Healthy Life Ad
Health Tips

Test Kit ဖြင့် ကိုဗစ်စစ်ဆေးမှုကို ရန်ကုန်မြို့က ဆေးရုံကြီး ၉ ခုတွင် အဓိကထားစစ်ဆေးမည်

———၊ ဟန်တိုးစံ ၊———

Test Kit နဲ့ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတာကို ရန်ကုန်မြို့က ဆေးရုံကြီး ၉ ခုမှာ အဓိကထားပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရှေ ့ပိုင်းဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ သန်လျင်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတို့မှာ အဓိကထား စစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

“ရန်ကုန်မှာ ဖြစ်ပွားကူးစက်မှုက အများဆုံးဖြစ်တယ်။ အဲဒီတော့ ဒီမှာအဓိကထား စစ်ဆေးသွားမယ်။ ကျွန်မတို့အနေနဲ့ ရောဂါဖြစ်ပွားမှုများတဲ့ နေရာကို အမြန်ဆုံးစစ်ဆေးပြီး အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ကို အဓိကလုပ်ဆောင်နေတာဖြစ်လို့ ရန်ကုန်မှာ အရင်ဆုံးစစ်သွားမယ်။ နောက်ကျရင်တော့ တခြားမြို့တွေကိုပါ ပို့ပြီးစစ်သွားဖို့ ရှိပါတယ်” လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံက မှာယူထားတဲ့ ကိုဗစ်-၁၉ ကို အလွယ်တကူစစ်ဆေးနိုင်တဲ့ Test Kit တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ထောက်ခံချက်ရရှိထားပြီး ရလဒ်အဖြေက PCR အဖြေနဲ့ ထပ်တူကျတယ်လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးကပြောပါတယ်။

Test Kit တွေကို ပိုးတွေ့တဲ့သူနဲ့ အနီးကပ်ထိတွေတဲ့သူတွေ၊ ရောဂါလက္ခဏာပြနေတဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရေးပေါ်ခွဲစိတ်ခန်းဝင်ရမယ့်သူတွေကို အဓိကထား စစ်ဆေးသွားမယ်လို့ သူကပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်က ရောဂါပိုးရှိ၊ မရှိသိဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်က ရောဂါပိုးဖြန့်ဖြူးသူတွေမဖြစ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးစစ်သွားမယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

Test Kit နဲ့ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးဖို့ အချိန် မိနစ်၂၀ ခန့်လောက်သာ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ Test Kit မရောက်ရှိခင်က နေ့စဉ် သံသယလူနာ ၅ ထောင်ကျော်သာ စစ်ဆေးနိုင်ပြီး အဲဒီပမာဏက ရောဂါဖြစ်နှုန်းနဲ့နှိုင်းယှဉ်ရင် နည်းတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။ အခု Test Kit တွေရောက်ရှိလာပြီး သံသယလူနာများများ စစ်နိုင်တဲ့အတွက် ပိုးတွေ့သူက ပိုများလာမယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ Test Kit နဲ့ စစ်ထားတဲ့ ရလဒ်တွေကို စက်တင်ဘာလ ၃၀ (ယနေ့) ည ၈ နာရီမှာ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနက ထုတ်ပြန်သွားမယ်လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄၂၅ ဦး၊ သေဆုံးသူ ၂၈၄ ဦး ရှိပါတယ်။ ရောဂါပိုးအသစ် တွေရှိသူတွေရဲ ့ ၈၅ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး သေဆုံးသူတွေရဲ ့ ၉၂ ရာခိုင်နှုန်းကလည်း ရန်ကုန်တိုင်းဒေသကြီးက ဖြစ်တယ်လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးထံမှ သိရပါတယ်။

ရန်ကုန် ၊ စက်တင်ဘာ ၃၀

Most Popular

Healthy Life Ad
To Top