Healthy Life Ad
Health Tips

Covid-19 ရောဂါဖြစ်သူတို့၏ ၅၆ ရာခိုင်နှုန်းက အနံ့မရသောလက္ခဏာ ခံစားရခြင်းဖြစ်ကြောင်း သိရ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ရောဂါ ဖြစ်သူတို့၏ ၅၆ ရာခိုင်နှုန်းမှာ အနံ့မရသောလက္ခဏာ ခံစားရခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ Covid-19 ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်သီတာလှက ပြောကြားထားသည်။

“တစ်နိုင်ငံလုံးမှာ ဒီရောဂါဖြစ်သူတွေရဲ့ ၅၆ ရာခိုင်နှုန်းက အနံ့မရတာဖြစ်တယ်လို့ လေ့လာစစ်ဆေး တွေ ့ရှိချက်များအရ သိရပါတယ်။ ဒါကြောင့် အနံ့မရတာနဲ့ ပတ်သက်ပြီး ဆေးရုံတွေကို လာပြတဲ့ စောင့်ကြည့်လူနာ (သံသယလူနာ) အရေအတွက်က အရမ်းများလာပါတယ်။ များလာတဲ့အတွက် အလျင်အမြန်စစ်နိုင်ဖို့ နာရီဝက်အတွင်း အဖြေရနိုင်တဲ့ Antigen Rapid Test ကို စသုံးနေပါပြီ။ ရန်ကုန်မြို့ ဆေးရုံ ၉ ရုံမှာ စတင်အသုံးပြုနေတာဖြစ်ပါတယ်” ဟု ဒေါက်တာဒေါ်သီတာလှက ပြောသည်။

အနံ့မရသော ရောဂါလက္ခဏာတစ်ခုတည်းသာရှိသည့် ဓာတ်ခွဲအတည်ပြုလူနာများကို မိမိနေထိုင်ရာ မြို ့နယ်နှင့် အနီးဆုံးတွင်ရှိသည့် အနံ့မရစင်တာ (Anosmia center) တွင် ထားရှိပြီး လိုအပ်သောကုသမှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒုတိယလှိုင်းမှာ ရောဂါပိုးကူးစက်ခံရသူတွေ များလာတာနဲ့အမျှ နောက်ပိုင်းမှာ အနံ့မရဘူးဆိုတဲ့ လက္ခဏာတစ်ခုက သိသိသာသာ ထွက်လာတာပေါ့။ တစ်နေ့တစ်နေ့ ရာဂဏန်းအထိ တွေ့လာရတာဖြစ်တယ်။ Covid-19 မှာ အနံ့မရတာက အရေးကြီးတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း အနံ့မရတာကို Covid-19 လက္ခဏာတွေထဲမှာ ထည့်ပြီးသားပါ။ ဒီလိုကပ်ရောဂါ ဖြစ်နေတဲ့အချိန်ကာလမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စပြီး အနံ့မရဘူးဆိုရင် Covid-19 ဖြစ်ဖို့ ရာခိုင်နှုန်းက တော်တော်လေးများပါတယ်။ ရှင်းရှင်းပြောရရင်တော့ အခုမှဖြစ်တာ၊ အခုမှသိတာဆိုရင် စစ်လိုက်တာနဲ့ ရောဂါတွေ့တာ တော်တော်လေးကို များပါတယ်။ တစ်ခုသတိထားရမှာက နဂိုကတည်းကိုက နှာခေါင်းပိတ်တဲ့ ရောဂါရှိတတ်တယ်၊ နှာစေး၊ နှာချေတဲ့ ရောဂါရှိတတ်တယ်။ ဒီလိုလူတွေကတော့ အနံ့နဲ့ပတ်သက်လို့ လျော့နည်းနေနိုင်တယ်။ ကျွန်တော်ဆိုလိုတာက အခုမှဖြစ်လာတာ၊ သိသိသာသာ ဖြစ်လာတာဆိုရင်တော့ အရေးကြီးပါတယ်။

အနံ့လုံးဝ ပျောက်ဆုံးသူရှိသလို အနံ့ကို ခါတိုင်းလောက် မခံစားနိုင်တော့ဘဲ လျော့သွားတဲ့သူလည်း ရှိပါတယ်။ အခုလို ကပ်ရောဂါကာလမှာ အခုချက်ချင်း အနံ့ပျောက်သွားပြီဆိုရင် အင်မတန်သတိထားဖို့ လိုပါတယ်။ ဒါကိုပြဖို့ လိုအပ်ပါတယ်။

အနံ့မရတာက အရသာပျောက်ဆုံးတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ ချောင်းဆိုးတာ၊ ဖျားတာတို့နဲ့လည်း တွဲဖြစ်တတ်ပါတယ်။ များသောအားဖြင့် အနံ့ပျောက်တာ တစ်ခုတည်းဆိုရင်တော့ အခြေအနေတော်တော်လေး ကောင်းပါတယ်။ လူနာအတော်များများက ပြန်ပြီး ကောင်းသွားကြတာချည်းပါပဲ။ ၉ ရက်-၁၀ ရက် အတွင်း ပြန်ကောင်းသွားကြတာ များပါတယ်။ တစ်လအတွင်းဆိုရင် အားလုံးလိုလို ပြန်ကောင်းသွားကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ အနံ့ပျောက်တယ်ဆိုကတည်းက ပိုးကူးစက်ခံထားရတယ်လို့ ယူဆရတဲ့အတွက် သူတို့ကနေတစ်ဆင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်ကရှိနေတော့ အနံ့ပျောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး ရောဂါထိန်းချုပ်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတာ ရှိပါတယ်” ဟု သွေးရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးရဲမြက အနံ့မရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေကြားခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၁

Most Popular

Healthy Life Ad
To Top