Healthy Life Ad
News

မော်လမြိုင်မြို ့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ထားရှိနိုင်မည့် ယာယီအဆောက်အဦ ( ၃) လုံးကို နှစ်ပတ်အတွင်း အပြီးတည်ဆောက်မည်

———၊ ဟန်တိုးစံ ၊———

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ထားရှိနိုင်မည့် ယာယီအဆောက်အဦ (၃) လုံးကို နှစ်ပတ်အတွင်း ပြီးစီးရန် တည်ဆောက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဦးထိန်လင်းက စက်တင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။

“ဒီမှာ Positive လူနာတွေထားမယ်။ ရောဂါလက္ခဏာ သိပ်မပြတဲ့လူနာတွေ အဓိကထားမယ်။ ရောဂါနည်းနည်း စောင့်ကြည့်ဖို့လိုတဲ့သူကိုတော့ ဆေးရုံကြီးမှာပဲထားပြီး ဆက်ကုသမယ်။ ဒီမှာတော့ သူနာပြုတွေနဲ့ထားမယ်”လို့ သူကပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဘိုကုန်းရပ်ကွက် အ.ထ.က (၁) ကျောင်း ဘောလုံးကွင်းအတွင်းမှာ တည်ဆောက်နေတာဖြစ်ပြီး အဆောက်အဦးသုံးလုံးမှာ လူနာအရေအတွက် ၂၅၀ ကျော် ထားရှိနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အခုဆောက်နေတဲ့ ယာယီအဆောက်အအုံကို မော်လမြိုင်မြို့ ကျော်ကြားဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတင်လှိုင်မိသားစုက လှူဒါန်းတာဖြစ်တယ်လို့လည်း ဦးထိန်လင်းကပြောပါတယ်။

မွန်ပြည်နယ်တွင် ပထမအကြိမ် ကိုဗစ်ကာလက ရောဂါဖြစ်သူ ၇ ဦးရှိပြီး အခု ဒုတိယလှိုင်းတွင် ကိုဗစ်အတည်ပြလူနာ၂၂၄ ဦး ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၂၆ ရက် နံနက် (၈) နာရီအထိ စာရင်းများအရ မွန်ပြည်နယ်တွင် သေဆုံးသူ ၂ ဦးရှိပြီး၊ လက်ရှိအခြေအနေတွင် မော်လမြိုင်ဆေးရုံကြီး၌ ကုသမှုခံယူနေသော လူနာတစ်ရာခန့်ရှိနေကြောင်း သိရပါတယ်။ ယာယီအဆောက်အအုံတွေ ပြီးစီးပါက စုစုပေါင်း လူနာ ၄၀ဝ ခန့်ကို ထားရှိကုသနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၆

Most Popular

Healthy Life Ad
To Top