Healthy Life Ad
Health Tips

အမျိုးသားများ လျစ်လျူရှုမထားသင့်သည့် သတိပေးလက္ခဏာ ၅ ရပ်

———၊ ကိုထက် ၊———

အမျိုးသားတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဘဲ ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို ဆေးကုသမှုမခံယူဘဲ လျစ်လျူရှုထားတတ်တာကြောင့် နှစ်စဉ် သက်တမ်းမစေ့ခင် အသက်အန္တရာယ် ထိခိုက်နေရတဲ့ အမျိုးသားတွေ အများကြီးရှိနေတာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးဦးရေရဲ ့ ထက်ဝက်လောက်တောင် ဆရာဝန်နဲ့တွေ့ဆုံပြသလေ့ မရှိတတ်ပါဘူး။ တကယ်တော့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲပေါ်လာရင် ကိုယ့်ကိုယ်ကိုယ် သတိထားသင့်ပြီး ပေါ့ပေါ့ဆဆ သဘောမထားဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ လျစ်လျူရှုမထားသင့်တဲ့ သတိပေးလက္ခဏာ ငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-59909
(၁) ဝှေးစေ့ပေါ်က အဖုအသီး

ဝှေးစေ့ကင်ဆာဟာ အသက်၂၀ နဲ့ ၃၅ နှစ် ကြား အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး UK မှာ နှစ်စဉ် အမျိုးသား ၂၀ဝ၀ ဦးနီးပါးဟာ ဝှေးစေ့ကင်ဆာရောဂါကို စမ်းသပ်တွေ့ရှိရပါတယ်။ ဝှေးစေ့ကင်ဆာ ရှိ၊ မရှိ သိနိုင်ဖို့ရာအတွက် မိမိဘာသာ စမ်းသပ်တာက အရေးပါနေပါတယ်။ ရေချိုးတဲ့အခါတွေမှာ ဝှေးစေ့ကို စမ်းသပ်ကြည့်လိုက်လို့ ဝှေးစေ့ပေါ်က ပုံမမှန်ပြောင်းလဲမှု တစ်စုံတစ်ရာ ဒါမှမဟုတ် အဖုအသီးတွေကို တွေ့ရင် သင့်အနေနဲ့ ဆရာဝန်နဲ့ ချက်ချင်းတွေ့ဆုံဆွေးနွေးပါ။ ဝှေးစေ့အဖုအများစုဟာ ကင်ဆာမဟုတ်တတ်ပေမယ့် ကင်ဆာဖြစ်နေခဲ့ရင်တော့ စောစောစီးစီးတွေ့ရှိရင် ပျောက်ကင်းအောင် ကုသနိုင်တာကြောင့် ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် စစ်ဆေးမှုကို ခံယူသင့်တာဖြစ်ပါတယ်။

alignnone size-medium wp-image-59910
(၂) မှဲ့များ မူမမှန်ပြောင်းလဲခြင်း

သင့်ခန္ဓာကိုယ်ပေါ်က မှဲ့တွေကို ပုံမှန်စစ်ဆေးပြီး မှဲ့အရောင် ဒါမှမဟုတ် ပုံသဏ္ဌာန်ပြောင်းလဲမှု ရှိ၊ မရှိနဲ့ သွေးထွက်ခြင်းရှိ၊ မရှိ သတိထားပါ။ မှဲ့တွေရဲ့ ပြောင်းလဲမှုအများစုဟာ အန္တရာယ်ကင်းတတ်ပြီး အရေပြားထဲက ရောင်ခြယ်ဆဲလ်တွေ တိုးပွားမှုကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်အောင် နံနက် ၁၁ နာရီနဲ့ ညနေသုံးနာရီအကြားထွက်တဲ့ နေရောင်ခြည်နဲ့ မထိတွေ့မိအောင် တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ မှဲ့တွေက ထုံးစံမဟုတ်ဘဲ ပြောင်းလဲနေတယ်လို့ထင်ရင် ဒါမှမဟုတ် ယားယံနေရင် ဆရာဝန်နဲ့ပြပါ။ ဆရာဝန်က မှဲ့တွေကို စစ်ဆေးပြီး မလိုအပ်ရင် ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ နေရောင်ထဲကို သွားတဲ့အခါတိုင်း နေရောင်ကာကွယ်နိုင်စွမ်း SPF ၁၅ ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။

alignnone size-medium wp-image-59911
(၃) စိတ်ဓာတ်ကျခြင်း

တကယ်လို့ သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် သင်အရင်က ပျော်ရွှင်လေ့ရှိတဲ့ ကိစ္စတွေမှာ စိတ်ပါဝင်စားမှု ကင်းမဲ့နေပါလိမ့်မယ်။ ဒါ့အပြင် အလွန်အမင်း ဝမ်းနည်းနေတတ်ပြီး အဲဒီလို ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ စိတ်ဓာတ်ကျတာက အလုပ်အကိုင်၊ လူမှုရေးနဲ့ မိသားစုဘဝကိုတောင် ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကို ကုသတဲ့အနေနဲ့ ကိုယ့်စိတ်ကို မြှင့်တင်ခြင်း၊ နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းနဲ့ ဆေးဝါးကုသမှု ခံယူခြင်းတို့ လိုအပ်လေ့ရှိပါတယ်။ စိတ်ဓာတ်ကျတာက အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေမှာ စိတ်ဓာတ်ကျတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့အထိတောင် ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်လေ့ရှိတာကြောင့်ပါ။

alignnone size-medium wp-image-59912
(၄) ဆီးသွားရခက်ခဲခြင်း

ဆီးကျိတ်က ကြီးလာတဲ့အခါ ဆီးအိတ်ကနေ ဆီးတွေသယ်ဆောင်တဲ့ ပြွန်အပေါ်မှာ ဖိထားသလို ဖြစ်တာကြောင့် ဆီးသွားရခက်ခဲတတ်ပါတယ်။ ဒါဟာ ကင်ဆာအပါအဝင် ဆီးကျိတ်ရောဂါရဲ ့ လက္ခဏာတစ်ရပ်ပါ။ ဆီးကျိတ်ကင်ဆာဟာ UK က အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာရောဂါဖြစ်ပြီး နှစ်စဉ် အမျိုးသားဦးရေ သုံးသောင်းမှာ ရောဂါတွေ့ရတတ်ပါတယ်။ လက္ခဏာရပ်တွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ညဘက်မှာ ဆီးသွားချင်တာကြောင့် မကြာခဏလန့်နိုးခြင်း စတဲ့ လက္ခဏာရပ်တွေကို ခံစားရတတ်ပါတယ်။ အဲဒီလို လက္ခဏာတွေခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၅) ပန်းသေပန်းညှိုးဖြစ်ခြင်း

အမျိုးသားအများစုဟာ သူတို့ရဲ ့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ပန်းသေတတ်ပါတယ်။ သင့်မှာ ပန်းသေတဲ့လက္ခဏာ ခံစားရတာ သီတင်းပတ်ပေါင်းများစွာ ကြာလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ယေဘုယျအားဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာတွေဟာ ပန်းသေပန်းညှိုးပြဿနာကို ကုသပေးနိုင်ပါတယ်။ တချို့အမျိုးသားတွေမှာတော့ Sildenafil ဆေးဝါးကို သောက်ပေးဖို့ လိုပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ ဆိုးရွားတဲ့ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်တာကြောင့် ပန်းသေပန်းညှိုးဖြစ်ရင် ဆေးကုသမှုခံယူဖို့ အရေးကြီးတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top