Healthy Life Ad
News

တောင်ကိုရီးယားမှ မှာယူထားသည့် Antigen Test Kit များဖြင့် စောင့်ကြည့်လူနာများကို စတင်စစ်ဆေးနေပြီ

———၊ ဟန်တိုးစံ ၊———

တောင်ကိုရီးယားနိုင်ငံက မှာယူထားတဲ့ Test Kit အခုရေ တစ်သိန်းကျော်နဲ့ ဒီနေ့မှာ စောင့်ကြည့်လူနာတွေကို စတင်စစ်ဆေးနေပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

Antigen Test Kit နဲ့စစ်ရင် ဓာတ်ခွဲနမူနာတစ်ခုအတွက် ကြာချိန် မိနစ်၂၀ ခန့်လိုပြီး အပူချိန် – 15°C မှ -20°C ကြားမှာ သိမ်းဆည်းရမှာဖြစ်တယ်လို့ သိရပါတယ်။ “ဒီစစ်ဆေးနည်းကလည်း နှာခေါင်းတို့ဖတ်ယူရတာပဲ။ ယူလိုက်တဲ့နှာခေါင်းတို့ဖတ်ကို Test Kit ရဲ့ သတ်မှတ်ထားတဲ့နေရာလေးမှာ တို့ရမှာဖြစ်ပါတယ်။ တို့လိုက်လို့ နှစ်လိုင်းပေါ်လာတယ်ဆိုရင် Positive၊ တစ်လိုင်းထဲ Control ဆိုတဲ့လိုင်းပဲ ပေါ်နေရင် Negative ပေါ့လို့ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

Antigne Test Kit နဲ့စစ်တာက အသည်းရောင်အသားဝါဘီပိုး၊ HIV စစ်တာတို့နဲ့ ပုံစံတူပြီး ယခင်သွေးထည့်တဲ့နေရာမှာ နှာခေါင်းတို့ဖက်ကိုထည့်ပြီး စစ်ရတာဖြစ်ကြောင်း သိရပါတယ်။ အချိန်တိုတိုနဲ့ ရလဒ်ကိုသိရတဲ့ Antigen Test Kit စစ်ဆေးနည်းက အချိန်ပေးပြီး စစ်ရတဲ့နည်းလောက် ရာနှုန်းပြည့်တိကျမှု မရှိပေမယ့် လူအများကြီးကို အချိန်တိုလေးအတွင်းမှာ စစ်ဆေးနိုင်တာကြောင့် အကျိုးအများကြီးရှိပါတယ်လို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

“မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ Test Kit တွေကို သုံးပြီဆိုရင် ရောဂါပိုးရှိတာတွေ ပိုပြီးတော့ တွေ့လာရမှာဖြစ်ပါတယ်။ ဘာဖြစ်လိ့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန်သိရတဲ့အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်၊ ပျောက်နှုန်းကပိုပြီးတော့ ကောင်းလာမယ်” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၈ ရက်နေ့က မိန့်ခွန်းမှာ အသိပေးပြောကြားထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိစစ်ဆေးတဲ့ Antigen Test Kit တွေက ပုံမှာ PCR နဲ့စစ်တာလိုပဲ တိကျမှုရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၉

Most Popular

Healthy Life Ad
To Top