Healthy Life Ad
News

Covid-19 ရောဂါရှိ၊ မရှိ စစ်ဆေးနိုင်သည့် Rapid Antigen Test Kit အခုရေတစ်သိန်းကို တောင်ကိုရီးယားက မှာထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား “တောင်ကိုရီးယားနိုင်ငံအစိုးရကလည်း ဒေါ်လာငါးသိန်းဖိုးလှူမည်”

မြန်မာနိုင်ငံရှိ ပြည်သူများတွင် Covid-19 ရောဂါ ကူးစက်ခံရခြင်းရှိ၊ မရှိ လျှင်မြန်စွာ စစ်ဆေးသိရှိနိုင်သော Rapid Antigen Test Kit အခုရေတစ်သိန်းကို တောင်ကိုရီးယားနိုင်ငံမှ မှာယူထားပြီဖြစ်ပြီး ခရိုင်နှင့် မြို့နယ်ဆေးရုံများသို့ ဖြန့်ဝေကာ စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ ရက်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“တော်တော်များများက အထူးကုဆေးရုံတွေကို သွားချင်ပါတယ်။ ဆေးရုံတွေမှာ လူနာတွေများပြီး အားလုံးကို လုံလုံလောက်လောက် စစ်ဆေးပေးဖို့က ခက်လာပါတယ်။ ဒါကြောင့် ခရိုင်၊ မြို့နယ်ဆေးရုံတွေကို သွားဖို့ ဆော်ဩချင်ပါတယ်။ ဒီလိုဆော်ဩရတာကလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန် ရောဂါပိုးရှိ၊ မရှိ စမ်းသပ်နိုင်တဲ့ Rapid Antigen Test Kit ပစ္စည်းတွေကို တောင်ကိုရီးယားနိုင်ငံကနေ နိုင်ငံတော်က ၁ သိန်းမှာထားပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း ဒေါ်လာ ၅ သိန်းဖိုး လှူမှာဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း နိုင်ငံအတွင်းကို ရောက်ပါမယ်။ ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေကို ဖြန့်ပေးပါ့မယ်။ ခရိုင်နဲ့မြို့နယ်ဆေးရုံတွေမှာ ဒီရောဂါပိုးရှိ၊ မရှိ ထိထိရောက်ရောက် စစ်ဆေးပေးမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Rapid Antigen Test Kit သုံးနိုင်လာပါက လက်ရှိဆေးရုံများတွင် ရောက်ရှိနေသော သံသယလူနာများကို မြန်မြန်အဖြေရှာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုများအတွက် လျှင်မြန်စွာ အဖြေရှာနိုင်လိမ့်မည်ဟု ဆရာဝန်အချို ့က သုံးသပ်ထားသည်။

စမ်းသပ်သူများပြီး ရောဂါကူးစက်သူများလာခြင်းအပေါ် အစိုးရိမ်မလွန်ကြရန်၊ အစိုးရိမ်လွန်ခြင်းကြောင့် ကိုယ်ခံစွမ်းအားကျကာ ရောဂါကာကွယ်နိုင်စွမ်း ကျလာသဖြင့် ပြည်သူများ စိုးရိမ်သောက မဖြစ်ကြပါရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို အသိပေးပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ၂၅ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၉၁၁၂ ဦးရှိပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း (၁၇၄) ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၆

Most Popular

Healthy Life Ad
To Top