Healthy Life Ad
Health Tips

သက်ကြီးရွယ်အိုနဲ့ စိတ်ကျရောဂါ

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———

၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ လူဦးရေအားလုံးရဲ ့ ၉ ရာခိုုင်နှုန်းက အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုများ ဖြစ်တယ်၊ ၂၀၃၀ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာလိမ့်မယ်လို့ ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားတယ်။ (knodel ၂၀၁၃) အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေထဲမှာ ၁၅ ရာခိုင်နှုန်းခန့် စိတ်ကျန်းမာရေးချို ့ယွင်းမှုရှိတယ်။ စိတ်ကျရောဂါဖြစ်ပွားနှုန်းက (၇) ရာခိုင်နှုန်း၊ ငယ်မူပြန်မှတ်ဉာဏ်ချို ့ယွင်းရောဂါ ဖြစ်ပွားနှုန်းက (၅) ရာခိုင်နှုန်း၊ စိုးရိမ်စိတ်လွန်ကဲရောဂါ ဖြစ်ပွားနှုန်းက (၃ ဒဿမ ၈) ရာခိုင်နှုန်းနဲ့ အရက် သို့မဟုတ် အိပ်ဆေးစွဲရောဂါဖြစ်ပွားနှုန်းက (၁) ရာခိုင်နှုန်းရှိပါတယ်။ (WHO ၂၀၁၇)

သက်ကြီးရွယ်အို စိတ်ကျရောဂါရှိရင် သတိမထားမိကြဘူး

အထွေထွေကျန်းမာရေးဆေးခန်းကို လာရောက်ပြသတဲ့ သက်ကြီးရွယ်အိုလူနာတွေထဲမှာ စိတ်ကျရောဂါရှိတဲ့ လူနာ ၅၀ ရာခိုင်နှုန်းခန့် စိတ်ကျရောဂါလို့ သတ်မှတ်ကုသမှု မခံရဘူးလို့ လေ့လာတွေ့ရှိရတယ်။ (Lancet ၂၀ဝ၉) သက်ကြီးရွယ်အို စိတ်ကျရောဂါခံစားရင်၊ ကာယကံရှင်က“ငါစိတ်ညစ်နေတယ်။ နေရထိုင်ရတာ မပျော်ရွှင်ဘူး”လို့ မညည်းတွားဘူး။ လူကြီးကဒီလိုပြောရင် စိတ်ပျော့ညံ့ရာကျတယ်။ ဖွင့်ဟပြောရမှာခက်တယ်။ သိက္ခာကျမှာရှက်နေတယ်။ တစ်ချို ့ကတော့ စိတ်ကျရောဂါဝေဒနာ ခံစားရတာကို ဝဋ်ကြွေးဝဋ်နာလို့ သဘောထားတတ်တယ်။ ဒါကြောင့် သက်ကြီးရွယ်အိုစိတ်ကျရောဂါရှိရင်၊ တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကို သတိထားလေ့လာရပါတယ်။

သက်ကြီးရွယ်အိုစိတ်ကျရောဂါရှိ၊ မရှိ သတိထားရမယ့်လက္ခဏာက ဘာတွေလဲ

ခန္ဓာကိုယ်ရောဂါ လက္ခဏာများ – ခန္ဓာကိုယ်ရောဂါ မရှိပေမယ့် (စမ်းသပ်ရှာဖွေမတွေ့ပေမယ့်) ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာအမျိုးမျိုး ညည်းတွားတာရှိတယ်။ ဥပမာ-အိပ်မပျော်ခြင်း၊ အစားပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခြေလက်ကိုက်ခဲနာကျင်ခြင်း၊ မောပန်းလွယ်ခြင်း ၊ ဝမ်းချုပ်ခြင်း၊ တစ်ယောက်တည်း နေထိုင်လိုခြင်းစသည်တို့ဖြစ်တယ်။ ဒီလိုလက္ခဏာတွေကို မိသားစုဝင်တွေက လူကြီးနာလိုယူဆတတ်တယ်။

စာရေးသူတွေ့ဖူးတဲ့ အသက် ၆၅ နှစ်အရွယ်၊ မစ္စတာအေလိုပေါ့။ ဦးခေါင်းထဲမှာလေးလံနေသလို၊ နာကျင်ကိုက်ခဲ နေသလို ခံစားရတာ၊ ၆ လကျော်ပြီ။ ခန္ဓာကိုယ်ရောဂါ ရှာမတွေ့ဘူး။ အလုပ်က အနားယူလိုက်လို့ ဖြစ်မှာပါလို့ အိမ်သားတွေက ထင်မြင်ချက်ပေးတယ်။ အကိုက်အခဲပျောက်ဆေးအမျိုးမျိုးကို သောက်သုံးနေတယ်။ စိတ်ကျန်း မာရေးစစ်ဆေးကြည့်တော့၊ စိတ်ကျရောဂါ ခံစားနေရတာတွေ့ရှိရတယ်။ အလုပ်က အနားယူလိုက်တာက စိတ်ကျရောဂါကြောင့် အလုပ်မလုပ်ချင်တော့လို့ ဖြစ်ကြောင်း သိရပါတယ်။

မှတ်ဉာဏ်လျော့နည်းခြင်း – အသက်ကြီးသူစိတ်ကျရောဂါရှိရင်၊ “သတိမေ့တတ်တယ်”၊ “မှတ်ဉာဏ်မကောင်း တော့ဘူး”၊ “အရင်ကလိုအာရုံစူးစိုက်မလုပ်နိုင်သူ” -စသဖြင့် ဉာည်းတွားတာများတယ်။ ဒီလိုဖြစ်တာက အသက်ရ လာလို့ဖြစ်တာ၊ အသက်အရွယ်လိုက်ပြီး ဖြစ်တတ်တဲ့ ညဏ်ရည်ကျဆင်းခြင်း (Age Related Cognitive Decline) သာဖြစ်တယ်လို့ ယူဆတတ်ကြတယ်။ ဒါကြောင့် စိတ်ကျရောဂါကြောင့် ဖြစ်နိုင်တာကို သတိမထား မိကြဘူး။ သက်ကြီးရွယ်အိုစိတ်ကျရောဂါပြင်းထန်လာရင် အလွန်အမင်းသတိမေ့တာ၊ စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းလာတာရှိမယ်။ ဒီတော့ ငယ်မူပြန်မှတ်ဉာဏ်ချို ့ယွင်းရောဂါ (Dementia) လို့ အထင်မှားပြီး စိတ်ကျရောဂါ ကုသမှု မခံယူရတာလည်းတွေ့ရှိရတယ်။

အပြုအမှုပြောင်းလဲခြင်း – သက်ကြီးရွယ်အိုစိတ်ကျရောဂါရှိရင် အပြုအမှုပြောင်းလဲမှုကိုသာစတင်တွေ့ရှိရတယ်။ ဥပမာ- အရက်စတင်သောက်သုံးခြင်း၊ ဈေးဆိုင်အလစ်သုတ်ခြင်း၊ ပစ္စည်းအဟောင်းအစုတ်များကိုစုဆောင်းခြင်း၊ အကြောင်းမဲ့ စိတ်တိုလွယ် ဒေါသထွက်လွယ်ခြင်း၊ သံသယစိတ်၊ သဝန်တိုစိတ်ပွားများလာခြင်း၊ ယခင်က စိုးရိမ် ပူပန်တတ်သူမဟုတ်ပေမယ့် အခုမှ အကြောင့်မဲ့ စိုးရိမ်စိတ်များပြားလာခြင်းစသည်တို့ ဖြစ်ပါတယ်။ အရွယ်ကြီး ပြီး အချိန်မစီးဘူးလို့ အပြစ်တင်ကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ စိတ်ကျရောဂါခံစားနေရတာကို သတိမထား မိကြဘူး။

သက်ကြီးရွယ်အိုစိတ်ကျရောဂါ ဘာကြောင့်ဖြစ်ပွားရသလဲ

သက်ကြီးရွယ်အိုစိတ်ကျရောဂါရှိသူများထဲမှာ ၅၀ ရာခိုင်နှုန်းက စိတ်ကျရောဂါ ဖြစ်ဖူးခဲ့တဲ့ ရာဇဝင်မရှိဘူး။ သက်ကြီးရွယ်အိုဘဝရောက်မှ စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေရှိပါတယ်။

♦ နာတာရှည် ခန္ဓာကိုယ်ရောဂါ၊ နာတာရှည် နာကျင်ကိုက်ခဲရောဂါ။

♦ ဆေးရဲ ့ဘေးထွက်ဆိုးကျိုး – ဥပမာသွေးတိုးရောဂါကုသဆေးဖြစ်တဲ့ (Metoprolol) (Propranolol)။ အဆစ်ရောင်၊ အဆစ်ကိုက်ရောဂါနဲ့ နာတာရှည်ရောင်ရမ်းရောဂါများမှာအသုံးပြုတဲ့ ကော်တီစုန်းဆေးများ (Cortisone) (Prednisone)။ ပါကင်ဆင်အကြောဆွဲရောဂါ ကုသဆေး (Levodopa)။ ကိုလက်စထရော အဆီ ကျဆေး (Statins)၊ ဗိုင်းရပ်စ်အသည်းရောင်ကုသဆေး (Interferon-Alpha) စသည်တို့ဖြစ်တယ်။ မိမိသောက် သုံးနေတဲ့ဆေးက စိတ်ကျရောဂါဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေကို ဆရာဝန်နဲ့ ဆွေးနွေးနိုင်တယ်။

နစ်နာဆုံးရှုံးရမှုဘဝ အတွေ့အကြုံများ – အလုပ်မှ အနားယူရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အိမ်ထောင်ဖက် သေဆုံးခြင်း၊ နေအိမ်ပြောင်းရွှေ ့ရခြင်း၊ ရောဂါကြောင့်ဖြစ်စေ၊ လူမှုရေးအခြေအနေကြောင့်ဖြစ်စေ၊ လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားနိုင်မှု ဆုံးရှုံးရခြင်း စတဲ့ ဘဝအတွေအကြုံတွေက သက်ကြီးရွယ်အိုစိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေတယ်။

အထီးကျန်ခြင်း -အလုပ်ကအနားယူလိုက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးသွားတယ်။ သားသမီးတွေ တခြား တစ်နေရာကိုပြောင်းရွှေ့သွားမယ်။ အိမ်ထောင်ဖက်သေဆုံးလို့ တစ်ယောက်တည်းကျန်ခဲ့မယ်။ နေအိမ်ပြောင်း ရွှေ့ရတော့ ရပ်ကွက်ထဲမှာ မိတ်ဆွေဟောင်းတွေ မရှိတော့ဘူး၊ အိမ်မွေးခွေးကလေးသေဆုံးသွားလို့ စိတ်ကျရော ဂါ ခံစားရတဲ့ လူနာတစ်ယောက်အကြောင်းဖတ်လိုက်ရဖူးပါတယ်။ ၂၀၁၂ ခုနှစ် စာရင်းဇယားအရ မြန်မာနိုင်ငံမှာ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုထဲမှာ ၆ ဒဿမ ၇ ရာခိုင်နှုန်းက တစ်ဦးတည်းနေထိုင်ကြောင်း သိရ တယ်။ (Reliefwed.-Int)

သက်ကြီးရွယ်အိုစိတ်ကျရောဂါဖြစ်ပွားမှု ကာကွယ်ရန်

သက်ကြီးရွယ်အိုစိတ်ကျန်းမာရေးကောင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံဉာဏ်ပေးညွှန်ကြားထားတာရှိ တယ်။ ကာယကံရှင်ကိုယ်တိုင်က စတင်ဆောင်ရွက်ဖို့ ဝန်လေးနေရင် ဆွေမျိုးသားချင်းတွေက တိုက်တွန်းအားပေး ကူညီနိုင်ပါတယ်။

♦ အထီးကျန်နေထိုင်တဲ့ အလေ့အထရှိရင် ပြုပြင်ရမယ်။ မိသားစုဆွေမျိုးမိတ်ဆွေတွေနဲ့ အဆက်အသွယ် မဖြတ်သင့်ဘူး။ ရပ်ကွက်တွင်းအလှူပွဲ၊ ပျော်ပွဲရွင်ပွဲ၊ တရားပွဲတွေမှာ ပါဝင်လှုပ်ရှားနိုင်ရင်ကောင်းတယ်။

♦ မိမိရဲ့ လိုအင်ဆန္ဒ၊ အတွေးအခေါ် အယူအဆနဲ့ စိတ်ခံစားမှုတွေကိုဖွင့်ဟတိုင်ပင်ဖို့ ဝန်မလေးရဘူး။

♦ ဝါသနာပါတဲ့ အလုပ်ကိစ္စကိုဆက်လက်လုပ်ဆောင့်သင့်တယ်။ ဒါမှမဟုတ် အရင်အချိန်မှာ ပါဝင်လုပ်ကိုင်နိုင် တဲ့ ဝါသနာတစ်ခုခုကိုစတင်လေ့လာနိုင်တယ်။

♦ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမှန်မှန်လုပ်ရင် အကျိုးရှိတယ်။ အုပ်စုလိုက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရင်၊ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်နိုင်တယ်။ ဥပမာ – စုပေါင်းလမ်းလျှောက်ခြင်း၊ အုပ်စုလိုက် လေ့ကျင့်ခန်း လုပ်ခြင်း။

♦ မိတ်ဆွေသူငယ်ချင်းတွေစုပြီး၊ ထိုင်ပြီးကစားရတဲ့ ကစားနည်း (Table Games) နဲ့ အပျင်းဖြေနိုင်တယ်။

♦ အစားမှန်၊ အအိပ်မှန်ဖို့လိုတယ်။ အစားအစာထဲမှာအသေးစားအာဟာရဓာတ် (Micronutrients) လုံလုံလောက်လောက်မပါရင် ဗီတာမင်မျိုးစုံနဲ့ သတ္တုဓာတ်မျိုးစုံ ပါဝင်တဲ့ ဆေးလုံးကို ဖြည့်စွတ်သုံးစွဲရမယ်။

♦ အရက်သောက်ခြင်း၊ အိပ်ဆေးသုံးစွဲခြင်းနဲ့ စိတ်ငြိမ်ဆေးသုံးစွဲတဲ့ အကျင့်ရှိရင်၊ ရပ်နားသင့်တယ်။

အဲဒါ ကမ္ဘာကျန်းမာရေးအဖွဲ့ကညွှန်ကြားချက်တွေပါ။ အဲလိုအပြုအမူတွေကိုလိုက်နာကျင့်သုံးရင်၊ သက်ကြီးရွယ်အိုစိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းလျော့နည်းသွားနိုင်ပါတယ်။ ကာကွယ်လို့မရရင်၊ ရောဂါနုစမှာလက်ဦးအောင် ကုသပေးရင် စိတ်ကျရောဂါကိုကုသနိုင်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးမှာဖော်ပြခဲ့တဲ့ သက်ကြီးရွယ်အိုစိတ်ကျရောဂါ အချက်ပြလက္ခဏာသုံးမျိုးက တစ်ခုခုကိုတွေ့ရှိရင် ၊ စိတ်ကျရောဂါရှိ၊ မရှိစမ်းသပ်စစ်ဆေးရမယ်။

Most Popular

Healthy Life Ad
To Top