Healthy Life Ad
Health Tips

ဖျားနာနေသူက ကိုဗစ်-၁၉ သံသယလက္ခဏာ ရှိသူဆိုလျှင် Fever Clinic ကို သွားပြရန်လိုအပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဖျားနာနေသူက ကိုဗစ်-၁၉ သံသယလက္ခဏာ ရှိသူဆိုလျှင် Fever Clinic ကို သွားပြရန်လိုအပ်ကြောင်း ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အောက်တိုဘာလ ၉ ရက်နေ့ ကိုဗစ်အကြောင်းသိကောင်းစရာ အမေး-အဖြေအစီအစဉ်တွင် ပြောကြားခဲ့သည်။

“ဖျားနေတဲ့သူက ကိုဗစ်-၁၉ သံသယလက္ခဏာ ရှိတဲ့သူဆိုရင် Fever Clinic ကို သွားပြရမှာ ဖြစ်ပါတယ်။ ဥပမာဆိုပါစို့-ဆီးကျဉ်လို့ ဖျားတာမျိုးဆိုရင် ဒီလက္ခဏာက ကိုဗစ်-၁၉ လက္ခဏာမဟုတ်တာကြောင့် Fever Clinic ကို သွားပြဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဖျားတဲ့လက္ခဏာက နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ အနံ့ပျောက်တာနဲ့တွဲပြီး ဖြစ်လာတာမျိုး၊ ခေါင်းကိုက်တယ်၊ နုံးတယ် အစရှိသဖြင့်ပေါ့ . .ဒီလက္ခဏာတွေက အရင်တုန်းကတော့ တုပ်ကွေးရောဂါဆိုတော့ ဆေးခန်းသွားဖို့ မလိုဘူး၊ အိမ်မှာပဲ ဘာမီတွန်၊ ပါရာစီတမောသောက်ပြီး ပျောက်သွားနိုင်တဲ့ လက္ခဏာလို့ သတ်မှတ်လို့ရပေမယ့် အခုအချိန်က ကျွန်တော်တို့နိုင်ငံဟာ ကိုဗစ်- ၁၉ ရောဂါကူးစက်မှုရှိနေပြီးတော့ ဒုတိယလှိုင်းကို ရင်ဆိုင်နေရကာ ပြည်တွင်းကူးစက်မှုနှုန်းကလည်း အလွန်မြန်ဆန်နေတဲ့အတွက် ဒီလိုလက္ခဏာတွေ ပေါ်လာရင် ကိုဗစ်-၁၉ ကြောင့်လား၊ ရာသီတုပ်ကွေးကြောင့်လား စတာကို ခွဲခြားသိဖို့လိုပါတယ်”ဟု ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်နှုန်းမြန်သည့်အတွက် မြန်မြန်ခွဲခြားသိရှိရန် အရေးကြီးကြောင်း၊ မြန်မြန်သိရှိရန် မြန်မြန်စစ်ဆေးနိုင်ရေးအတွက် Rapid Test Kit များ ဖြန့်ဖြူးထားပြီးဖြစ်ကြောင်း၊ အဆိုပါ Test Kit ဖြင့် စစ်ဆေးပါက နာရီဝက်အတွင်း ကိုဗစ် ရှိ၊ မရှိ ခွဲခြားသိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“Test Kit တွေနဲ့ စစ်ဆေးရင် ရောဂါလက္ခဏာပြပြီး ၆ ရက်အတွင်း စစ်ဆေးမှသာ မှန်ကန်တဲ့အဖြေကို ရရှိမှာဖြစ်တာကြောင့် လူနာတွေအနေနဲ့ သံသယလက္ခဏာတွေရှိပြီဆိုတာနဲ့ ဖျားပြီ၊ လည်ပင်းနာပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို သွားရောက်စစ်ဆေးပြသဖို့ လိုအပ်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောသည်။

ဖျားနာခြင်းမရှိဘဲ အနံ့ပျောက်ခြင်း ခံစားနေရသူများအနေဖြင့် Call Center 2019 ကို ဆက်သွယ်ပြီး မြို ့နယ်အလိုက် အနံ့ပျောက်စင်တာများတွင် ကန့်သတ်မှုဖြင့် ကုသမှုခံယူနိုင်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top