Healthy Life Ad
Health Tips

ကိုဗစ်-၁၉ ကူးစက်နည်းက အဓိကအားဖြင့် နှစ်နည်းသာရှိဟုဆို

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လက်ရှိသုတေသနများပေါ် အခြေခံ၍ပြောရလျှင် ကိုဗစ်-၁၉ ကူးစက်နည်းမှာ အဓိကအားဖြင့် နှစ်နည်းသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (အငြိမ်းစား)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်က အောက်တိုဘာ ၅ ရက်နေ့ ကိုဗစ်အကြောင်း အမေးအဖြေအစီအစဉ်တွင် ပြောကြားခဲ့သည်။

“ယနေ့ မြန်မာနိုင်ငံအတွင်း ကြည့်မယ်ဆိုရင် ပြည်သူလူထုအတွင်းမှာ ရောဂါပိုးရှိနေတယ်ဆိုတာကို ယုံမှားသံသယရှိစရာ အကြောင်းမရှိပါဘူး။ ဘယ်သူ့ဆီမှာရောဂါပိုးရှိနေတယ်ဆိုတာ တပ်အပ်ပြောလို့ မရပါဘူး။ လူတိုင်းလူတိုင်း ရောဂါပိုးရှိနေနိုင်တယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရန်၊ ရှောင်ရန်ကို လိုက်နာဖို့ လိုပါတယ်။ ဘာကြောင့် ကူးစက်ခံရသလဲဆိုတဲ့ သိမှ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ ဒီပိုးက ၁၀ လသားပိုးလေး၊ တစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒါကြောင့် သုတေသနပညာရှင်တွေအနေနဲ့ ဒီပိုးနဲ့ပတ်သက်ပြီး ရနိုင်သမျှ တွေ့ရှိချက်တွေကို ချပြနေပေမယ့် တကယ်တမ်း ပြည့်ပြည့်စုံစုံတော့ မရှိသေးပါဘူး။ ရရှိတဲ့ သုတေသနပေါ်မှာ အခြေခံပြီး ပြောရရင် ကူးစက်နည်းက နှစ်နည်းပဲရှိပါတယ်။ ပထမနည်းကတော့ တိုက်ရိုက်ကူးစက်တာပဲ ဖြစ်ပါတယ်။

တိုက်ရိုက်ကူးစက်တာက ချောင်းဆိုးနေတဲ့သူ၊ နှာချေနေတဲ့သူ ဒါမှမဟုတ် စကားပြောလိုက်တဲ့အခါ သူရဲ ့နှာခေါင်း၊ ပါးစပ်တွေက ထွက်လာတဲ့ အမှုန်အမွှားတွေထဲမှာ ရောဂါပိုးပါလာနိုင်ပါတယ်။ အဲဒီရောဂါပိုးတွေဟာ ရောဂါပိုးမရှိသူဆီကို တိုက်ရိုက်ကူးစက်သွားတာ ဖြစ်နိုင်သလို ဒုတိယနည်းကတော့ ဒီပိုးရဲ ့အရွယ်အစားက နည်းနည်းလေးတဲ့အတွက် ဝေးဝေးမသွားနိုင်ပါဘူး။ ပြုတ်ကျတဲ့အခါ စားပွဲပေါ် ပြုတ်ကျတာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကိုင်နေတဲ့ လက်တန်းပေါ်၊ တံခါးဂျက်တွေပေါ် ပြုတ်ကျတာပဲဖြစ်ဖြစ် ပြုတ်ကျသွားပါတယ်။ အဲဒီလက်တန်း၊ တံခါးဂျက်ကို ကိုင်မိရာက မိမိမျက်နှာကို ပွတ်မိသွားရင် ရောဂါပိုးဟာ နှာခေါင်း၊ ပါးစပ်တို့ကတစ်ဆင့် ဝင်ရောက်ပြီ ကူးစက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာဦးဝင်းမြင့်က ဆိုသည်။

သုတေသနပြုနေသော အခြားနည်းများ ရှိသော်လည်း အခြားနည်းများကို အာရုံမစိုက်တော့ဘဲ ယခုကူးစက်နည်းနှစ်နည်းကို အခြေခံပြီး မည်သို့ကာကွယ်ရမည်ဆိုသည်ကို သိရှိပြီး မဖြစ်မနေ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

“ရောဂါပိုးရှိသူ၊ မရှိသူ ခွဲခြားမသိတဲ့အတွက် မိမိနေအိမ်မှာ နေခြင်းအားဖြင့်၊ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်မှုနည်းပါးခြင်းအားဖြင့် ရောဂါပိုး ကူးစက်မှုကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်မိသားစုထဲမှာလည်း ဘယ်သူ့မှာ ရောဂါပိုး ရှိ၊ မရှိ မသိနိုင်တဲ့အတွက် ၆ ပေခွာပြီး ခပ်ခွာခွာနေဖို့ အရေးကြီးပါတယ်။မိသားစုဝင်တွေအနေနဲ့ အာဟာရပြည့်ဝမှန်ကန်တဲ့ အစားအသောက်တွေစားဖို့။ အချိန်မှန်အိပ်ဖို့၊ သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေ ဆောင်ရွက်ဖို့၊ အိမ်ကလည်း လေဝင်လေထွက်ကောင်းတဲ့ အနေအထားဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်ထဲမှာလည်း အသက် ၆၀ ကျော် အဘိုးအဘွားတွေ၊ သွေးတိုး/ဆီးချို/ကင်ဆာရောဂါလူနာတွေ ရှိမယ်ဆိုရင် သူတို့ကိုပိုပြီး ဂရုစိုက်ပြီး ၆ ပေအကွာက နေဖို့လိုသလို သူတို့စားသောက်တဲ့ ပန်းကန်ခွက်ယောက်တွေကို သီးသန့်ထားပေးသင့်ပါတယ်။

လက်ဆေးတဲ့အကျင့်ကို လူတိုင်း မကြာခဏ လုပ်ဆောင်ပေးသင့်ပါတယ်။ အိမ်ပြင်ကို မဖြစ်မနေ ထွက်ဖို့လိုလာရင် လူစုလူဝေးရှောင်ရှားရပါမယ်၊ ၆ ပေအကွာမှာ နေရပါမယ်၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ရပါမယ်၊ နောက်တစ်ခုကတော့ တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ကူးစက်မှုမဖြစ်အောင် လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောပေးရပါမယ်။ အခုပြောနေတာကို လူတိုင်းသိချင်သိပေမယ့် အသိကနေ သတိဆိုတဲ့အတိုင်း ယုံယုံကြည်ကြည် လက်ခံဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါကို လိုက်နာတဲ့သူ ၅၀-၆၀ ရာခိုင်နှုန်းလောက်ရှိပေမယ့် တိတိကျကျလိုက်နာတဲ့သူက အဲဒီလောက်ရှိမှာ မဟုတ်ပါဘူး။

ဥပမာ- နှာခေါင်းစည်းတပ်တယ်ဆိုရင် စနစ်တကျတပ်တဲ့သူက နှာခေါင်းစည်းမတပ်ခင် လက်ဆေးရမယ်ဆိုတာ လိုက်နာသူ ရှားပါလိမ့်မယ်။ နောက်တစ်ခုက နှာခေါင်းစည်းတပ်တဲ့အခါ သတ္တုကွင်းလေးကို အပေါ်ဘက်မှာ ထားရပါမယ်”ဟု ဒေါက်တာဦးဝင်းမြင့်က သတိပေးပြောကြားထားသည်။

Most Popular

Healthy Life Ad
To Top