Healthy Life Ad
Health Tips

သုတေသနလေ့လာမှုအရ သိရသည့် သက်ရှည်ကျန်းမာရေးအတွက် လျှို့ဝှက်ချက်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကမ္ဘာ့ကင်ဆာအထူးကု ဆရာဝန်တစ်ဦးရေးတဲ့ စာအုပ်အသစ်ထဲမှာ ဒေါက်မြင့်ဖိနပ်မစီးတာ၊ အေးခဲတဲ့သစ်သီး ပြောင်းစားတာ၊ ခန္ဓာကိုယ်စစ်ဆေးတာ အစရှိတဲ့ သေးငယ်တဲ့ ပြောင်းလဲမှုတွေက သက်ရှည်ကျန်းမာရေးအတွက် အရေးပါတယ်လို့ ဆိုထားပါတယ်။

စစ်ဆေးပါ

အဝတ်အစားအားလုံးချွတ်ပြီး သင့်ခန္ဓာကိုယ်ကို မှန်ထဲမှာ ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ပါတယ်။ မှဲ့တွေ ပြောင်းလဲမှုရှိသလား၊ အလုံးအကျိတ်တွေ ပေါ်နေသလား၊ အရေပြားအရောင် ပြောင်းနေသလား စတာတွေကို ကြည့်ရှုစစ်ဆေးတာက အရေပြားကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေကို တွေ့ရှိနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ဒေါက်မြင့်ဖိနပ်ချွတ်ပါ

သက်သောင့်သက်သာမရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေကြောင့် ခြေထောက်မှာ ရောင်ရမ်းမှုဖြစ်ပြီး ကိုယ်တွင်းစနစ်တစ်ခုလုံးအပေါ် ထိခိုက်စေနိုင်ပါတယ်။ ရောင်ရမ်းမှုဟာ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ အိုမင်းမှု စတာတွေနဲ့ ဆက်စပ်မှုရှိတာကြောင့်ပါ။ ဒါကြောင့် ရောင်ရမ်းမှုလျော့ကျစေဖို့ နေ့တိုင်း သက်သောင့်သက်သာရှိတဲ့ ဖိနပ်ကို စီးသင့်ပါတယ်။

ကော်ဖီကို အသင့်အတင့်သောက်ပါ

ကော်ဖီ၊ လက်ဖက်ရည်ကို အသင့်အတင့် သောက်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကဖင်းဓာတ်မှီဝဲတာနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ ကင်ဆာ စတဲ့ ရောဂါတွေရဲ့ ဆက်စပ်မှုကို လေ့လာပြီး ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

နေ့တိုင်း တူညီသောအချိန်တွင် စားသောက်ပါ

ခန္ဓာကိုယ်မှာ ဖိစီးမှုလျော့ကျစေဖို့ အကောင်းဆုံးနည်းတစ်ခုက တစ်နှစ်မှာ ၃၆၅ ရက်စလုံး ပုံမှန်အလေ့အထတစ်ခုကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က နေ့ခင်းမှာ နေ့လယ်စာမစားထားရင် ဆာလောင်မှုကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအထွက်တိုးလာပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ

တုပ်ကွေးဖြစ်ရင် ရောင်ရမ်းမှုဒဏ်ကို တစ်ပတ်-နှစ်ပတ်လောက် ခံစားရတာက အဝလွန်တာ၊ နှလုံးရောဂါထတာ၊ လေဖြတ်တာနဲ့ ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးကို ပုံမှန်ထိုးနှံပါ။

မတ်တပ်ရပ်ပါ

အထိုင်များတာနဲ့ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စောစောသေဆုံးမှု စတာတို့ ဆက်စပ်မှုရှိတာကို သိသာထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ထိုင်ခုံပေါ် ကြာကြာမထိုင်ခင်နဲ့ ထိုင်ပြီးချိန်မှာ မတ်တပ်ရပ်ပေးပါ။ တစ်နေ့လေ့ကျင့်ခန်း နှစ်နာရီလုပ်ရင်တာင် ထိုင်ချိန် ၂၂ နာရီရဲ ့ဆိုးကျိုးကို ပြန်လည်မဖြေလျှော့နိုင်ပါဘူး။

လျှောထိုင်ခြင်းကို ရှောင်ပါ

လျှောထိုင်တာကြောင့် လည်ပင်းနဲ့ ခါးဝေဒနာ ရစေရုံသာမက ခေါင်းကိုက်တာ၊ အဆစ်ရောင်တာ၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အသက်ရှူရခက်ခဲတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာ၊ အဆစ်တောင့်တင်းတာ၊ နုံးချည့်ညောင်းညာတာ၊ နာ့ဗ်ကြောပြဿနာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မတ်မတ်ထိုင်ပါ။

နေ့စဉ် အက်စ်ပရင်ဆေး မှီဝဲပါ

လေ့လာမှုအများအပြားအရ အက်စ်ပရင်ဆေးမှီဝဲတာက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေရုံသာမက ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ နေ့စဉ် အက်စ်ပရင်ပမာဏ အနည်းငယ် (၇၅မီလီဂရမ်) မှီဝဲတာကြောင့် အဆုတ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို ၄၆ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်ပါ။

အေးခဲထားသော ဟင်းသီးဟင်းရွက်၊ သစ်သီးများစားပါ

အေးခဲထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက လတ်ဆတ်တဲ့ ဒေသထွက်ကုန်တွေ ဖြစ်တာများပါတယ်။

ကလေးမွေးပါ

ကလေးရှိသူတွေဟာ ကလေးမရှိသူတွေထက် အသက်ရှည်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ ကလေးနောက်က ပြေးလိုက်တာကြောင့် သင့်ကို စိတ်ရောကိုယ်ပါ တက်ကြွစေလို့ ဖြစ်ပါတယ်။

ဝိုင်တစ်ဖန်ခွက်သောက်ပါ

အထူးသဖြင့် ဝိုင်နီ တစ်နေ့တစ်ဖန်ခွက် သောက်တာကြောင့် နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်။ ဒါပေမဲ့ အမျိုးသမီးဆိုရင် တစ်ဖန်ခွက်၊ အမျိုးသားဆိုရင် နှစ်ဖန်ခွက်ထက် ပိုမသောက်ပါနဲ့။

ပြုံးပြပါ

ပြုံးတာက စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ပြုံးလိုက်တဲ့အခါ အနာကျက်စေတဲ့ ပျော်ရွှင်မှုဟော်မုန်း အန်ဒေါ်ဖင်နဲ့ ဆီရိုတိုနင် အထွက်တိုးကာ အန္တရာယ်ပေးနိုင်တဲ့ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျသွားစေပါတယ်။

မှတ်ချက်

ဒီနေ့ခေတ်မွေးဖွားတဲ့ သမီးမိန်းကလေးတွေက ၈၃ နှစ်နီးပါး အသက်ရှည်နိုင်ကာ သားယောကျာ်းလေးတွေထက် လေးနှစ်ပိုပြီး အသက်ရှည်နိုင်တယ်ဆိုတာ သင်သိပါရဲ့လား။

Most Popular

Healthy Life Ad
To Top