Healthy Life Ad
Health Tips

ကလေးတစ်ဦးကြီးထွားခြင်းအတွက် အရေးပါသည့် ပုံစံလေးမျိုး

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

ကလေးက မွေးလာပြီဆိုရင် ပုံစံလေးမျိုးနဲ့ ကြီးထွားပါတယ်။

(၁) Physical Growth ဆိုပြီး ခန္ဓာကိုယ်အပြင်ပန်း အစိတ်အပိုင်းဖွံ့ဖြိုးပြီး အရပ်လည်း ရှည်လာရပါမယ်။

(၂) Cognitive Development ဆိုတဲ့ ဦးနှောက်ဖွံ့ဖြိုးကြီးထွားလာရမယ်။

(၃) Immune ဆိုတဲ့ ကိုယ်ခံစွမ်းအားကောင်းရမယ်။

(၄) Digestive ဆိုတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဖြစ်ပေါ်လာမှုကလည်း အရေးကြီးပါတယ်။

ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု (Physical Growth)

Physical Growth ကို စပြောမယ်ဆိုရင် အများအားဖြင့် ပထမတစ်နှစ်မှာ ကိုယ်အလေးချိန်က မွေးလာတဲ့အလေးချိန်ထက် ၂၅ ရာခိုင်နှုန်း တိုးလာရပါမယ်။ အရပ်ကတော့ ၁၅ ရာခိုင်နှုန်း ရှည်လာရမှာပါ။ ဒီတော့ အလွယ်တကူမှတ်ထားမယ်ဆိုရင် တစ်နှစ်ပြည့်တာနဲ့ မွေးလာတာထက် သုံးဆရှိရပါမယ်။ မွေးကင်းစခြောက်ပေါင်ရှိရင် တစ်နှစ်ဆိုရင် ၁၈ ပေါင် ဖြစ်နေရပါမယ်။ အဲဒီလိုပဲ နှစ်နှစ်ပြည့်တဲ့အခါမှာဆို လေးဆဖြစ်ရပါမယ်။ ခုနှစ်ပေါင်နဲ့မွေးထားရင် နှစ်နှစ်ဖြစ်တဲ့အခါ ၂၈ ပေါင်ဖြစ်ရပါမယ်။ အရပ်က နှစ်နှစ်ပြည့်တဲ့အချိန်မှာ ယောကျာ်းလေးရော၊ မိန်းကလေးရော အနည်းဆုံး ၈၆ စင်တီမီတာ ရှိရပါမယ်။ ဒါတွေက ကလေးတွေအတွက် စံနှုန်းတွေပါ။

ဦးနှောက်ဖွံ့ဖြိုးမှု (Cognitive Development)

ဦးနှောက်ဖွံ့ဖြိုးမှုက မွေးပြီး တဖြည်းဖြည်းကြီးပြင်းလာတာနဲ့ သုံးနှစ်ပြည့်တဲ့အခါ လူကြီးတစ်ယောက်ရဲ ့ ၈၀ ရာခိုင်နှုန်းခန့် ကြီးထွားနေပြီလို့ သိရပါတယ်။ အရွယ်အစား၊ အလေးချိန်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ဆရာမတို့တွေက ကလေးတွေကို အသက်နှစ်နှစ်ကျော်ကျော်လောက်ဆို သေသေချာချာသင်ပေးလို့ ရနေပါပြီ။ သုံးနှစ်ဆိုရင် လူကြီးတစ်ယောက်လိုပဲ စနစ်တကျသိနေပါပြီ။ လေ့လာချက်တွေအရ ကလေးတစ်ယောက် သုံးနှစ်အရွယ်မှာဆိုရင် စကားလုံးပေါင်း ၉၀ဝ လောက်သိနေပြီလို့ ဆိုတာဖြစ်ပါတယ်။

“အဘွားတွေက ကလေးအတွက် ထမင်းကိုနယ်ကျွေးတဲ့အခါ ဆားနည်းနည်းထည့်တတ်ပါတယ်။ ထမင်းတစ်ဆုပ်၊ အသားတစ်တုံး၊ အာလူးတစ်လုံး၊ ပဲနီလေးကတစ်ဇွန်း၊ ပန်းမုန်လာနည်းနည်း အားလုံးကို ရောကျိုပြီး ကျွေးတဲ့အခါ အရသာမရှိဘူး၊ စားလို့မကောင်းလောက်ဘူးထင်ပြီး ဆားနည်းနည်းထပ်ထည့်လိုက်ပါတယ်။ တကယ်တော့ ဆားမလိုပါဘူး။ များသွားရင်”. . .

ကိုယ်ခံအားစနစ်နှင့် အစာခြေလမ်းကြောင်းစနစ် (Immune System and Digestive System)

ကလေးအသက်နှစ်နှစ်လောက်ဆိုရင် ခန္ဓာကိုယ်မှာ ခံနိုင်ရည်အား အတော်လေးရှိလာပြီဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းက ခြောက်လလောက်ကစပြီး ဖွံ့ဖြိုးလာပါပြီ။ အဲဒါကြောင့် ဖြည့်စွက်စာ (Weaning Diet) စကျွေးတာဖြစ်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက အစာတွေချေဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီး ခြောက်လကျော်ရင် အမေနို့တစ်မျိုးတည်းနဲ့လည်း မလုံလောက်တော့ပါဘူး။ ဖြည့်စွက်စာကျွေးတဲ့အခါ အစာကို ကလေးက စားချင်စဖွယ် အရသာမျိုး၊ ပုံစံမျိုးရှိရပါမယ်။ နောက်ပြီး ကလေးတွေက အမြင်အာရုံတွေ ဖွံ့ဖြိုးလာပြီဖြစ်တာကြောင့် ကလေးတွေကြည့်လိုက်တာနဲ့ စိတ်ဝင်စားသွားပြီး စားချင်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေရပါမယ်။

ဖြည့်စွက်စာ ဘယ်လိုစကျွေးသင့်လဲ

ကလေးတွေကို အစာစကျွေးတော့မယ်ဆိုရင် အသီးအနှံလေးတွေနဲ့ စတင်သင့်ပါတယ်။ ဆရာမတို့ဆီမှာက ကလေးကို ဆန်ပြုတ်လိုမျိုး ကျွေးပါတယ်။ အများအားဖြင့် ထမင်းတစ်ဇွန်းရယ်၊ ကြက်သားတစ်တုံး၊ အာလူးတစ်တုံး အကုန်ရောကျိုပြီး ကျွေးတတ်ပါတယ်။ နောက်ပြီး အရည်ဆိုလည်း လိမ္မော်ရည်၊ ကမ္ဗလာရည် စတာတွေကို အများကြီးမဟုတ်ဘဲ နည်းနည်းချင်းစီ ၅၀ မီလီလီတာလောက် တိုက်သင့်ပါတယ်။ ဒီလိုနဲ့ Healthy Eating Habit ကို အသီးတွေနဲ့ စတင်ပြီး တစ်နှစ်အထိ တဖြည်းဖြည်းချင်း အသားနည်းနည်း၊ အရွက်နည်းနည်း စတင်ကျွေးလို့ရပါတယ်။

ဖြည့်စွက်စာတွင် အရေးပါသည့် အာဟာရဓာတ်

ကလေးတစ်ယောက်က လူကြီးတစ်ယောက်လိုအပ်တဲ့ အာဟာရထက် ခုနှစ်ဆလိုအပ်ပါတယ်။ လူကြီးတွေစားသလို အများကြီးမစားနိုင်ပေမယ့် အာဟာရဓာတ်ကတော့ ခုနစ်ဆအချိုးနဲ့ ညီမျှပါတယ်။ အဲဒီလိုကျွေးတဲ့အခါ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ သံဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ လူတိန်းဓာတ်၊ ကိုလင်းဓာတ်၊ Alpha-lactalbumin၊ Alpha-linoliec Acid၊ Linoliec Acid၊ DHA စတဲ့ ဓာတ်တွေအကုန်လုံး ပါရပါမယ်။ ဒီဓာတ်တွေအားလုံးက ကလေးတွေရဲ ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အရမ်းအရေးကြီးပါတယ်။

တစ်နှစ်ကျော်လာတဲ့အခါ ကလေးက ကောင်းကောင်းစားတတ်လာပါပြီ။ ဒီအချိန်မှာ မိဘတွေက ကလေးကို ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစာတွေအများကြီး ကျွေးခဲ့မယ်ဆိုရင် ကြီးလာတဲ့အခါ အဝလွန်ရောဂါ ဖြစ်နိုင်ပါတယ်။ အငန်ဓာတ်များတာ ကျွေးလွန်းရင် သွေးတိုးရောဂါ ခံစားရမှာပါ။ အဆီများတာကျွေးရင်လည်း အသက်ရလာတဲ့အခါ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားရစေပါတယ်။ သကြားဓာတ်များရင် ဆီးချိုသွေးချိုရောဂါ၊ သွားပိုးစားတာတွေ ဖြစ်တတ်ပါတယ်။

ဖြည့်စွက်စာကျွေးတဲ့အခါ ဘာတွေရှောင်သင့်သလဲ

သတိထားရမှာက အဘွားတွေက ကလေးအတွက် ထမင်းကိုနယ်ကျွေးတဲ့အခါ ဆားနည်းနည်း ထည့်တတ်ပါတယ်။ ထမင်းတစ်ဆုပ်၊ အသားတစ်တုံး၊ အာလူးတစ်လုံး၊ ပဲနီလေးကတစ်ဇွန်း၊ ပန်းမုန်လာနည်းနည်း အားလုံးကို ရောကျိုပြီး ကျွေးတဲ့အခါ အရသာမရှိဘူး၊ စားလို့မကောင်းလောက်ဘူးထင်ပြီး ဆားနည်းနည်း ထပ်ထည့်လိုက်ပါတယ်။ တကယ်တော့ ဆားမလိုပါဘူး။ များသွားရင် ကလေးမှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆားရှောင်ပါ။ တစ်နှစ်ကျော်မှာ ကျွေးတာပိုကောင်းပါတယ်။ ဆီတစ်ဇွန်း၊ နှစ်ဇွန်းလောက်ကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ တချို့ဆိုရင် ဟင်းချိုမှုန့်တောင်ထည့်ပါတယ်။ မလုပ်သင့်ပါဘူး။

နောက်တစ်ခုက အဆင်သင့်စား ဆန်ပြုတ်တွေပါ။ တချို ့ရယ်ဒီမိတ်ဆန်ပြုတ်တွေက အချိုမှုန့်ပါတာ များပါတယ်။ လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ ကျွေးမယ်ဆိုရင် နှစ်နှစ်ကျော်မှကျွေးပါ။ ခြောက်လကျော်နဲ့ တစ်နှစ်မှာ လုံးဝမကျွေးသင့်ပါဘူး။ တချို ့မိဘတွေက ကလေးကို တစ်နှစ်လောက်ဆိုတာနဲ့ Instant အမှုန့်တွေ ဥပမာ-ကော်ဖီမစ်၊ အိုဗာတင်း၊ မိုင်လို စတာတွေတိုက်ပါတယ်။ မတိုက်ရဘူးလို့ မဆိုလိုပါဘူး။ အသက်နှစ်နှစ်အထက်မှစပြီး ကောင်းကောင်းတိုက်လို့ရပါတယ်။ စပါကလင်အအေးတိုက်တာ၊ ဂက်စ်ပါတဲ့အချိုရည်တွေ တိုက်တာမျိုးလည်း ရှိပါတယ်။ နို့သောက်ရမယ့်အရွယ်မှာ နို့မကြိုက်တော့ဘဲ အချိုရည်ပဲသောက်ဖြစ်သွားပါတယ်။ နောက်တစ်ခုရှိတာက ကလေးတွေကို နို့တိုက်တာ၊ အထူးသဖြင့် နွားနို့တိုက်တာဟာ နှစ်နှစ်ကျော်ရင် ဆက်မတိုက်တော့တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ နွားနို့ကို အသက်ကြီးတဲ့အထိ သောက်ရမှာပါ။ နှစ်နှစ်ကျော်ပြီဆိုတာနဲ့ မိဘတွေကလည်း မတိုက်တော့သလို ကလေးတွေလည်း မသောက်ချင်တော့ပါဘူး။ ဆက်ပြီးတိုက်ပေးပါ။ အဆင်သင့်စားအစားအစာတွေကို ငယ်ငယ်ကတည်းက စားလွန်းရင် ကြီးလာတဲ့အခါ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်တတ်ပါတယ်။ ဆန်ပြုတ်ကျွေးမယ်ဆိုရင် ကိုယ်တိုင်အိမ်က ချက်ပြုတ်ထားတာကို ကျွေးတာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အသင့်ပြုလုပ်ထားတဲ့အစာတွေ စားမယ်ဆိုလည်း တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်ပြီး ကျွေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top