Healthy Life Ad
Q & A

ဆီးချိုသွေးချိုရောဂါအကြောင်း အမေးများသည့် မေးခွန်းများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးအစား(၂) ဆီးချိုရှိသူနှစ်ဦးအနက် တစ်ဦးက ကိုယ့်မှာရောဂါရှိနေမှန်း မသိပါဘူးတဲ့။ ဒါဆိုရင်သိအောင် ဆီးချိုစစ်ကြည့်ဖို့ အရေးကြီးတာပေါ့။ ဆီးချိုစစ်ဖို့ဆိုတာလည်း သိပ်အခက်အခဲကြီး မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာ ဆီးချိုတိုင်းစက် တစ်လုံးသာရှိရင် အလွယ်တကူစစ်လို့ရပါတယ်။ မရှိရင်လည်း နီးစပ်ရာဆေးခန်းတွေမှာ အလွယ်တကူစစ်လို့ရပါတယ်။ ဆီးချိုရောဂါရှိမှန်း အသိနောက်ကျရင် နောက်ဆက်တွဲရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ရောဂါကို စောစောဖော်ထုတ်ဖို့ အရေးကြီးလှပါတယ်။

ဘယ်လိုအတိုင်းအတာဆိုရင် ဆီးချိုဖြစ်နေပြီလဲ။

ဆီးချိုသွေးချိုရောဂါမရှိတဲ့ ပုံမှန်လူတစ်ဦးမှာ နံနက်စောစော (၈ နာရီအစာဖြတ်ပြီး) သွေးချိုစစ်ကြည့်ရင် ၁၀ဝ mg/dl ထက် မကျော်ပါဘူး။ ၇၀ မှ ၉၉ mg/dl အထိရှိပါတယ်။ အစာစားပြီး နှစ်နာရီကြာရင် ၁၄၀ mg/dl အောက် နည်းရပါမယ်။ ဆီးချိုသွေးချိုရောဂါလို့ သတ်မှတ်တဲ့ ကိန်းဂဏန်းကတော့ နံနက်စောစောမှာ ၁၂၆ mg/dl ကျော်ရပါမယ်။ ကြုံကြိုက်သလို စစ်ကြည့်ရင်တော့ ၂၀ဝ mg/dl ကျော် ရှိရပါမယ်။

ကျန်းမာအောင် နေထိုင်စားသောက်မယ်ဆိုရင် ဆီးချိုမဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်နိုင်ပါသလဲ။

ကျန်းမာအောင် နေထိုင်စားသောက်မယ်ဆိုရင် ဆီးချိုမဖြစ်အောင် ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။

ဆီးချိုမဖြစ်အောင် ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ဘယ်လိုကာကွယ်နိုင်ပါသလဲ။

တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ဆီးချိုသွေးချိုရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ကုထုံးတစ်ခုလို လုပ်သင့်ပါတယ်။ အဲဒီအခါ သွေးချိုထိန်းသိမ်းမှု ပိုကောင်းလာပါတယ်။ နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကျစေပါတယ်။ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းပြီး နေထိုင်လို့ ကောင်းစေပါတယ်။
အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ရှောင်ပါ။ မဝေးလွန်းတဲ့ခရီးကို လမ်းလျှောက်သွားပါ။ မမြင့်လွန်းတဲ့ အထပ်တွေကို ခြေထောက်နဲ့ပဲ အတက်အဆင်းလုပ်ပါ။ အိမ်ရှင်မတွေ အိမ်အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်တာ၊ ခြံထဲမှာ ပေါင်းမြက်သုတ်သင်ရှင်းလင်းတာတို့ကို လုပ်ဆောင်ရင်း လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိထားသင့်တဲ့ တခြားအချက်တစ်ခုက ပြုံးပါ။ စိတ်ဖိစီးမှုလျော့နည်းတာက ဆီးချိုလျှော့ချရေးမှာ အရေးပါလို့ ပြုံးသင့်တာဖြစ်ပါတယ်။

ဆီးချိုရှိခဲ့ရင် ကာယကံရှင်သာမက မိသားစုအပေါ် ဘယ်လိုဝန်ထုပ်ဝန်ပိုး သက်ရောက်စေပါသလဲ။

ဆီးချိုရှိခဲ့ရင် ကာယကံရှင်မှာသာမက မိသားစုဝင်တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆီးချိုရှိသူက ဆေးကုသရတာနဲ့ ဆေးရုံမကြာခဏ တက်ရတာကြောင့် ငွေကုန်ကြေးကျများပါတယ်၊ အချိန်ကုန်ပါတယ်၊ အလုပ်အကိုင်ပျက်ပါတယ်၊ စိတ်ဖိစီးမှုလည်း ဖြစ်ရပါတယ်။

ဆီးချိုရှိခဲ့ရင် ဘယ်လိုလိုက်နာသင့်ပါ သလဲ။

ဆီးချိုရှိခဲ့ရင် သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးရပါမယ်၊ သက်ဆိုင်ရာပြနေတဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို မှန်မှန်သောက်ရပါမယ်။ ဆရာဝန်ချိန်းဆိုတိုင်း မှန်မှန်ပြသရပါမယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်ရပါမယ်၊ လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။ ဆေးလိပ်၊ ကွမ်းစားတာကို ရှောင်ကြဉ်ရပါမယ်။ အဝမလွန်အောင် ထိန်းသိမ်းရပါမယ်။

Most Popular

Healthy Life Ad
To Top