Healthy Life Ad
Health Tips

COVID-19 ရောဂါကြောင့် စိုးရိမ်ပူပင်မှုများလာလျှင် ယုံကြည်ရသော မိတ်ဆွေသူငယ်ချင်း ဆရာသမားကို ရင်ဖွင့်သင့်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

COVID-19 ရောဂါ ဖြစ်နှုန်းမြင့်မားလာသည့်အတွက် လူအများတွင် စိုးရိမ်ပူပင်မှုများ မြင့်တက်လျက်ရှိရာ ယုံကြည်ရသော မိတ်ဆွေသူငယ်ချင်း ဆရာသမားကို ရင်ဖွင့်သင့်ကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစောဝေဖြိုးက အကြံပြုထားသည်။

“COVID-19 ရောဂါက တစ်ကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံမှာလည်း ကူးစက်မှုမြင့်တက်လာပါတယ်။ ပြည်တွင်းကူးစက်မှုတွေ များလာချိန်မှာ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ စိတ်ထဲမှာလည်း ဘယ်အချိန်များ ငါ့ကို ကူးလာမလဲ၊ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ Anxiety ဆိုတဲ့ စိုးရိမ်ပူပင်မှုက ဖိစီးမှုများတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်မှာ သဘာဝအလျှောက် တုံ့ပြန်တဲ့အရာပဲ ဖြစ်ပါတယ်။ ဒီ COVID-19 ကပ်ရောဂါအခံကြောင့် နဂိုကတည်းက စိုးရိမ်ပူပင်သောကများတဲ့ ရောဂါအခံရှိသူတွေ ပိုပြီးဆိုးရွားလာနိုင်သလို နဂိုကတည်းက စိုးရိမ်ပူပင်မှုမရှိသူတွေမှာလည်း မြင့်တက်လာတာကို တွေ့ ရှိရပါတယ်”ဟု ဒေါက်တာစောဝေဖြိုးက ဆိုသည်။

စိုးရိမ်ပူပင်မှုများသည့်အခါ အသက်ရှူမြန်ခြင်း၊ ရင်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းပြီး အတွေးများခြင်းတို့ ဖြစ်တတ်ကြောင်း၊ ထိုအဆင့်လွန်ကဲလာလျှင် စိတ်ဓာတ်ကျရောဂါလက္ခဏာများကိုပါ နောက်ဆက်တွဲ ခံစားရနိုင်ကြောင်း သိရသည်။

“Stay at home၊ Semi-Lockdown ကြောင့် စိတ်မွန်းကြပ်ပြီး အရက်၊ မူးယစ်ဆေးဝါး တလွဲသုံးစွဲမှု လုပ်တာကလည်း ပိုများလာပါတယ်။ အိပ်ရေးပျက်တာ၊ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေကြောင့် ဘဝနေထိုင်မှုအရည်အသွေး လျော့ကျတာတွေ ဖြစ်ရာက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားတာတွေ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေကို အနာတရဖြစ်အောင် လုပ်တာတွေ ဖြစ်တတ်ပါတယ်”ဟု ဒေါက်တာစောဝေဖြိုးက ပြောသည်။

စိုးရိမ်သောကနှင့် စိတ်ဖိစီးမှုတို့ ခံစားရပါက ထွက်ပေါက်အဖြစ် လေ့ကျင့်ခန်းအသင့်အတင့် (ဥပမာ-ယောဂ၊ ထိုက်ချိ၊ လမ်းလျှောက်ခြင်း၊ မနှေးမမြန်ပြေးခြင်း)တို့ ပြုလုပ်ခြင်း၊ မျှတသော အာဟာရများ စားသောက်ခြင်း၊ ဗီတာမင်စီ၊ အိုမီဂါ ၃ ဖက်တီးအက်စစ်များ မှီဝဲခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ စွမ်းအားဖြင့်အချိုရည်တို့ကို ကန့်သတ်ခြင်း၊ ပူပင်နေသည့်အချက်များကို စာရွက်ထဲချရေးပြီး ဖြေရှင်းနည်းကို စဉ်းစားခြင်း၊ ချစ်ခင်ရသော မိသားစု၊ ဆရာသမား၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြီး အပြန်အလှန် ရင်ဖွင့်ပြောဆိုခြင်း၊ အိမ်တွင်လုပ်စရာရှိသည်များကို တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားခြင်း၊ ကိုးကွယ်ရာဘာသာတရားအလိုက် တရားထိုင်ခြင်း၊ အိပ်စက်ချိန်တွင် ညင်သာသော တေးဂီတနားဆင်ခြင်း စသည်တို့ကို လိုက်နာလုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။

လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ပြင်းပြင်းရှူပြီး ပြန်ထုတ်မယ်၊ ဒါကို မနက် ၅-၁၀ မိနစ်၊ ညနေ ၅-၁၀ မိနစ်ပြုလုပ်ပေးမယ်ဆိုရင် စိုးရိမ်ပူပင်စိတ်ကို ဖြေလျှော့ရာရောက်သလို အဆုတ်ကျန်းမာရေးအတွက်လည်း သင့်တော်လို့ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ နောက်တစ်ခုအနေနဲ့ သတင်းတွေကို လျှောက်မဖတ်ဘဲနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေနဲ့ စိတ်ချယုံကြည်ရတဲ့ သတင်းတွေကိုပဲ ဖတ်ပြီး အဲဒီအတိုင်း လိုက်နာနေထိုင်သင့်ပါတယ်”ဟု ဒေါက်တာစောဝေဖြိုးက ဆိုသည်။

နေအိမ်တွင် နေထိုင်ရင်း စိုးရိမ်သောကမြင့်တက်လာပါက မြို ့နယ်အလိုက် ဆရာဝန်များနှင့် ချိတ်ဆက်၍ ဆေးကုသမှု ခံယူနိုင်ကြောင်း၊ ဆေးရုံ/ဆေးခန်း မသွားလိုပါက ဆေးရုံ/ဆေးခန်းမှတစ်ဆင့် အွန်လိုင်းဖြင့် ချိတ်ဆက်၍ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များ၊ စိတ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကုသမှု ခံယူနိုင်ကြောင်း သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈

Most Popular

Healthy Life Ad
To Top