Healthy Life Ad
Health Tips

ကိုဗစ်ရောဂါပိုးအမှုန်အမွှား (Droplets)က ပလတ်စတစ်ပစ္စည်းပေါ်တွင် ၅ ရက်ခန့် ရှင်သန်နေနိုင်

———–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———-

လက်ရှိသုတေသန တွေ့ရှိချက်များအရ ကိုဗစ်ရောဂါပိုးအမှုန်အမွှား (Droplets) ကျသွားလျှင် ပလတ်စတစ်ဘူးပေါ်တွင် ၅ ရက်ခန့်အထိ နေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (အငြိမ်းစား)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်က အောက်တိုဘာ ၅ ရက်နေ့ ကိုဗစ်အကြောင်း အမေးအဖြေအစီအစဉ်တွင် ပြောကြားခဲ့သည်။

ကိုဗစ်ရောဂါပိုးအမှုန်အမွှား (Droplets)ကျသွားရင် ပလတ်စတစ်ဘူးပေါ်မှာ ၅ ရက်လောက်အထိ နေနိုင်ပါတယ်။ Stainless Steel တွေပေါ်မှာ ၄၈ နာရီလောက်အထိ နေနိုင်ပါတယ်။ မှန်၊ သစ်သား၊ စက္ကူတွေပေါ်မှာ ၄ ရက်-၅ ရက်လောက်အထိ နေနိုင်ပါတယ်။ ဒါက လက်ရှိသုတေသန တွေ့ရှိချက်ပါ။ နောက်ပိုင်းတွေ့လာရလို့ ဒါတွေက ပြောင်းလဲရင်လည်း ပြောင်းလဲသွားနိုင်ပါတယ်”ဟု ဒေါက်တာဦးဝင်းမြင့်က ပြောသည်။

ကိုဗစ်ရောဂါကာကွယ်ရန် ဆေးစပ်ကြီး (၅) မျိုးကို လိုက်နာသင့်ကြောင်း၊ ယင်းတို့မှာ လူစုလူဝေးရှောင်ခြင်း၊ အိမ်၌နေခြင်း၊ ခပ်ခွာခွာ ၆ ပေအကွာတွင်နေခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်းတို့ဖြစ်ပြီး စနစ်တကျလိုက်နာရန် လိုအပ်ကြောင်း ၄င်းက သတိပေးထားသည်။

“အဓိက အရေးကြီးတာက လူတစ်ယောက်နဲ့တစ်ယောက် အကြိမ်များများ ထိတွေ့မှုကို လျှော့ဖို့လိုပါတယ်။ ထိတွေ့တဲ့အကြိမ်ရေတိုင်းမှာ Risk (ပိုးကူးစက်နိုင်ခြေ) ရှိပါတယ်။ အလားတူ တစ်ခါတစ်ခါ ထိတွေ့တဲ့ အချိန်ကိုလည်း လျှော့ချဖို့လိုပါတယ်။ ဥပမာ-မဖြစ်မနေ ဈေးသွားမယ်ဆိုရင် အကြာကြီး လျှောက်ကြည့်နေမယ့်အစား မြန်မြန်ဆန်ဆန် ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းလေးတွေ ဝယ်ခြင်းအားဖြင့် ဒီလိုထိတွေ့တဲ့အချိန်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာဦးဝင်းမြင့်က ပြောသည်။

အောက်တိုဘာလ ၆ ရက် ညရှစ်နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေ စုစုပေါင်း(၂၀,ဝ၃၃)ဦး၊ သေဆုံးသူ စုစုပေါင်း (၄၇၁) ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူဦးရေ (၅,၇၈၂)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Popular

Healthy Life Ad
To Top