Healthy Life Ad
Health Tips

လူ ၁၀ ယောက်အနက် ၇-၈ ဦးတွင် ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ရောဂါ ရှိနေနိုင်ကြောင်း သိရ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လူ ၁၀ ယောက်အနက် ၇-၈ ဦးတွင် ရောဂါလက္ခဏာ မပြဘဲ ကိုဗစ်-၁၉ ရောဂါရှိနေနိုင်ကြောင်း ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အောက်တိုဘာလ ၉ ရက်နေ့ ကိုဗစ်အကြောင်းသိကောင်းစရာ အမေး-အဖြေ အစီအစဉ်တွင် ပြောကြားခဲ့သည်။

“ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေသူများက ၁၀ ယောက်မှာ ၇ ယောက်ကနေ ၈ ယောက်အထိ ဖြစ်တာကို တွေ့ရှိနေရပါတယ်။ ကိုဗစ်-၁၉ ဖြစ်ကာစ ဒီဇင်ဘာ၊ ဇန်နဝါရီလတုန်းက ၆၀ ရာခိုင်နှုန်း (၁၀ ယောက်မှာ ၆ ယောက်လောက်) ကပဲ ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ရှိနေတယ်လို့ ပြောခဲ့ပေမယ့် အခုချိန်မှာဆိုရင်တော့ ၁၀ ယောက်မှာ ၇ ယောက်-၈ ယောက်လောက်အထိ လက္ခဏာမပြဘူးလို့ ပြောနေကြပါတယ်။ ဒါက ပြည်သူ့ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အလွန်အမင်းစိုးရိမ်ဖို့ ကောင်းပါတယ်။ လူနာကိုယ်တိုင်က မိမိမှာ ရောဂါပိုးသယ်ဆောင်လျက်ရှိတယ်၊ ရောဂါဖြစ်နေတယ်ဆိုတာကို မသိဘဲနဲ့ ပတ်ဝန်းကျင်ထဲ သွားနေမိတတ်ပါတယ်၊ ဈေးထဲသွားမယ်၊ အရပ်ထဲသွားမယ်၊ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်မယ်၊ အဲဒီလိုရောဂါလက္ခဏာ မပြတဲ့သူတွေက ရောဂါလက္ခဏာ လုံးဝမပြဘဲနဲ့လည်း ဖြစ်သွားနိုင်သလို ရောဂါလက္ခဏာ မပြရာကနေ ရောဂါလက္ခဏာပြတဲ့သူအဖြစ် ပြောင်းလဲဖြစ်နိုင်ပါတယ်”ဟု ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ပြောသည်။

ရောဂါလက္ခဏာမပြမီမှ ရောဂါလက္ခဏာစပြပြီး ၂ ရက်အတွင်း ကူးစက်နှုန်း အလွန်မြန်ဆန်သဖြင့် အလွန်အရေးကြီးကြောင်း၊ ထိုအချိန်တွင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ထိတွေ့ထားသော လက်ဖြင့် တစ်နေရာကို ထိကိုင်ပြီး အခြားသူက ထိတွေ့မိခြင်း စသည့် ထိတွေ့မှုများဖြင့် ကူးစက်နိုင်ကြောင်း သိရသည်။

“ရောဂါလက္ခဏာမပြလို့ ရောဂါရှိနေသူကိုယ်တိုင် သူ့မှာ ရောဂါပိုးရှိမှန်း မသိနိုင်တဲ့အတွက် လူတိုင်းလူတိုင်းက နှာခေါင်းစည်းကို မဖြစ်မနေတပ်ရပါမယ်၊ ခပ်ခွာခွာနေရပါမယ်၊ ဘာကိုင်ပြီးပြီး လက်ကို သေချာဆေးကြောရပါမယ်၊ လက်နဲ့ မျက်နှာကို မထိပါနဲ့”ဟု ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ပြောသည်။

အကြမ်းအားဖြင့် ကိုဗစ်-၁၉ ရောဂါသည် ရောဂါလက္ခဏာစပြပြီး ၅ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာ ဆိုးရွားတတ်ကြောင်း၊ ရောဂါလက္ခဏာ ဆိုးရွားလာလျှင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသသင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top