Healthy Life Ad
Health Tips

ကိုယ်ဝန်တုရောဂါ

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊———

အရင်အပတ်က ဆေးကျောင်းသားတွေနဲ့ ဆွေးနွေးခဲ့စဉ်က ကိုယ်ဝန်တုရောဂါ (Pseudocyesis) ဆိုတာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ကိုယ်ဝန်တုရောဂါက စိတ်ခံစားမှုမတည်ငြိမ် ကိုယ်ရည်ကိုယ်သွေး ချို ့ယွင်းရောဂါရှိသူတွေထဲမှာ ဖြစ်ပွားတတ်ကြောင်း ဆွေးနွေးခဲ့တယ်။ အခုအပတ် ကျူတိုရီယယ်သင်တန်းမှာ ကိုယ်ဝန်တုရောဂါအကြောင်း ပြောပြဖို့ ဆေးကျောင်းသူတစ်ဦးက တောင်းဆိုပါတယ်။

“ကိုယ်ဝန်တုရောဂါဆိုတာ အမှန်တကယ် ကိုယ်ဝန်မရှိဘဲနဲ့ မိမိမှာ ကိုယ်ဝန်ရှိနေတယ်လို့ ယုံကြည်နေခြင်း ဖြစ်ပါတယ်။ စိတ်ထဲမှာ ယုံကြည်နေရုံသာမကဘဲ ရောဂါရှင်အမျိုးသမီးက ကိုယ်ဝန်ဆောင်လက္ခဏာတွေကိုလည်း ခံစားလာရပါတယ်။ မီးယပ်သွေးမပေါ်ခြင်း၊ ဝမ်းဗိုက်ပူဖောင်းလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ရင်သားနို့အိမ် ကြီးမားလာခြင်း၊ နို့အုံနာကျင်ခြင်း၊ နို့ရည်ကြည်ထွက်ခြင်း၊ ဝမ်းဗိုက်ထဲမှာ ကလေးလှုပ်သလို ခံစားရခြင်း၊ လစေ့ချိန်ရောက်တော့ ကလေးမွေးချင်သလို ဗိုက်နာလာခြင်း စတဲ့ ခန္ဓာကိုယ်လက္ခဏာတွေ ဖြစ်တယ်။ ဘေးလူက ကြည့်လိုက်ရင် အမှန်တကယ် ကိုယ်ဝန်ရှိနေသလို မြင်နေရတယ်။ တချို ့လူနာတွေမှာ အမှန်တကယ် ကိုယ်ဝန်ရှိသလို ဟော်မုန်းဓာတ် အပြောင်းအလဲရှိတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိ၊ မရှိ သွေးစစ်၊ ဆီးစစ်ကြည့်ရင် အဖြေက ကိုယ်ဝန်ရှိသလို တွေ့ရှိရမယ်။ အမှန်တကယ်က ဝမ်းဗိုက်ထဲမှာ ကလေးမရှိတာပဲ ဖြစ်တယ်။ ဒါကြောင့် အာထရာဆောင်းဓာတ်မှန်ရိုက်ကြည့်ရင် ကလေးမရှိတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်”

ဆေးကျောင်းသူတစ်ဦးက စူးစမ်းတယ်။

“ကိုယ်ဝန်မရှိဘဲနဲ့ ကိုယ်ဝန်ရှိသလို ခန္ဓာကိုယ်လက္ခဏာတွေ ဘာကြောင့် ရရှိနိုင်သလဲ”

“စိတ်စွမ်းအားရဲ ့ အာနိသင်လို့ ဆိုရမယ်။ စိတ်က ခန္ဓာကိုယ်ကို လွှမ်းမိုးနိုင်တဲ့ သာဓကတစ်ခုပဲ။ မီးယပ်သွေးမပေါ်တာတို့၊ နို့အိမ်ကြီးမားလာပြီး နို့ရည်ကြည်ထွက်တာတို့ကတော့ ဟော်မုန်းအင်္ဂါစု ပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ Hypothalamic-Pituitary Adrenal Axis (APH Axis) လို့ ခေါ် တဲ့ ဟော်မုန်းအင်္ဂါစုက စိတ်နဲ့ခန္ဓာကိုယ်ကို ဆက်သွယ်ပေးတဲ့ ဟော်မုန်းပိုက်လမ်းကြောင်း ဖြစ်ပါတယ်။ အသိစိတ်က ထိန်းချုပ်မှုမရှိတဲ့ အာရုံကြောအင်္ဂါစု (Autonomic Nervous System) စွမ်းအင်ကြောင့် အူသိမ်အူမထဲမှာ လေခိုခြင်း၊ ဆီးအိမ်တင်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်စေတယ်။ ဒါကြောင့် ဝမ်းဗိုက်ပူဖောင်းနေမယ်”

“ဆေးပညာဖခင် ဟစ်ပိုကရေတီးက ကိုယ်ဝန်တုရောဂါရှိတဲ့ အမျိုးသမီး ၁၂ ယောက်အကြောင်း မှတ်တမ်းပြုခဲ့ဖူးတယ်။ အခုအချိန်အထိ ဆေးပညာဂျာနယ်တွေထဲမှာ ဖော်ပြထားဖူးတဲ့ ကိုယ်ဝန်တုရောဂါလူနာ ၅၅၀ ရှိပါတယ်။ အသက် ၆ နှစ်ကနေ အသက် ၇၉ နှစ် အရွယ်အထိ ကိုယ်ဝန်တုရောဂါဖြစ်ပွားတဲ့ လူနာမှတ်တမ်းတွေ ရှိပါတယ်”. . .

“ဘယ်လိုစိတ်ဖိစီးမှုကြောင့် ကိုယ်ဝန်တုရောဂါ ဖြစ်တတ်သလဲ ဒေါက်တာအုန်း”

“ကလေးပျက်ကျတဲ့ အတွေ့အကြုံရှိခြင်း၊ သားသမီးလိုချင်စိတ်၊ ကိုယ်ဝန်ရရှိချင်စိတ် ပြင်းပြခြင်း၊ အကြောင်းတစ်ခုခုကြောင့် ကိုယ်ဝန်ရှိလာမှာကို ကြောက်ရွံ့နေခြင်း၊ လိင်ဖက်နဲ့ ဆက်ဆံရေး အဆင်မပြေခြင်း၊ ညှင်းပန်းနှိပ်စက်ခံနေရခြင်း စတဲ့ ဖိစီးမှုဒဏ်ကြောင့် ကိုယ်ဝန်တုရောဂါ ဖြစ်ပွားတတ်တယ်။ အိမ်ထောင်ပြုပြီးရင် ကလေးရရှိမယ်လို့ ယုံကြည်ယူဆတဲ့ လူမှုပတ်ဝန်းကျင် ဖိအားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တုရောဂါ ၈၀ ရာခိုင်နှုန်းကျော်က အိမ်ထောင်ရှင်အမျိုးသမီးတွေထဲမှာ ဖြစ်ပွားတာ တွေ့ရမယ်။ ဥပမာ-အာဖရိကနိုင်ငံတချို ့မှာ ကလေးမရရှိနိုင်တဲ့ အိမ်ထောင်ရှင် ၁၆၀ မှာ တစ်ယောက်နှုန်း ကိုယ်ဝန်တုရောဂါရှိကြောင်း သိရတယ်”

ဆေးကျောင်းသူတစ်ဦးက စူးစမ်းပါတယ်။

“ကိုယ်ဝန်တုရောဂါဖြစ်နှုန်းက ဘယ်လောက်ရှိသလဲ”

“မများပြားပါဘူး။ ဆေးပညာဖခင် ဟစ်ပိုကရေတီးက ကိုယ်ဝန်တုရောဂါရှိတဲ့ အမျိုးသမီး ၁၂ ယောက်အကြောင်း မှတ်တမ်းပြုခဲ့ဖူးတယ်။ အခုအချိန်အထိ ဆေးပညာဂျာနယ်တွေထဲမှာ ဖော်ပြထားဖူးတဲ့ ကိုယ်ဝန်တုရောဂါလူနာ ၅၅၀ ရှိပါတယ်။ အသက် ၆ နှစ်ကနေ အသက် ၇၉ နှစ်အရွယ်အထိ ကိုယ်ဝန်တုရောဂါဖြစ်ပွားတဲ့ လူနာမှတ်တမ်းတွေ ရှိပါတယ်။ ၁၉၄၀ ပြည့်နှစ်မတိုင်ခင်က အမေရိကန်နိုင်ငံမှာ လေ့လာမှုအရ ကလေးမွေးဖွားတဲ့ အမျိုးသမီး ၂၅၀ မှာ တစ်ယောက်နှုန်း ကိုယ်ဝန်တုရောဂါရှိတယ်လို့ သိရတယ်။ အခုခေတ်မှာတော့ ကလေးမွေးဖွားတဲ့ အမျိုးသမီး ၂၂၀ဝ၀ မှာတစ်ယောက်မှ ၆ ယောက်အထိသာ ကိုယ်ဝန်တုရောဂါရှိကြောင်း တွေ့ရှိရပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ ကိုယ်ဝန်တုရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာတယ်လို့ ဆိုရမယ်။ ကိုယ်ဝန်တုရောဂါရှင်ကို ရပ်ကွက်တွင်းရှိ သားဖွားဆရာမ/သူနာပြုနဲ့ မိသားစုဆေးခန်း ဆရာဝန်တွေက လက်ဦးကုသကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရောဂါကုဆေးခန်းကို ရောက်ရှိလာတဲ့ လူနာက ရှားပါတယ်”

စာရေးသူစကားဆုံးတော့ ဆေးကျောင်းသားတစ်ဦးက သူ့မှတ်စုစာအုပ်ကို လှန်လှောကြည့်ပြီး မှိုရတဲ့မျက်နှာနဲ့ ပြောပါတယ်။

“ဆေးကုသဆောင်ထဲမှာ မနေ့က ကျွန်တော်စမ်းသပ်ခဲ့တဲ့ အမျိုးသမီးက ကိုယ်ဝန်တုရောဂါ ခံစားရသူဖြစ်ပါတယ် ဒေါက်တာအုန်း”

အခန်းထဲမှာရှိတဲ့ ဆေးကျောင်းသားများက အံ့သြသလို၊ မယုံကြည်သလို၊ အထင်ကြီးသလို အမူအရာမျိုးစုံနဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။

“ဟုတ်လား . . ကျွန်တော့်လူနာတွေထဲမှာတော့ ကိုယ်ဝန်တုရောဂါရှိသူကို သတိမထားမိဘူး”

“တခြားဆရာဝန်ရဲ ့ လူနာပါ။ အသက် ၃၀ ကျော်ရှိပြီ။ အိမ်ထောင်မရှိသေးဘူး။ အတူနေရီးစားတော့ရှိတယ်။ နာမည်ကမစ်အမ်ဘာလို့ ခေါ်ပါတယ်”

“မစ်အမ်ဘာမှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကို ပြောပြပါဦး”

“သူ့နားထဲမှာ အလိုလိုနေရင်း စကားပြောသံတွေ ကြားနေရတယ်။ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ (Auditory Hallucinations) ပါ။ ကိုယ်ဝန်ကိစ္စ ဆွေးနွေးနေတဲ့ စကားသံလို့ ပြောပါတယ်။ မစ်အမ်ဘာစကားပြောရင် နားလည်ဖို့ ခက်ခဲပါတယ်။ ဝေ့လည်ကြောင်ပတ် ပြောတတ်တယ်။ စဉ်းစားတွေးတောပုံ ချို့ယွင်းခြင်း (Formal Thought Disorder) လက္ခဏာလို့ခေါ်တယ်”

“ဟုတ်တယ်ဒေါက်တာအုန်း၊ နောက်ပြီး သူ့မှာ ကိုယ်ဝန်ရှိနေတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေတယ်။ ရာသီမလာတာ သုံးလကျော်ရှိနေပြီ။ ဗိုက်ထဲမှာ ကလေးလှုပ်ရှားနေတာကို ခံစားရတယ်လို့လည်း ပြောပါတယ်”

“စိတ္တဇရောဂါကုသဆေး သုံးစွဲနေတဲ့ လူနာတချို ့မှာ ရာသီသွေးမမှန်တာ ရှိတတ်ပါတယ်။ တခြားကိုယ်ဝန်တုရောဂါလက္ခဏာကို တွေ့ရှိရသလား”

“ဒေါက်တာပြောတဲ့ ပျို့အန်တာတို့၊ ဗိုက်ပူလာတာတို့၊ နို့သီးအိမ်ကြီးတာတို့၊ နို့ရည်ကြည်ထွက်တာတို့တော့ မရှိပါဘူး”

“ဒီလိုဆိုရင် မစ်အမ်ဘာရဲ့ ဆေးမှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ ရောဂါက ဘာတဲ့လဲ”

“စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizo-phrenia) ဖြစ်ပါတယ်”

“အဲဒီလိုဆိုတော့ မစ်အမ်ဘာရဲ့ရောဂါက စိတ်ကစဉ့်ကလျားရောဂါ ဖြစ်မှာပေါ့။ ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်နေတာကို ယုံမှားမှုလွန်ကဲစိတ် (Delusion) လို့ ပြောနိုင်တယ်။ နားထဲမှာကြားနေတဲ့ အသံတွေက သူ့ယုံကြည်ချက်ကို ပိုမိုခိုင်မာစွဲမြဲစေတာ ဖြစ်မယ်။ ဗိုက်ဆာလို့ အူလှုပ်တာကို အထဲကကလေး လှုပ်ရှားနေတယ်လို့ အလွဲထင်မြင်ယူဆနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် မစ်အမ်ဘာရဲ့ရောဂါက ကိုယ်ဝန်ရှိတယ်လို့ ယုံမှားမှုလွန်ကဲလက္ခဏာ (elusion of Pregnancy) ရှိနေတဲ့ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါဖြစ်မှာပါ။ “ကိုယ်ဝန်တုရောဂါ”အစစ်ဖြစ်မယ် မထင်ပါဘူး”

ဆေးကျောင်းသားရဲ ့ မှိုရနေတဲ့မျက်နှာပုံစံ ပြောင်းသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်လာတာ တွေ့ရတယ်။

“မှားတတ်ကြပါတယ်။ ကိုယ်ဝန်တုရောဂါစစ်စစ်မှာ ကိုယ်ဝန်ရှိသလို ခန္ဓာကိုယ်လက္ခဏာတွေကို တွေ့ရှိရမယ်။ ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်နေတာကလွဲပြီး တခြားစိတ္တဇရောဂါလက္ခဏာတွေကို မတွေ့ရှိရဘူး။ အဲဒီလို ခွဲခြားနိုင်ပါတယ်”

ဆေးကျောင်းသူတစ်ဦးက ကြားဖြတ်မေးမြန်းပါတယ်။

“ကိုယ်ဝန်မရှိဘဲနဲ့ ကိုယ်ဝန်ရှိတယ်လို့ လှည့်ဖြားပြောတာကို ကိုယ်ဝန်တုရောဂါလို့ ဆိုနိုင်မလား”

“မိမိမှာ ကိုယ်ဝန်မရှိတာကို သိလျက်နဲ့ ရည်ရွယ်ချက်တစ်ခုခုကြောင့် လိမ်ညာပြောဆိုတာကို “ဟန်ဆောင်လှည့်ဖြားဝေဒနာ”(Malingering) လို့ ခေါ်ပါတယ်”

ဆေးကျောင်းသားတစ်ယောက်က ကြားမှဝင်နှောက်ပါတယ်။

“ကျွန်တော့်သူငယ်ချင်းရဲ့ ရီးစားဟောင်းလိုပေါ့”

အတန်းထဲက ဆေးကျောင်းသူအားလုံးက သူ့ကိုဝိုင်းပြီး မျက်စောင်းထိုးကြတယ်။

“အဲဒီလို ဟန်ဆောင်လှည့်ဖြားဝေဒနာရှိတဲ့ အမျိုးသမီးတွေမှာလည်း ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (Personality Disorder) တစ်ခုခု ရှိနေတတ်ပါတယ်”

Most Popular

Healthy Life Ad
To Top