Healthy Life Ad
Health Tips

ဂျပန်လူမျိုးအများစု အသက် ၁၀ဝ အထိ ရှည်ကြတာ လျှို ့ဝှက်ချက် ၈ ခုကြောင့်ပါ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဂျပန်လူမျိုးတွေက အသက်ရှည်ရှည်နေနိုင်ပြီး ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နှုန်း လျော့နည်းမှုရှိပါတယ်။ ယူကေမှာ နေထိုင်သူတွေနဲ့ယှဉ်ရင် ဂျပန်လူမျိုးတွေက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နှုန်း သိသိသာသာ လျော့နည်းမှုရှိပါတယ်။ အကြောင်းကတော့ ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံရှိတာကြောင့်လို့ သိရပါတယ်။

alignnone size-medium wp-image-59675
လျှို့ဝှက်ချက် (၁) သကြားစားသုံးမှု လျော့နည်းလို့ပါ

ဂျပန်လူမျိုးတွေက ထမင်းစားပြီး နောက်ဆုံးမှာ ပူတင်းစားလေ့မရှိဘဲ သစ်သီး ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ ဂျပန်လူမျိုးတွေ သောက်လေ့ရှိတဲ့ ကော်ဖီမှာလည်း သကြားပါဝင်မှုက အနောက်တိုင်းသားတွေထက် ပိုနည်းပါတယ်။ သကြားက ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့အပြင် အဲဒါနဲ့ ဆက်စပ်နေတဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ စတဲ့ ရောဂါတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဂျပန်လူမျိုးတွေရဲ့ သကြားစားသုံးမှုက တစ်နေ့မှာ ပျမ်းမျှအားဖြင့် ၄၈ ဒသမ ၈ ဂရမ်ရှိပြီး ဗြိတိန်လူမျိုးတွေက ၁၀ဝ ဒသမ ၄ ဂရမ်ရှိတဲ့အတွက် သကြားစားသုံးမှု လျော့နည်းတာကလည်း ကျန်းမာသက်ရှည်စေတဲ့ အချက်တစ်ခုပါ။

alignnone size-medium wp-image-59676
လျှို ့ဝှက်ချက် (၂) ပင်လယ်ရေညှိလို ပင်လယ်ထွက်ဟင်းသီးဟင်းရွက်တွေ သုပ်စားလို့ပါ

ဂျပန်လူမျိုးတွေ သက်ရှည်ကျန်းမာရတဲ့ လျှို ့ဝှက်ချက်တစ်ခုက အဆီနည်းတဲ့ ပင်လယ်ရေညှိ၊ ကျောက်ပွင့် အစရှိတဲ့ ပင်လယ်ထွက် ဟင်းရွက်သုပ်တွေ စားလေ့ရှိတာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပင်လယ်ထွက်ဟင်းသီးဟင်းရွက်တွေမှာ ရောဂါကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရှိတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပင်လယ်ထွက်အပင်တွေမှာပါတဲ့ အဲလ်ဂျီးနိတ်ဟာ ခန္ဓာကိုယ်ရဲ့ အဆီစုပ်ယူမှုကို ရပ်တန့်ပေးပါတယ်။ ဂျပန်လူမျိုးတွေက ပင်လယ်ရေညှိနဲ့ ကျောက်ပွင့်တွေကို ရေထဲမှာ ငါးမိနစ်ခန့် စိမ်ထားပြီးမှ သုပ်စားလေ့ရှိပါတယ်။

alignnone size-medium wp-image-59677
လျှို ့ဝှက်ချက် (၃) ဗိုက်မပြည့်မီ ရပ်လိုက်လို့ပါ

အိုကီနာဝါ ဂျပန်းကျွန်းတစ်ခုမှာ ကမ္ဘာ့အသက်ရာကျော်ရှည်သူဦးရေ အများဆုံးပါ။ သူတို့တွေက အစာစားတဲ့အခါ ဗိုက်မပြည့်ခင် ရပ်လိုက်လေ့ရှိပါတယ်။ ဗိုက်မပြည့်တင်းခင် အစာစားတာကို ရပ်လိုက်တာက အစာကို နည်းနည်းပဲစားဖြစ်စေပြီး ခန္ဓာကိုယ်သွယ်လျကာ ကျန်းမာရေးကောင်းမွန်စေပါတယ်။ အစာအိမ်က အစာစားရင်း ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီကို အချက်မပြခင် မိနစ် ၂၀ အချိန်ယူရလေ့ရှိပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ ပန်းကန်ပြောင်တဲ့အထိ အပြည့်အတင်းမစားဘဲ ရပ်နားသင့်ပါတယ်။ ဒီလိုလုပ်မှသာ ဗိုက်ပြည့်အောင်စားဖြစ်နိုင်ခြေ လျော့နည်းသွားမှာပါ။

alignnone size-medium wp-image-59678
လျှို ့ဝှက်ချက် (၄) ဂျပန်လူမျိုးတို့ စားလေ့ရှိတဲ့ ဆူရှီကြောင့်ပါ

ဆူရှီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့အတွက် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဂျပန်လူမျိုးတွေက နေ့တိုင်း ငါး ၈၀- ၁၀ဝ ဂရမ် စားလေ့ရှိပြီး ဗြိတိန်လူမျိုးတွေက တစ်ပတ်မှာ အဆီများတဲ့ငါးကို တစ်ကြိမ်ပဲ စားလေ့ရှိပါတယ်။ ဂျပန်တွေက ငါးနဲ့ ပင်လယ်စာကို နှစ်ခြိုက်စွာ စားလေ့ရှိတဲ့အတွက် နှလုံးရောဂါဖြစ်နှုန်း လျော့ကျမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အမေရိကန်လူမျိုးတွေနဲ့ယှဉ်ရင် ဂျပန်လူမျိုးတွေရဲ့ သွေးကြောထဲမှာ ကိုလက်စထရောနည်းနေတတ်ပါတယ်။ အကြောင်းကတော့ ငါးများများပါတဲ့ အစာကိုစားတာကြောင့် သွေးကြောပိတ်ဆို့မှုကို ဟန့်တားနိုင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေလို တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်ခန့် အဆီများတဲ့ငါး ဒါမှမဟုတ် ဆူရှီစားပေးပါ။

alignnone size-medium wp-image-59679
လျှို ့ဝှက်ချက် (၅) အလုပ်ကို လမ်းလျှောက်သွားကြလို့ပါ

ဂျပန်လူမျိုးတွေက အများသုံးယာဉ်စီးပြီး ဒါမှမဟုတ် လမ်းလျှောက်ပြီး အလုပ်သွားလေ့ရှိပါတယ်။ လူအများစုဟာ တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် လမ်းလျှောက်လေ့ရှိပြီး ကားစီးတဲ့အချိန် သိသိသာသာ နည်းပါတယ်။ ဒါက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ တစ်ပတ်မှာ နှစ်နာရီခွဲခန့် လမ်းလျှောက်တာကြောင့် ဘဝသက်တမ်းကို ခုနစ်ပိုရှည်စေတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။

လျှို့ဝှက်ချက် (၆) ဘဝကို ဟန်ချည်ညီမျှစွာ နေထိုင်တတ်ကြလို့ပါ

ဂျပန် အရွယ်ရောက်သူ အများစုဟာ ထိုက်ချိကစားလေ့ရှိပါတယ်။ အဲဒီလေ့ကျင့်ခန်းဟာ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာနဲ့ အလွန်နှေးကွေးပြီး ကျက်သရေရှိတဲ့ လှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ထိုက်ချိကစားနည်းဟာ အဆစ်တွေပေါ်မှာ သက်ရောက်မှုအနည်းဆုံး ဖြစ်တဲ့အတွက် အသက်ကြီးသူတွေအတွက် သင့်တော်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကိုယ်နေဟန်နဲ့ လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ လေ့လာမှုအရ ထိုက်ချိကစားနည်းကြောင့် ကိုယ်ဟန်အနေအထား ကောင်းမွန်တဲ့အတွက် လဲမကျအောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

alignnone size-medium wp-image-59680
လျှို ့ဝှက်ချက် (၇) အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ စားလို့ပါ

ဂျပန်လူမျိုးတွေက အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စားလေ့ရှိပါတယ်။ အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကောင်းမွန်တဲ့ အကျိုးပြုဘက်တီးရီးယားပါဝင်ပြီး ခန္ဓာကိုယ်ရဲ ့ အာဟာရစုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေကာ အူလမ်းကြောင်းမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ ကြီးထွားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ လေ့လာမှုအရ အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ကိုယ်ခံအားဆဲလ် ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းမှာ ရှိပါတယ်။ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ လက်တစ်အက်စစ် ဘက်တီးရီးယားတွေက အူလမ်းကြောင်းကျန်းမာရေးအတွက် အသုံးဝင်ဆုံး ဖြစ်ပါတယ်။

alignnone size-medium wp-image-59681
လျှို ့ဝှက်ချက် (၈) သွေးဆုံးဝေဒနာ သက်သာစေတဲ့ တိုဟူးအစားများလို့ပါ

ဂျပန်အမျိုးသမီးတွေရဲ့ သွေးဆုံးဝေဒနာဖြစ်နှုန်းက အမေရိကန်အမျိုးသမီးတွေထက် ပိုနည်းပါတယ်။ အကြောင်းကတော့ ပဲပုပ်စေ့၊ တိုဟူး အစရှိတဲ့ ပဲပိစပ်အစားအစာတွေကို များများစားသောက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပဲပုပ်စေ့နဲ့လုပ်ထားတဲ့ အစားအစာမှာ အိုက်ဆိုဖလေဗုန်းပါတာကြောင့် သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းရဲ့ သက်ရောက်မှုကို လျော့ကျစေလို့ ဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးတွေက တစ်ပတ်မှာနှစ်ကြိမ်ခန့် တိုဟူးစားလေ့ရှိပါတယ်။ အချဉ်ဖောက်ထားတဲ့ ပဲပုပ်စေ့ကိုစားရင် ပိုပြီး အစာကြေလွယ်တဲ့အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

Most Popular

Healthy Life Ad
To Top