—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—
ကိုယ်ခံအားစနစ်ကျဆင်းရတာက အကြောင်းနှစ်မျိုးရှိပါတယ်။
(၁) ရောဂါကြောင့် ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့
(၂) အလုပ်များပြီး အစာကောင်းကောင်းမစား၊ အနားမယူတာကြောင့် ကိုယ်ခံအားစနစ်ကျတာဆိုပြီး နှစ်မျိုးရှိပါတယ်။
နံပါတ်တစ်အကြောင်းရင်းဖြစ်တဲ့ ရောဂါကြောင့် ကိုယ်ခံအားစနစ် ကျဆင်းတယ်ဆိုရင်တော့ အဲဒီရောဂါကို ကုရမှာပါ။ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းစေတဲ့ရောဂါတွေက ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာ၊ HIV ပိုးရှိတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ တာရှည်စတီးရွိုက်ဆေးစွဲသောက်နေရတာ စတာတွေဖြစ်ကြပါတယ်။
နံပါတ်နှစ်ဖြစ်တဲ့ ရောဂါကြောင့်မဟုတ်ဘဲ အနေအထိုင်၊ အစားအသောက်ကြောင့် ကိုယ်ခံအားစနစ် အားနည်းတယ်ဆိုရင်တော့ အဓိကအနေနဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာတို့ကို လိုက်နာပြီး ကိုယ်ခံအားစနစ် မြင့်တက်အောင် လုပ်ရမှာဖြစ်ပါတယ်။
ရောဂါမရှိဘဲ သူတပါးတွေထက် ပိုဖျားလွယ်၊ ပိုအအေးမိလွယ်တဲ့သူတွေက အလုပ်ကလည်း များတတ်တယ်၊ အစာကိုလည်း ကောင်းကောင်းမစားတတ်ဘူး၊ အိပ်ရေးဝ၀မအိပ်ဘူး . . ဒါတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒီလိုလူတွေကတော့-
(၁) အအေးမမိအောင် နွေးနွေးထွေးထွေးနေရပါမယ်၊
(၂) ဗီတာမင်စီပါဝင်မှုများတဲ့ အရည်ရွှမ်းသစ်သီးဝလံတွေ များများစားရပါမယ်၊
(၃) အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အချိန်မှန်မှန် စားသောက်ပေးရပါမယ်၊
(၄) ရေများများသောက်ရပါမယ်၊
(၅) အိပ်ရေးဝ၀အိပ်ရပါမယ်၊
(၆) လေ့ကျင့်ခန်း ပုံမှန်လုပ်ရပါမယ်၊
(၇) လူများတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်၊
(၈) အရက်၊ ဆေးလိပ်တွေ ရှောင်ကြဉ်ရပါမယ်၊
(၉) စိတ်ဖိစီးမှုကိုလျှော့ပြီး တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နေရပါမယ်။
ဒီလိုအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်ပြီး ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိနေမှာပဲ ဖြစ်ပါတယ်။