Healthy Life Ad
Health Tips

Covid-19 ရောဂါပိုးဝင်ရောက်ပြီး လက္ခဏာမပြတာက ဘာကြောင့်ပါလဲ၊ ကိုယ်ခံအားစနစ်ကောင်းလို့လား

———၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊———

အခုအခါ Covid-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဝင်ရောက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လက္ခဏာမပြသူ ဒါမှမဟုတ် သာမန်မပြင်းထန်တဲ့ လက္ခဏာတွေသာ ပြသလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး လက္ခဏာမပြရတဲ့ အကြောင်းအရင်းကို စစ်ဆေးလေ့လာကြည့်တဲ့အခါ အမေရိကန်နိုင်ငံရှိ လေ့လာချက်အရ ဖြစ်နိုင်ခြေ ၄ ခု တွေ့ရှိရကြောင်း ၂၀၂၀ ၊ သြဂုတ်လ ၁၃ ရက်နေ့ ဝါရှင်တန်ပို့စ်မှာဖော်ပြပါရှိပါတယ်။

(၁) အရင်က ခန္ဓာကိုယ်ထဲဝင်ရောက်ဖူးတဲ့ ဗိုင်းရပ်စ်ပိုးများကို မှတ်မိတဲ့ခုခံကာကွယ်ရေးစနစ် (T. Lymphocyte) က လူတချို ့မှာရှိပြီး ၄င်းစနစ်က Covid-19 ဖြစ်စေတဲ့ ရောဂါပိုးကို အတော်အသင့် တိုက်ခိုက်ဖျက်စီးနိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိပေမယ့် ရောဂါလက္ခဏာမရှိတာ ဖြစ်နိုင်ပါတယ်။

(၂) ငယ်စဉ်ကထိုးနှံခဲ့ဖူးတဲ့ တချို့ကာကွယ်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိထားပြီး အထူးသဖြင့် အဆုတ်ရောင်ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးတို့ကြောင့် ဖြစ်နိုင်ပါတယ်။

(၃) ကိုရိုနာဗိုင်းရပ်စ်ပိုးတွယ်ကပ်တဲ့ ACE 2. receptor နည်းပါးတဲ့ကလေးတွေနဲ့ allergy ရှိသူ (ဓာတ်မတည့်သူ)တွေမှာ ရောဂါပြင်းထန်မှုမရှိတာ တွေ့ရှိထားပါတယ်။

(၄) Mask (မျက်နှာဖုံး) (သို့) နှာခေါင်းစည်းဝတ်ဆင်မှု များပြားလာတဲ့နောက်ပိုင်းမှာ လက္ခဏာမပြသူ ၈၁ ရာခိုင်နှုန်းအထိရှိပြီး covid-19 ရောဂါစတင်ဖြစ်ပွားတဲ့ကာလများမှာ ၄၇ ရာခိုင်နှုန်းသာ တွေ့ရှိရပါတယ်။ ချက် ၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေက လေ့လာချက်တွေအရလည်း နှာခေါင်းစည်းတပ်ဆင်မှုကြောင့် ပိုးဝင်ရောက်သော်လည်း လက္ခဏာမပြသူ များပြားလာကြောင်း တွေ့ရှိထားပါတယ်။

ရောဂါလက္ခဏာမပြသူ (Asymptomatic) လူနာတွေရဲ ့ သွေးအတွင်းစစ်ဆေးမှု လေ့လာချက်အရ covid-19 ကိုယ်ခံစနစ် (Ig G Anti body)မှာ ရောဂါလက္ခဏာပြသူတွေထက် လျော့နည်းတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် Asymptomatic လူနာများမှာ ၄င်းတို့ရဲ ့ အသက်ရှူလမ်းကြောင်းအတွင်းသို့ ဗိုင်းရပ်စ်ပိုးကောင်ရေဝင်ရောက်မှု နည်းပါးသောကြောင့် တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားအနည်းငယ်သာ လိုအပ်တယ်လို့ ထင်မြင်ရပါတယ်။ အဲဒါကြောင့် အသေချာဆုံးဖြစ်တဲ့ ရောဂါပိုးမဝင်အောင် ဝင်ရင်တောင် နည်းနည်းဘဲဝင်နိုင်ပြီး ရောဂါမပြင်းထန်အောင် လူတိုင်း Mask တပ်ကြပါလို့ အသိပေးလိုပါတယ်။

Most Popular

Healthy Life Ad
To Top