကြားလိုက်တာနဲ့ လူအများမှာ ကြောက်ရွံ့စိတ်တွေ ဝင်သွားလို့ပါ၊ စိုးရိမ်စိတ်၊ အားငယ်စိတ်တွေ ဝင်သွားလို့ပါ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကင်ဆာအစောပိုင်းအဆင့် လူနာတွေဟာ ရောဂါကုသမှု ရလဒ်အလွန်ကောင်းပြီး သင့်တော်လုံလောက်တဲ့ ကုသမှုရရင် ပုံမှန်ကျန်းမာတဲ့ဘဝမှာ နေနိုင်စေပါတယ်။ ဥပမာ – ရင်သားကင်ဆာကို ရင်သားဓာတ်မှန်နဲ့ စစ်ဆေးတွေ့ရှိရင် အလွန်သေးငယ်ပြီး ခွဲစိတ်ကုသလို့ ရပါတယ်။ အူမကြီးကင်ဆာကို ကြိုတင်စစ်ဆေးတွေ့ရှိတာကြောင့် သေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတို့လို ကင်ဆာမဟုတ်တဲ့ ရောဂါဝေဒနာ အများစုဟာ ကင်ဆာနဲ့စာရင် ရောဂါအခြေအနေ ပိုဆိုးပါတယ်။ ကင်ဆာကြောင့် အသက်ရှင်နှုန်းက အခုအခါမှာ ပိုမိုမြင့်တက်လာပြီဖြစ်ပြီး ဒီနေ့ခေတ်မှာ ကင်ဆာတွေ့ရှိသူတွေက အသက်ရှင်နိုင်ခြေ ပိုများလာပြီဖြစ်ပါတယ်။ ကင်ဆာလူနာ ၆၅ ရာခိုင်နှုန်းဟာ နောင်ငါးနှစ် အသက်ရှင်နိုင်ခြေများပြီး အဲဒီလို အသက်ရှင်နိုင်ခြေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကင်ဆာဆိုတာ တစ်ရက်တည်း ဒါမှမဟုတ် တစ်ပတ်တည်းနဲ့ ကြီးထွားလာတာ မဟုတ်ပါဘူး။ လပေါင်းများစွာကြာမှ ဖြစ်ပေါ်တာပါ။ တချို့ ကင်ဆာဆိုရင် နှစ်နဲ့ချီကြာပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးမှုမလုပ်ဘဲ ရောဂါသိပြီး နောက်တစ်ရက်မှာ ကုသမှုချက်ချင်းခံယူတာမျိုးကို ရှောင်သင့်ပါတယ်။ ဆေးကုထုံးတွေထဲက . . .

ဆရာဝန်နှင့် ဆက်ဆံရေးကို တည်ဆောက်ခြင်း

ကင်ဆာလူနာတစ်ဦးဟာ ဂျီပီဆရာဝန်၊ ကင်ဆာအထူးကု ဆရာဝန်ကြီး၊ ခွဲစိတ်ဆရာဝန်ကြီးနဲ့ ဓာတ်ရောင်ခြည်အထူးကု ဆရာဝန်ကြီးအပါအဝင် ဆရာဝန်မျိုးစုံနဲ့ တွေ့ဆုံရတတ်ပါတယ်။ ဒီအထဲမှာ ဂျီပီဆရာဝန်နဲ့ ကင်ဆာအထူးကု ဆရာဝန်တို့နဲ့ ဆက်ဆံရေးဟာ ကင်ဆာဝေဒနာရှင် အများစုအတွက် အကြာဆုံးပါပဲ။ တော်ပြီး စိတ်ရှည်တဲ့ ဂျီပီဆရာဝန်က သင့်ဆေးကုသမှုအကြောင်း သေချာနားလည်အောင် ရှင်းပြပြီး သက်ဆိုင်ရာ တကယ်တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်ထံ လွှဲပေးမှာဖြစ်ပါတယ်။

ကင်ဆာဆိုတာ တစ်ရက်တည်း ဒါမှမဟုတ် တစ်ပတ်တည်းနဲ့ ကြီးထွားလာတာ မဟုတ်ပါဘူး။ လပေါင်းများစွာ ကြာမှ ဖြစ်ပေါ်တာပါ။ တချို့ကင်ဆာဆိုရင် နှစ်နဲ့ချီကြာပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးမှု မလုပ်ဘဲ ရောဂါသိပြီး နောက်တစ်ရက်မှာ ကုသမှု ချက်ချင်းခံယူတာမျိုးကို ရှောင်သင့်ပါတယ်။ ဆေးကုထုံးတွေထဲက ဘယ်အမျိုးအစား သင့်တော်မလဲ၊ ပြုလုပ်မယ့်ဆေးကုထုံးရဲ့ ဆိုးကျိုး/ကောင်းကျိုး၊ သင့်ခန္ဓာကိုယ်အခြေအနေ၊ စိတ်ခံစားမှုနဲ့ သင့်တော်မှု ရှိ/မရှိ စတာတွေကို အရင်ဆန်းစစ်ပြီး ကုသမှုခံယူသင့်ပါတယ်။ ကင်ဆာကုထုံးက ရှုပ်ထွေးကျယ်ပြန့်တာကြောင့် ကင်ဆာအထူးကု ဆရာဝန်ကြီးနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုတို့ရှိအောင် တည်ဆောက်ကာ ကုသမှုခံယူသင့်ပါတယ်။

သင်က ကင်ဆာလူနာ၏ အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူဖြစ်လျှင်

ကင်ဆာဟာ လူနာတစ်ဦးတည်းကိုသာမက မိသားစုတစ်စုလုံးကိုပါ ထိခိုက်စေတဲ့ ရောဂါပါ။ အိမ်ထောင်ဖက်မှာ ရောဂါရှိနေရင် လူနာကို ကူညီနိုင်ဖို့ ကိုယ့်စိတ်ခံစားချက်ကို အရင်ဆုံးထိန်းချုပ်ရပါမယ်။ လူနာကို ရောဂါနဲ့ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်မှုမဖြစ်အောင် သတိထားပါ။ လူနာအများစုဟာ သူတို့အတွက် ကိုယ်ချစ်ရတဲ့သူတွေ စိုးရိမ်သောကများမှာကို မလိုလားတတ်ပါဘူး။ ဒါကြောင့် သင်ကအရင်ဆုံး စိတ်ထားတတ်ဖို့ လိုပါတယ်။ လူနာရဲ့ ရောဂါအကြောင်း သိနားလည်မှုရှိအောင် ကြိုးစားပါ။ လူနာထံ လာမေးကြတိုင်း ဘာလုပ်ပါ၊ ဘာမလုပ်နဲ့စသဖြင့် အကြံပေးလေ့ရှိတတ်ပါတယ်။ တကယ်တော့ သင့်ချစ်သူကို သင်ပေးသင့်တဲ့ အကောင်းဆုံးလက်ဆောင်က တိတ်ဆိတ်ငြိမ်သက်စွာ သူ့ဘေးမှာနေပြီး လက်ကိုဆုပ်ကိုင်အားပေးဖို့၊ အစာဝင်အောင်ကျွေးဖို့နဲ့ သူရင်ဖွင့်သမျှ နားထောင်ပေးဖို့ပဲ ဖြစ်ပါတယ်။

သင်က ကင်ဆာဝေဒနာရှင်၏ မိတ်ဆွေသူငယ်ချင်းဖြစ်လျှင်

သင့်မိတ်ဆွေတစ်ဦးမှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရရင် ဝမ်းနည်းစိတ်ဖြစ်ပေါ်မှာ အသေအချာပါ။ ဘယ်သူမှ ကိုယ့်မိတ်ဆွေရဲ့ သတင်းဆိုးကို မကြားလိုကြပါဘူး။ နာမကျန်းမှုဖြစ်နေတဲ့ လူနာထံ သတင်းသွားမေးတာက မိတ်ဆွေကောင်းတွေရဲ့ လုပ်ရပ်ပါ။ သူငယ်ချင်းထံရောက်တဲ့အခါ သင်လုပ်ပေးနိုင်တဲ့အရာကို မကြာခဏ မေးမြန်းပြီး လုပ်ဆောင်ပေးပါ။ လူနာအတွက် သေးငယ်ပေမယ့် ပုံမှန် ကြင်နာဂရုစိုက်မှု ပေးနိုင်တာက အထိရောက်ဆုံး စောင့်ရှောက်မှုပါ။ ဥပမာ- ကင်ဆာဝေဒနာရှင်ရဲ့ ကလေးတွေကို ကျောင်းကြိုပို့ပေးတာမျိုး၊ အိမ်သန့်ရှင်းရေး လုပ်ပေးတာမျိုး၊ ထမင်းဟင်းချက်ပေးတာမျိုးတွေဟာ မိတ်ဆွေကောင်းတစ်ဦး လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ခေတ်မီဆေးဝါးတွေကြောင့် အနာဂတ်ကာလမှာ ကင်ဆာလူနာတွေဟာ အသက်ရှည်ရှည် နေလာရပါတယ်။ ဒါကို သိနားလည်အောင် သင့်မိတ်ဆွေကို ရှင်းပြပြီး အားပေးနှစ်သိမ့်ပေးသင့်ပါတယ်။

“ကင်ဆာဝေဒနာရှင်အားလုံး ကင်ဆာခယောင်းလမ်း ဖြတ်သန်းအောင်မြင်ကြပါစေ။”

Most Popular

Healthy Life Ad
To Top