Healthy Life Ad
Health Tips

စိတ်ကူးယဉ်လွန်းသူ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

နိဒါန်း

စိတ်ကူးယဉ်ခြင်း (Fantasy) ဆိုတာဘာလဲ။ အတွေးဖြင့်ကြည်နူးခြင်း၊ နေ့လယ်အိပ်မက်မက်နေခြင်းလို့လည်း နားလည်နိုင်ပါတယ်။ မိမိရဲ့လိုအင်ဆန္ဒတွေ အမှန်တကယ်ဖြစ်ပေါ်ရရှိနေသလို စဉ်းစားခန်းဝင်နေခြင်း ဖြစ်ပါတယ်။ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက ဖြစ်နိုင်ခြေရှိပေမယ့် အမှန်တကယ်ပိုင်ဆိုင်ရရှိဖို့ အလားအလာနည်းပါးတဲ့ လိုအင်ဆန္ဒမျိုးဖြစ်တယ်။ ဥပမာ-သိန်းတစ်သောင်းထီပေါက်ရင် ငါဘာလုပ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးဖြစ်တယ်။ စိတ်ကူးယဉ်စဉ်းစားခြင်းက တစ်စုံတစ်ခုကို လက်တွေ့ဆောင်ရွက်ဖို့ အစီအစဉ်ချမှတ်နေတာမျိုး မဟုတ်ဘူး။ ဆုံးဖြတ်ချက်တစ်ခုအတွက် ဆင်ခြင်တွေးတော အကြံထုတ်နေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကူးယဉ်စဉ်းစားမိတိုင်း မကောင်းတဲ့ အလေ့အကျင့်လို့တော့ ပြောလို့မရပါဘူး။

ဦးနှောက်သဘာဝ လုပ်ငန်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ကျိုးကြောင်းဆီလျော်အောင် စဉ်းစားခြင်း၊ ခွဲခြားဝေဖန်ပိုင်းခြားနားလည်ခြင်းနဲ့ ဆုံးဖြတ်ဆောင်ရွက်လုပ်ကိုင်ခြင်း စိတ်ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တယ်။ ဒုတိယပိုင်းက စိတ်ထဲမှာ အလိုအလျောက် သိရှိခံစားရခြင်း (Intuition)နဲ့ ပတ်သက်တယ်။ စိတ်ကူးဉာဏ်(Imagination)နဲ့ သက်ဆိုင်တဲ့ ဦးနှောက်လုပ်ငန်းပိုင်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရပ်တည်နိုင်ဖို့၊ အဲဒီဦးနှောက်လုပ်ငန်းနှစ်မျိုးစလုံး လိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက နိုးကြားနေတဲ့ အချိန်ပိုင်းရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ စိတ်ကူးယဉ်စဉ်းစားခြင်းမှာ အသုံးချတာတွေ့ ရှိရတယ်။

စိတ်ကူးစိတ်သန်း (Imagination) အားနည်းပြီး စိတ်ကူးယဉ်စဉ်းစားခြင်း နည်းပါးသူတွေ ရှိပါတယ်။ သူတိုရဲ့ အတွေးအခေါ်မှာ အရောင်အဆင်းမရှိဘူး။ “တုံးတိတိ”တွေးခေါ်စဉ်းစားတတ်တယ်။ အတွေးအခေါ်အယူအဆ တင်းမာတယ်၊ တယူသန်တယ်။ လက်တွေ့လုပ်ကိုင်စရာရှိတာကိုသာ လက်တွေ့လုပ်ကိုင်တတ်ကြပါတယ်။

စိတ်ကူးယဉ်စိတ်က အကြံဉာဏ်သစ်နဲ့ ဖန်တီးချင်စိတ် (Creative)ကို ဖြစ်ပေါ်စေတယ်။ အမျိုးမျိုးအဖုံဖုံ တွေးတောတတ်ခြင်း (Divergent Thinking) ကိုအားပေးတယ်။ “ဘောင်”ဘေးကနေပြီး စဉ်းစားခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် စာပေဂီတနဲ့ ပန်းချီပန်းပု အနုပညာရှင်တွေထဲမှာ စိတ်ကူးယဉ်စိတ် အားသန်ကြတာ တွေ့ရှိရမယ်။

စိတ်ကူးယဉ်ခြင်းက စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တယ်လို့ စိတ်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ စိတ်ကူးယဉ်စဉ်းစားခြင်းက ပြင်းထန်နေတဲ့ စိတ်ခံစားမှုကို သမမျှတစေပါတယ်။ မသိစိတ်ထဲမှာ ခိုအောင်းနေတဲ့ မပြည့်ဝတဲ့ ဆန္ဒဇောတွေအတွက် ထွက်ပေါက်ဖြစ်တယ်။ စိတ်ကူးယဉ်တွေးတောခြင်းကြောင့် မိမိကိုယ်မိမိ ပိုမိုနားလည်လာစေနိုင်တယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ရင်ဆိုင်ဖို့ ဇာတ်တိုက်ထားသလိုလည်း ဖြစ်ပါတယ်။

“စိတ်ကူးယဉ်စဉ်းစားတတ်တဲ့အကျင့် အစွန်းရောက်သူတွေ ရှိပါတယ်။ ‘စိတ်ကူးယဉ်လွန်းသူ’(Fantasy Prone Person)လို့ ခေါ်ပါတယ်။ နေ့စဉ်နေ့တိုင်း စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပျော်မွေ့နေသူဖြစ်တယ်။ လူထုအတွင်းမှာ လူတစ်ရာမှာ ၄ ယောက်နှုန်းရှိပါတယ်။ စိတ်ကူးယဉ်လွန်းသူက အယုံလွယ်တယ်၊ လူတွေက တိုက်တွန်းတာကို” . . .

ဒါပေမဲ့ စိတ်ကူးယဉ်တတ်ခြင်းက အစွန်းရောက်လာရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်ပါတယ်။ စိတ်ကူးယဉ်စဉ်းစားတတ်တဲ့အကျင့် အစွန်းရောက်သူတွေ ရှိပါတယ်။ “စိတ်ကူးယဉ်လွန်းသူ”( Fantasy Prone Person)လို့ ခေါ်ပါတယ်။ နေ့စဉ်နေ့တိုင်း စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပျော်မွေ့နေသူဖြစ်တယ်။ လူထုအတွင်းမှာ လူတစ်ရာမှာ ၄ ယောက်နှုန်းရှိပါတယ်။ စိတ်ကူးယဉ်လွန်းသူက အယုံလွယ်တယ်၊ လူတွေက တိုက်တွန်းတာကို လက်ခံနာယူလွယ်တတ်ခြင်း (Suggestible) ရှိတယ်။ အဲဒီလိုလူမျိုးကို အိပ်မွေ့ချဖို့ လွယ်ကူပါတယ်။ ဒါကြောင့် စိတ်ကူးယဉ်လွန်းသူတွေထဲမှာ ၂၅ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးချို့ယွင်းတဲ့ လက္ခဏာတွေရှိတယ်။ ၁၀ ရာခိုင်နှုန်းကတော့ စိတ်ကူးယဉ်အိပ်မက်နဲ့ လက်တွေ့ကမ္ဘာလောကကို မခွဲခြားနိုင်ဖြစ်ပြီး စိတ္တဇရောဂါ ခံစားလာရပါတယ်။

စိတ်ကျန်းမာရေးသင်တန်းတစ်ခုမှာ ဆေးကျောင်းသားတွေကို စိတ်ကူးယဉ်ခြင်းနဲ့ စိတ်ရောဂါဆက်စပ်မှုအကြောင်း သင်ကြားဆွေးနွေးနေခြင်း ဖြစ်ပါတယ်။
ဆေးကျောင်းသူတစ်ဦးက မေးမြန်းတယ်။

“စိတ်ကူးယဉ်လွန်းတဲ့ အလေ့အကျင့်က ဘယ်လိုပေါ်ပေါက်လာတာလဲ”

“ကလေးတိုင်း စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါက သဘာဝပါပဲ။ ကလေးတွေက စိတ်ကူးယဉ်ပုံပြင်ကို နားထောင်ချင်ကြတယ်။ ကစားတဲ့အခါမှာလည်း အရုပ်တွေက အမှန်တကယ် အသက်ရှိတဲ့ သတ္တဝါလို ပြောဆိုဆက်ဆံတာ တွေ့ရှိရမယ်။ တချို ့မိဘတွေက သားသမီးအရွယ်ရောက်လာတဲ့အထိ စိတ်ကူးယဉ်စဉ်းစားခြင်းကို အားပေးအားမြှောက် ပြုလုပ်တတ်ပါတယ်။

ငယ်စဉ်က ရိုက်နှက်ညှင်းဆဲတာခံရခြင်း၊ လူကြီးမိဘတွေက ပစ်ပယ်ဆက်ဆံတာ ခံရခြင်း၊ စိတ်ဓာတ်ညှင်းပန်းတာ ခံရခြင်း၊ လိင်အဓမ္မပြုကျင့်တာ ခံရခြင်း စတဲ့ အတွေ့အကြုံခံစားရတဲ့ ကလေးတွေ အရွယ်ရောက်လာရင် စိတ်ကူးယဉ်လွန်းသူ ဖြစ်လာတတ်တယ်။ အဲဒီလို ဖိစီးမှုဒဏ်ခံရတဲ့ ကလေးက သူဒုက္ခရောက်နေတဲ့ ဘဝကို လက်မခံနိုင်ဘူး။ လက်မခံချင်ဘူး။ ထွက်ပေါက်ရှာတယ်။ ဒီတော့ စိတ်ကူးယဉ်ဘဝထဲမှာ ပျော်မွေ့တဲ့အကျင့် ရရှိလာပါတယ်။

“ဘယ်လိုစိတ်ရောဂါတွေမှာ စိတ်ကူးယဉ်လွန်းတဲ့ လက္ခဏာတွေ့ ရှိရသလဲ”လို့ ဆေးကျောင်းသားတစ်ဦးက သိချင်ပါတယ်။

“ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ”ရှိသူတွေမှာ စိတ်ကူးယဉ်စိတ်လွန်ကဲတာ တွေ့ရှိရတယ်။ ဥပမာ-အပေါင်းအသင်းနည်းပါးပြီး တစ်ဦးတည်းနေတတ်တဲ့ “လူရှောင်ရှားကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ (Avoidant Personality Disorder) (APD) ရှိသူမျိုးဖြစ်ပါတယ်။ APD ကိုယ်ရည်ကိုယ်သွေးရှိသူက မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးတယ်။ တခြားသူတွေက မိမိကိုဝေဖန်မှာ၊ မိမိကိုလက်မခံမှာကို ကြိုတင်ပြီး စိုးရိမ်စိတ်များတတ်တယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာကို ဝန်လေးတယ်။ ဒါပေမဲ့ မိမိရဲ့ဆန္ဒက လူတွေနဲ့ ရဲရဲတင်းတင်း ပေါင်းသင်းဆက်ဆံချင်တယ်။ ဒါကြောင့် အဲဒီလို စိတ်ဆန္ဒပြည့်ဝအောင် စိတ်ကူးထဲမှာပဲ ဖြေဖျောက်နေတတ်တဲ့ အကျင့်ရှိပါတယ်။

ဆေးကျောင်းသားတစ်ယောက်က ကြားဖြတ်ပြီး ပျက်လုံးထုတ်တယ်။

“ကျွန်တော့်သူငယ်ချင်းတစ်ယောက်လိုပေါ့။ သူချစ်နေတဲ့ ကောင်မလေးကို ဖွင့်ဟမပြောရဲဘဲ စိတ်ကူးယဉ်တာနဲ့ အချိန်ကုန်နေတယ်”

“လူငယ်တွေထဲမှာ ဖြစ်တတ်ပါတယ်။ စိတ်ကူးယဉ်စိတ်လွန်ကဲလက္ခဏာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါတစ်ခုကတော့ “တုံးတိတိ အေးစက်စက် ကိုယ်ရည်ကိုယ်သွေးချို့ယွင်းရောဂါ” (Schizoid Personality Disorder) (SPD) ဖြစ်တယ်။ SPD ကိုယ်ရည်ကိုယ်သွေးရှိသူက တစ်ဦးတည်းနေတတ်သူဖြစ်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံချင်စိတ် လျော့နည်းတယ်။ ဖိုမသဘာဝကိစ္စမှာလည်း စိတ်မဝင်စားဘူး။ ဝါသနာပါတဲ့ အလုပ်ကိစ္စလည်းမရှိဘူး။ လူတွေနဲ့ ဆက်ဆံတဲ့အခါ စိတ်ခံစားတုန့်ပြန်မှုကိုလည်း မဖော်ပြတတ်ဘူး။ ချီးကျူးတာ၊ အပြစ်တင်တာခံရရင်လည်း ဂရုမစိုက်သလိုပဲ” ဆေးကျောင်းသူတစ်ယောက်က ကောက်ချက်ချတယ်။

“တရားရနေသလိုလား”

“မတူပါဘူး။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ လမ်းစပျောက်နေသူလို့ဆိုရမယ်။ SPD ကိုယ်ရည်ကိုယ်သွေးရောဂါ ရှိသူတွေထဲမှာ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ (Schizophrenia) ဖြစ်ပွားမှုနှုန်း များပြားပါတယ်”

ဆေးကျောင်းသားတစ်ယောက်က ပါဝင်ဆွေးနွေးပါတယ်။

“ကျွန်တော် ဒီမနက်ကြည်ရှုခဲ့တဲ့ လူနာတစ်ယောက်က သူ့လက်ကောက်ဝတ်ကို ဓားနဲ့လှီးဖြတ်လို့ ဆေးရုံရောက်လာသူပါ။ သူကလည်း စိတ်ကူးယဉ်လွန်းတတ်တာ တွေ့ရှိရတယ်”

“ဘယ်သူလဲ”

“ဂျီနာပါ”

“ဂျီနာက ဆရာ့လူနာပါ။ “စိတ်ခံစားမှု ဂနာမငြိမ် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါ” (BPD) (Bordeline Personality Disorder) ရောဂါရှိသူပါ။ ဂျီနာက ကလေးဘဝမှာ အမျိုးမျိုး ညှင်းဆဲနှိပ်စက်ခံခဲ့ရတယ်။ အရွယ်ရောက်လာတော့ စိတ်ခံစားတုံ့ပြန်မှု လွန်ကဲခြင်း၊ တဇွတ်ထိုးလုပ်တတ်ခြင်း၊ ပစ်ပယ်ခံရမှာကို လက်မခံနိုင်ခြင်း၊ စိတ်ဓာတ်အတက်အကျမြန်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်း၊ အရက်စွဲမူးယစ်ဆေးစွဲတဲ့ အကျင့်ရှိခြင်းတို့ကို တွေ့ရှိရတယ်။ အခုတစ်ကြိမ်မှာလည်း သူ့ရီးစားနဲ့ ရန်ဖြစ်စကားများပြီး သတ်သေဖို့ ကြိုးစားတာပါ။ BPD ကိုယ်ရည်ကိုယ်သွေးရှိသူတွေထဲမှာလည်း စိတ်ကူးယဉ်စိတ်လွန်ကဲတတ်ပါတယ်”

စိတ်ကူးယဉ်လွန်းခြင်းကြောင့် ဖြစ်ပွားလာတတ်တဲ့ ရောဂါတစ်ခုရှိသေးတယ်။

“ပြောပြပါ ဆရာ”

“စိတ်ကူးယဉ်လွန်းသူက ခန္ဓာကိုယ်ခံစားတုံ့ပြန်မှုလည်း သူများထက်မြင့်မားတတ်တယ်။ ဥပမာ- ကြောက်မက်ဖွယ်ရာ ရုပ်ရှင်ကြည့်နေရင် ခြေဖဝါးလက်ဖဝါးအေးခြင်း၊ ကြက်သီးမွေးညင်းထခြင်း၊ ခြေလက်ထုံကျဉ်ခြင်း စတဲ့ လက္ခဏာတွေကို တခြားသူတွေထက် ပိုမိုခံစားရတယ်။ ဒါကြောင့် ဂျီနာလိုလူနာမျိုးက ကိုယ်ဝန်ရှိမှာကို ကြောက်တဲ့စိတ် ဒါမှမဟုတ် ကိုယ်ဝန်ရရှိချင်စိတ်ပြင်းပြလာရင် ကိုယ်ဝန်တုရောဂါ (Pseudocyesis) ရရှိတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top