Healthy Life Ad
Health Tips

ဂိမ်းအလွန်အကျွံဆော့တာက စိတ်ရောဂါလား

———၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု သမားတော်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊———

Q. ဂိမ်းတွေ တရားလွန်ဆော့တာကို စိတ်ရောဂါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဂိမ်းတွေကို တရားလွန်ဆော့တာက စိတ်ရောဂါလား ဆရာ။

A. စိတ်ရောဂါအကြောင်း မပြောခင်မှာ စွဲလမ်းတဲ့အကြောင်း အရင်ပြောချင်ပါတယ်။ စွဲလမ်းမှုဆိုတာ နမူနာပေးရမယ်ဆိုရင် အရက်စွဲလမ်းတာကို စိတ်ရောဂါထဲ ထည့်ထားတာရှိပါတယ်။ အရက်က စွဲလမ်းစေတဲ့ သတ္တိရှိတယ်၊ စွဲလမ်းစေတဲ့ သတ္တိဆိုတာ အချိန်ရောက်လာရင် ခန္ဓာကိုယ်က တောင့်တတာကို စွဲလမ်းစေတဲ့ သတ္တိရှိတယ်လို့ ပြောတာပါ။ အရက်ကို ညနေတိုင်း ပုံမှန်သောက်တဲ့သူကို အရက်စွဲရောဂါလို့ ခေါ်မလားဆိုတော့ မခေါ်သေးပါဘူး။ ဘယ်အချိန်မှာ ခေါ်သလဲဆိုတော့ လူတစ်ယောက်က အချိန်နဲ့အမျှ အရက်သောက်ဖို့ကိုပဲ စဉ်းစားနေပြီဆိုရင်တော့ အရက်စွဲရောဂါလို့ ခေါ်ပါတယ်။ အရက်စွဲရောဂါရှိသူက မနက်မိုးလင်း အိပ်ရာထတာနဲ့ အရက်ကိုရှာပြီး အရက်ကို စသောက်တတ်ပါတယ်။ ပြီးရင် နေ့စဉ် အလုပ်လုပ်ပေမယ့် အားတာနဲ့ အရက်သောက်ဖို့ စဉ်းစားတတ်ပါတယ်။ ဒါဆိုရင် အရက်ကို စွဲလမ်းတဲ့အဆင့် ရောက်သွားပြီဖြစ်တဲ့အတွက် အရက်စွဲရောဂါလို့ သတ်မှတ်ပါတယ်။ စွဲလမ်းတယ်ဆိုတဲ့အရာတွေမှာ စွဲလမ်းစေတဲ့ သတ္တိလေးတွေပါတယ်၊ ခန္ဓာကိုယ်က စွဲလမ်းတာရှိသလို စိတ်က စွဲလမ်းတာလည်း ရှိပါတယ်။ ပထမတော့ စိတ်ကစွဲလမ်းတယ်၊ ပြီးတော့ ခန္ဓာကိုယ်ကတောင့်တတယ်၊ အရက်တို့၊ မူးယစ်ဆေးဝါးတို့က စိတ်တင်မက ခန္ဓာကိုယ်ကပါ တောင့်တတဲ့အတွက် ဖျက်ဖို့ ဆရာဝန်တွေက ကုသမှုပေးရပါတယ်။ ဂိမ်းဆိုတာ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ဖြစ်ဖြစ် ဆော့လို့ရတယ်။ ဂိမ်းစွဲလမ်းတာနဲ့အတူ တခြားရေကူးတာကို စွဲလမ်းတာ၊ အားကစားတစ်ခုကို စွဲလမ်းတာတွေကကော စိတ်ရောဂါလို့ သတ်မှတ်မလားလို့ စဉ်းစားစရာရှိလာတယ်။ ဒါတွေကို ဘယ်လိုပြောသလဲဆိုတော့ အလုပ်အကိုင်ပျက်လောက်အောင် ဒီကိစ္စတစ်ခုတည်းပေါ်မှာပဲ စွဲမြဲနေရင် စွဲလမ်းတဲ့ရောဂါလို့ ခေါ်ပါတယ်။

ဥပမာပြောရရင် မနက်အိပ်ရာထတာနဲ့ တစ်ကိုယ်ရေတကာယ သန့်ရှင်းရေးတွေ မလုပ်တော့ဘူး၊ စားသောက်ဖို့ကိစ္စတွေ စိတ်မဝင်စားတော့ဘဲ ဂိမ်းပဲဆော့နေတယ်ဆိုရင် စွဲလမ်းတဲ့ စိတ်ရောဂါ ဖြစ်လာပါပြီ။

“အစကတည်းက ဂိမ်းဆော့တဲ့အကျင့် မလုပ်ထားရင် အကောင်းဆုံးပါ။ ဒါပေမဲ့ အခုခေတ်ကာလက အပေါင်းအသင်းကလည်းများပြီး နည်းပညာခေတ်ကလည်းဖြစ်တဲ့အတွက် လုံးလုံးကြီး ပိတ်ပင်ဖို့ဆိုတာ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် အချိန်ပိုင်းသတ်မှတ်ပြီး မိဘနဲ့သားသမီး သဘောတူညီမှု ယူကြမယ်ဆိုရင်တော့ ဂိမ်းအလွန်အကျွံသုံးစွဲတာကြောင့် နောက်ဆက်တွဲဖြစ်တတ်တဲ့” . . .

Q. ဂိမ်းတွေကို ညဘက်ဆော့ရင်ကော စွဲလမ်းတဲ့ရောဂါလို့ ခေါ်ဆိုနိုင်ပါသလား ဆရာ။

A. အလုပ်ကပြန်လာပြီး ညဘက်စားသောက်ပြီးချိန် ဂိမ်းကစားတာကိုတော့ ဂိမ်းစွဲရောဂါလို့ မခေါ်ပါဘူး။ မနက်မိုးလင်း အိပ်ရာထတာနဲ့ မျက်နှာမသစ်ဘဲ ဂိမ်းထိုင်ဆော့နေတာမျိုး၊ ကိုယ်ရဲ့ နေ့စဉ်ဆောင်ရွက်ရမယ့် အရာတွေက အရေးမကြီးဘဲနဲ့ ဂိမ်းက အရာရာထက်ပိုအရေးကြီးတယ်ဆိုတာမျိုး ဖြစ်လာနေပြီဆိုရင် စွဲလမ်းတဲ့အခြေအနေ ဖြစ်နေပါပြီ။ ကျောင်းသားတစ်ယောက်ဆိုရင် သူရဲ့ အဓိကတာဝန်က စာကျက်၊ စာဖတ်ဖို့၊ ကျောင်းမှန်မှန်တက်ဖို့နဲ့ စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုဖို့ဖြစ်တယ်၊ ဒါပေမဲ့ အဲဒီအဓိကတာဝန်ကို မလုပ်တော့ဘဲနဲ့ အဲဒီအချိန်တွေမှာ ဂိမ်းပဲဆော့နေတယ်၊ ဂိမ်းဆော့ဖို့ကလည်း အချိန်တိုင်း သူ့ခေါင်းထဲမှာရှိနေတယ်၊ မနက်ကျောင်းသွားဆိုလို့သာ သွားပေမယ့် အတန်းမြန်မြန်ပြီးဖို့ပဲ စိတ်ထဲရောက်နေတယ်၊ အတန်းပြီးတာနဲ့ ဖုန်းကောက်ကိုင်ပြီး ဂိမ်းကစားမယ်၊ ညနက်သန်းခေါင်အထိ ဖုန်းနဲ့ဂိမ်းကစားနေမယ်ဆိုရင် ဒါက ဂိမ်းစွဲလမ်းတဲ့ရောဂါ ဖြစ်နေပါပြီ။ ဂိမ်းကို တစ်ချိန်လုံး ကစားနေပြီး ကိုယ်ရဲ့ အဓိကလုပ်ရမယ့် တိုးတက်ရာတိုးတက်ကြောင်း ဝတ္တရားတွေ ပျက်ကွက်အောင် ဖြစ်လာပြီဆိုရင် စိတ်ရောဂါလို့ သတ်မှတ်ပြီး ကုသဖို့လိုအပ်ပါတယ်။

Q. အခုခေတ်ကလေးတွေက ဂိမ်းဆော့နေချိန်မှာ မိဘအုပ်ထိန်းသူတွေက ဖုန်း၊ iPad စတာတွေကို သူတို့လက်ထဲက ယူလိုက်တဲ့အခါ စိတ်တိုတယ်၊ ရန်လိုတယ်။ ဒီလိုကလေးတွေကို ဂိမ်းအလွန်အကျွံစွဲလမ်းတဲ့ အဆင့်မရောက်အောင် မိဘတွေက ဘယ်လိုထိန်းချုပ်သင့်ပါသလဲ ဆရာ။

A. ပထမအဆင့်အနေနဲ့ကတော့ အခုမှ စကစားမယ့် ကလေးကို မိဘတွေအနေနဲ့ အချိန်သတ်မှတ်ပြီး စည်းကမ်းချမှတ်ပေးထားသင့်ပါတယ်။ တစ်နေ့ကို နာရီဝက်ပဲ ဂိမ်းကစားရမယ်၊ ကိုယ်ရဲ ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မပျက်ကွက်ရဘူး၊ စာကျက်ချိန် မပျက်ကွက်ရဘူး စသဖြင့် စည်းကမ်းသတ်မှတ်ပြီး ဒီလိုစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် လုံးဝမကစားရဘူးလို့ ပြောထားသင့်ပါတယ်။

ကလေးဂိမ်းကစားနေတုန်း ဂိမ်းမကစားရဘူးဆိုပြီး ဖုန်းယူလိုက်တာမျိုးလုပ်ရင် ကလေးတွေ စိတ်တိုတာ၊ ရန်လိုတာတွေ ဖြစ်ရတာက ဂိမ်းထဲမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ရတဲ့ ဂိမ်းတွေရှိတယ်၊ လိုက်ပြီး သတ်ဖြတ်ရတဲ့ ဂိမ်းတွေလည်းရှိတယ်။ အဲဒီဂိမ်းတွေကြောင့် ကလေးရဲ ့စိတ်မှာ ရန်လိုတဲ့ အပြုအမူလေးတွေ ဖြစ်တတ်ပါတယ်။ အင်တာနက်ဂိမ်းကစားရင် အဖွဲ့လိုက်ကစားတာတွေရှိတော့ ကိုယ်တစ်ယောက်ထွက်သွားရင် ကိုယ့်အဖွဲ့ရှုံးတာရှိတဲ့အခါ ကျန်တဲ့အဖွဲ့ဝင်တွေ ကိုယ့်ကိုမကျေနပ်၊ မကြည်ဖြူတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေ အွန်လိုင်းဂိမ်းကစားတဲ့အခါ ဘေးက အနှောင့်အယှက် အဝင်မခံနိုင်ကြဘူး။ မိဘကလာပြောရင် စိတ်တိုတာ၊ ရန်လိုတာတွေ ဖြစ်တတ်ပါတယ်။ မိဘကလည်း ဂိမ်းရဲ ့သဘောသဘာဝကို နားလည်ပြီး အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ကာ ဆော့ကစားစေမှသာ ကလေးတွေ ဂိမ်းစွဲလမ်းတဲ့အဆင့်ကို မရောက်မှာပါ။ ဒါကို နားမလည်ဘဲ လွှတ်ထားလိုက်ရင် ကလေးရဲ ့ဘဝ တိုးတက်ရေးပါ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ဆေးတက္ကသိုလ်တက်နေတဲ့ ဆေးကျောင်းသားတွေထဲမှာတောင် ဂိမ်းဆော့လွန်းလို့ တစ်နှစ်ကျတာ၊ ကျောင်းထွက်ရတာတွေ ရှိနေပါတယ်။ အိမ်က ၁၀ တန်းကျောင်းသားတွေလိုမျိုး ဖိဖိစီးစီး အုပ်ထိန်းမှု မလုပ်ပေးနိုင်တော့တဲ့အခါမှာ အဲဒီကလေးတွေက လွတ်ထွက်သွားတာတွေ ရှိပါတယ်။ ကျောင်းကို မှန်မှန်သွားချင်မှ သွားတယ်၊ ဂိမ်းဆိုင်ရောက်ချင်ရောက်နေတယ်၊ စာမေးပွဲအမှတ်စာရင်းကို အိမ်မပြောဘူး၊ နှစ်ကုန်စာမေးပွဲကျမှ မိဘက သိရတာမျိုး ရှိတတ်ပါတယ်။ တချို့ဆိုရင် ညဉ့်နက်တဲ့အထိ ဂိမ်းဆော့ရင်း ကျောင်းခေါ်ချိန်မပြည့်ရာက ကျောင်းတစ်နှစ်ကျသွားတာတွေလည်း ရှိပါတယ်။ ဒီလိုကလေးတွေကို အချိန်နဲ့စနစ်တကျ ဂိမ်းကစားတတ်အောင် အုပ်ထိန်းပေးဖို့လိုပါတယ်။ အစကတည်းက ဂိမ်းဆော့တဲ့အကျင့်မလုပ်ထားရင် အကောင်းဆုံးပါ။ ဒါပေမဲ့ အခုခေတ်ကာလက အပေါင်းအသင်းကလည်းများပြီး နည်းပညာခေတ်ကလည်း ဖြစ်တဲ့အတွက် လုံးလုံးကြီး ပိတ်ပင်ဖို့ဆိုတာ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် အချိန်ပိုင်းသတ်မှတ်ပြီး မိဘနဲ့သားသမီး သဘောတူညီမှု ယူကြမယ်ဆိုရင်တော့ ဂိမ်းအလွန်အကျွံသုံးစွဲတာကြောင့် နောက်ဆက်တွဲဖြစ်တတ်တဲ့ ဘဝတက်လမ်းဆုတ်ယုတ်မှုမဖြစ်အောင် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top