Healthy Life Ad
Q & A

ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကလေးမွေးခြင်း ဆက်စပ်မှု ရှိ၊ မရှိ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အမျိုးသမီးတွေမှာ ကလေးမွေးခြင်းနဲ့ ဆက်စပ်မှုရှိပါသလား။ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲ။

A. အမျိုးသမီးတွေအနေနဲ့ ရိုးရိုးပဲမွေးမွေး၊ ဗိုက်ခွဲပြီးပဲမွေးမွေး ဆီးအိမ်ထဲမှာ ဆီးမကျန်အောင် ဆီးချူရပါတယ်။ အဲဒီအတွက် ပိုးဝင်နိုင်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း နာကျင်မှုကြောင့် ဆီးအောင့်ထားတာ၊ တစ်ကိုယ်ရည်လိင်အင်္ဂါသန့်ရှင်းရေး အားနည်းတာတွေကြောင့် ဆီးပိုးဝင်နိုင်တဲ့ အခွင့်အလမ်းပိုများတဲ့အတွက် ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမဖြစ်အောင် လိင်အင်္ဂါသန့်ရှင်းမှုအားနည်းသူ အမျိုးသမီးတွေအနေနဲ့ လိင်အင်္ဂါကို သန့်ရှင်းရေး မှန်မှန်ပြုလုပ်ရပါမယ်။ အိမ်ထောင်ရှိသူတွေအနေနဲ့ မိမိအိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံမှုမပြုမီတစ်ကြိမ်၊ ဆက်ဆံမှုပြုပြီးတစ်ကြိမ် ဆီးသွားသင့်ပါတယ်။ ဝမ်းသွားပြီးတိုင်း ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး သန့်ရှင်းရေးပြုလုပ်ရပါမယ်။ ရေကို ပုံမှန်သောက်သုံးပြီး ဆီးသွားချင်စိတ် ဖြစ်ပေါ်လာတိုင်း ဆီးသွားပေးသင့်ပါတယ်။ အလွန်အမင်း ဆီးအောင့်ထားခြင်းမျိုး လုံးဝမလုပ်သင့်ပါဘူး။

ဆက်စပ်ရောဂါတွေကြောင့် ဆီးပိုးဝင်သူတွေက အထက်ပါအချက်တွေအပြင် ဆက်စပ်နေတဲ့ အခြေခံရောဂါတွေကိုပါ ပျောက်ကင်းအောင် ကုသရပါမယ်။ ဒါမှမဟုတ် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းကုသရပါမယ်။ ဆီးပိုက်ထည့်သွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ ပိုးသတ်ထားတဲ့ ပစ္စည်းကိရိယာတွေနဲ့သာ ဆီးလမ်းကြောင်းပိုးကင်းအောင် ဂရုပြုထည့်သွင်းရပါမယ်။

Most Popular

Healthy Life Ad
To Top