Healthy Life Ad
Health Tips

ကိုဗစ်ရောဂါရပြီး ပြန်ကောင်းလာသူများနှင့် ဆွေးနွေးခန်းအစီအစဉ် ထုတ်လွှင့်မည်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုဗစ်အကြောင်း အမေးအဖြေအစီအစဉ်ကို မြန်မာ့ရုပ်မြင်သံကြားတွင် ပြသလျက်ရှိရာ နောက်အပတ်မှစ၍ ကိုဗစ်ရောဂါရပြီး ပြန်ကောင်းလာသူများနှင့် ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက်နေ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း တွင် ပြောကြားခဲ့သည်။

“ရောဂါရပြီဆိုတာနဲ့ သိပ်ပြီးတော့ စိုးရိမ်မှုမလွန်ပါနဲ့။ စိုးရိမ်လွန်ရင် ကိုယ်ခံစွမ်းအား ကျနိုင်ပါတယ်လို့ ပြောချင်ပါတယ်၊ သတိပေးချင်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ မနေ့တုန်းက ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဆွေးနွေးပါ တယ်။ ရောဂါဖြစ်တဲ့သူက အသက်လည်းမငယ်ပါဘူး။ ၆၆ နှစ်ရှိပါပြီ။ နောက်ပြီးတော့ အခံရောဂါတွေလည်း ရှိပါတယ်။ ဆီးချိုလည်းရှိတယ်၊ ကျောက်ကပ်လည်း သိပ်မကောင်းဘူး။ အဘက်ဘက်ကကြည့်ရင် ကိုဗစ်ရောဂါရရင် အင်မတန်အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့လည်း မြန်မြန်ဆန်ဆန်နဲ့ ကောင်းသွားတယ်။ အေးအေးဆေးဆေးပဲ။ ကျွန်မကမေးတယ်။ ရောဂါဖြစ်တုန်းက ဒါကို ဘယ်လိုရင်ဆိုင်ခဲ့လဲ၊ ဘယ်လိုကျော်လွှားခဲ့လဲဆိုတာ။ အဖြေကို ကျွန်မသဘောကျလွန်းလို့။ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ယူပါတယ်။ ရောဂါဖြစ်ပြီဆိုရင် စိတ်ထားတတ်ဖို့၊ နေတတ်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတာပေါ့။ အဲဒါနဲ့ ဒီအဖြေကို သဘောလည်းကျတယ်။ နောက်ပြီး စိတ်လည်းဝင်စားလို့ အခုပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ပညာပေးအစီအစဉ်တွေ နည်းနည်းလေး ပြောင်းလိုက်ဖို့ စဉ်းစားထားပါတယ်။ အခုဆိုရင် တစ်ပတ်မှာ သုံးကြိမ်ပေါ့။ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများနဲ့ ကျန်းမာရေးအမေးအဖြေအစီအစဉ်တွေ လုပ်နေတာကို နောက်အပတ်မှာဆိုရင် နှစ်ကြိမ်လုပ်ပြီး တစ်ကြိမ်ကိုတော့ ကိုဗစ်ရောဂါရပြီး ပြန်ကောင်းလာတဲ့ ကျွန်မတို့ပြည်သူတွေနဲ့ ဆွေးနွေးခန်းပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရောဂါရပြီး ပြန်ကောင်းလာသူများအနေဖြင့် သွေးရည်ကြည်များကို လှူဒါန်းကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

“Remdesivir ဆေးကို အိန္ဒိယကနေ ဝယ်ထားတာရှိပါတယ်။ အိန္ဒိယက လှူထားတာလည်း ရှိပါတယ်။ ဒါက ရောဂါအခြေအနေ နည်းနည်းပြင်းထန်တဲ့ လူနာတွေကို သုံးပါတယ်။ အားလုံးအတွက် သုံးနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ပိုပိုပြီးတော့ ကျွန်မတို့ထပ်ပြီး ဝယ်ယူပါ့မယ်။ ထပ်ပြီးတော့ သုံးသင့်သုံးထိုက်တဲ့ လူနာတွေအတွက် သုံးသွားမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောက်တိုဘာ ၉ ရက် ည (၈) နာရီအထိ ကိုဗစ်-၁၉ ဖြစ်ပွားသူ စုစုပေါင်း ၂၃၉၀၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၇၃၈ ဦးနှင့် သေဆုံးသူစုစုပေါင်း ၅၆၆ ဦးတို့ရှိကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Popular

Healthy Life Ad
To Top