Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်မှာ ရေချိုးမဆင်ခြင်ရင် ရေပေါင်တက်တယ်ဆိုတာ မှန်ပါသလား . . .

——-၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊——-

Q. ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရေချိုးဆင်ခြင်ရမယ်လို့ ပြောကြပါတယ်။ နေ့လယ် ၁၂ နာရီကျော်ရင် ရေမချိုးရဘူး။ ရေချိုးရင် မွေးလာတဲ့အခါ ရေပေါင်တတ်တယ်လို့ ပြောကြပါတယ်။ မှန်ပါသလား။ ဘယ်လိုအခြေအနေမှာ ရေချိုးဆင်ခြင်သင့်ပါသလဲ။

A. ဆရာတို့ကိုလည်း ဆေးခန်းတွေ၊ ဆေးရုံတွေမှာ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းထဲ ဒီမေးခွန်းလည်း ပါဝင်ပါတယ်။ ရေချိုးတယ်ဆိုတဲ့ကိစ္စမှာလည်း အယူအဆတွေ ရှိပါတယ်။ “ရေမချိုးလို့ သေတဲ့မသာမရှိဘူး၊ ရေချိုးလို့ သေတဲ့မသာပဲရှိတယ်”လို့ ဗမာတွေက ရေချိုးတာကို တော်တော်လေး ကြောက်ကြတယ်။ သူတို့ကြောက်မယ်ဆိုလည်း ကြောက်စရာပဲ။ ရေချိုးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်လေးတွေကလည်း ရှိနေတယ်။ အထူးသဖြင့် ပူအိုက်တဲ့ ရာသီမှာ နေပူထဲကပြန်လာပြီး ရောက်ရောက်ချင်း ရေကို အားရပါးရ လောင်းချိုးလိုက်ရင် အပူလျှပ်ပြီး သေတတ်ပါတယ်။ ညနေစောင်းပြီဆိုရင် ရေချိုးလိုက်တဲ့အခါ အအေးမိတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တော့ လူကြီးသူမတွေက ဆရာတို့ငယ်ငယ်တုန်းက စလောင်းဖုံးနှစ်ချပ်မတီးနဲ့၊ တီးရင်ကျားကိုက်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ ဒါက စလောင်း ဖုံးကွဲမှာစိုးလို့ မတီးခိုင်းတာပါ။ ကလေးတွေကို စလောင်းဖုံးနှစ်ချပ်မတီးနဲ့လို့ပြောရင် ကလေးတွေက မကြောက်ဘူး၊ ဒါကြောင့် ကျားကိုက်မှာကြောက်ပြီး မတီးအောင်ပြောတာပါ။ ဒါကလည်း ဒီအတိုင်းပဲ၊ ညနေစောင်း အထူးသဖြင့် ညဘက်ရေချိုးရင် ရေပေါင်တတ်တယ်လို့ပြောတော့ ကိုယ်ဝန်ဆောင်မိခင်တွေက တော်တော်ကြောက်ကြတယ်။ ရေပေါင်တယ်တို့၊ ရေဆင်းတယ်တို့ဆိုတာ အန္တရာယ်ရှိတာကိုး။

“ကိုယ်ဝန်ဆောင်မိခင်က ရုံးသမားဆိုရင် ရုံးကပြန်လာပြီးချိန် ဘယ်လိုအိပ်မလဲ၊ တစ်ကိုယ်လုံးယားယံနေမှာပေါ့။ ရေချိုးလို့တော့ရပါတယ်။ ဒါပေမဲ့ ဉာဏ်နဲ့ယှဉ် ပြီးချိုးရမယ်။ အပြင်ကပြန်လာတဲ့အခါ အဝတ်အစားလဲပြီး ခန္ဓာကိုယ်အပူချိန်ကျအောင် လုပ်ရပါမယ်။ ပြီးရင် ရေချိုးတဲ့အခါ ရေအေးအေးကို မချိုးရဘူး။ မပူမအေးရေလေးကိုချိုးပြီး သေချာပြန်သုတ်ရပါမယ်။”

တကယ်တော့ ရေချိုးလိုက်တာနဲ့ ရေပေါင်တာက ဘာမှတော့မဆိုင်ဘူး။ စောစောကပြောတဲ့ စလောင်းဖုံးနှစ်ချပ်တီးရင် ကျားကိုက်မယ်ဆိုတာနဲ့ သွားတူတယ်။ ကလေးလေးက ရေမြွှာအိတ်လေးထဲမှာ နေတာ။ ရေပေါင်တယ်ဆိုတာက အဲဒီရေမြွှာအိတ်လေးပေါက်သွားရင် ရေတွေဆင်းလာတာပေါ့။ ရေပေါင်တယ်၊ ရေဆင်းတယ်ဆိုတာ အဲဒါကို ပြောတာပါ။ ရေချိုးလိုက်တာနဲ့ ရေဆင်းစရာအကြောင်းတော့ မရှိဘူး။ ဒါပေမဲ့ သတိထားရမှာက ရေချိုးတာက အန္တရာယ်များလို့ သတိထားရမှာပါ။ စောစောက ဆရာပြောသလို ပူအိုက်နေတဲ့ အပြင်ကနေပြန်လာပြီး မြန်မြန်အေးချင်လို့ ရေကိုလောင်းချိုးလိုက်ရင် ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းညှိတဲ့ စနစ်တွေရှိတယ်။ အဲဒီစနစ်က ကိုယ်ဝန်ဆောင်ကာလမှာ အပူချိန်ထိန်းညှိတဲ့ ယန္တရားက ရိုးရိုးလူတွေလောက် မကောင်းဘူး။ အဲဒီတော့ အရမ်းပူနေရာကနေ အေးတဲ့ရေသွားချိုးလိုက်ရင် အမေမှာ အပူလျှပ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ရေချိုးပြီးချိန်မှာ ရေကို သေချာသုတ်ပြီး အဝတ်နွေးနွေးလေး ဝတ်ရပါတယ်။ မဝတ်ရင် ချိုးတဲ့ရေကြောင့် အအေးမိတတ်ပါတယ်။ အပူလျှပ်တာနဲ့ အအေးမိတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကြောက်ရတတ်တဲ့အတွက် လူကြီးမိဘတွေက ရေပေါင်တတ်တယ်လို့ ပြောတာပါ။

ကိုယ်ဝန်ဆောင်မိခင်က ရုံးသမားဆိုရင် ရုံးကပြန်လာပြီးချိန် ဘယ်လိုအိပ်မလဲ၊ တစ်ကိုယ်လုံး ယားယံနေမှာပေါ့။ ရေချိုးလို့တော့ ရပါတယ်။ ဒါပေမဲ့ ဉာဏ်နဲ့ယှဉ်ပြီး ချိုးရမယ်။ အပြင်ကပြန်လာတဲ့အခါ အဝတ်အစားလဲပြီး ခန္ဓာကိုယ်အပူချိန်ကျအောင် လုပ်ရပါမယ်။ ပြီးရင် ရေချိုးတဲ့အခါ ရေအေးအေးကို မချိုးရဘူး။ မပူမအေးရေလေးကို ချိုးပြီး သေချာပြန်သုတ်ရပါမယ်။ အပူလျှပ်မယ့်အန္တရာယ်နဲ့ အအေးမိမယ့်အန္တရာယ်တွေ မကြုံရအောင် ဉာဏ်နဲ့ယှဉ်ပြီး ရေချိုးရင်တော့ ရေမပေါင်ပါဘူး။ ရေပေါင်တာနဲ့တော့ ဘာမှမဆိုင်ပါဘူးလို့ ပြောလိုပါတယ်။

Most Popular

Healthy Life Ad
To Top