Healthy Life Ad
Health Tips

ဗိုက်ပူတာကြောင့် ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

မြန်မာလူမျိုးအများစုဟာ ကိုယ်အလေးချိန်များတာကိုပဲ အလေးထားနေကြပါတယ်။ တကယ်တော့ ပိန်တယ်၊ ဝတယ်ဆိုတာထက် ခါးတုတ်ပြီး ဗိုက်ပူတာက ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ခါးအတိုင်းအတာကို တိုင်းကြည့်ပါ၊ ခါးအတိုင်းအတာက အာဆီယံနိုင်ငံက အမျိုးသားတွေမှာ ၃၆ လက်မ၊ အမျိုးသမီးတွေမှာ ၃၂ လက်မထက် မကျော်သင့်ပါဘူး။ တကယ်လို့ BMI (အရပ်နဲ့ ကိုယ်အလေးချိန် အချိုး)ကလည်း များပြီး ခါးကလည်း တုတ်တယ်ဆိုရင် ကျန်းမာရေးအတွက် ပိုအန္တရာယ်များပါတယ်။ တစ်ကိုယ်လုံး ဝတာထက် ဗိုက်ရွှဲတာက ပိုစိုးရိမ်ရတာကြောင့် ဘယ်လိုဆိုးကျိုးတွေနဲ့ ဆက်စပ်နေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ဗိုက်ပူရတာလဲ

ဆီကြော်စာတွေ၊ အထူးသဖြင့် ထပ်ပြန်တလဲလဲ ကြော်ထားတဲ့ဆီနဲ့ ကြော်ထားတဲ့ အကြော်စုံတွေ၊ ဟင်းအနှစ်တွေ၊ ကယ်လိုရီများတဲ့ အစားအသောက်တွေ၊ ထမင်းအများကြီး စားတာတွေ စတဲ့အကြောင်းတွေကြောင့် ဗိုက်ပူရတာပါ။ အထိုင်များပြီး လှုပ်ရှားမှုနည်းတာကြောင့်လည်း ဗိုက်ပူတတ်ပါတယ်။ ဘီယာအသောက်များရင်လည်း ဗိုက်ပူတတ်ပါတယ်။

ဗိုက်ပူတာက ဘယ်လိုထိခိုက်စေနိုင်သလဲ

ဗိုက်ပူတာကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးတာနဲ့ လေဖြတ်တာ အစရှိတဲ့ ကျန်းမာရေးပြဿနာ အများစု ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ပိန်တဲ့သူတချို့မှာတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဗိုက်အဆီတွေ ပုန်းလျှိုးကွယ်လျှိုး ရှိနေနိုင်ပါတယ်။

ဗိုက်ပူတဲ့အခါ အင်ဆူလင်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ စွမ်းဆောင်နိုင်မှု နည်းသွားတာကြောင့် အင်ဆူလင် Resistance ဖြစ်သွားပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်က စတင် ဟန်ချက်မညီတော့ဘဲ ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်စေနိုင်ပါတယ်။

ဗိုက်အဆီများတာက သွေးကြောကျဉ်းစေတဲ့ အန်ဂျီအိုတန်စင်ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာ (Heart Attack)တို့ကို ဖြစ်နိုင်ခြေ များစေပါတယ်။ ဗိုက်အဆီဟာ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတိုးတာ၊ သွေးတွင်းထရိုင်ဂလစ် စရိုက်အဆီများတာတို့နဲ့ ဆက်စပ်ပြီး ကောင်းတဲ့ကိုလက်စထရောကို လျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ဗိုက်ပူတာက အမျိုးသားနဲ့ အမျိုးသမီးတွေအပေါ် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ

အမျိုးသားတွေက အမျိုးသမီးတွေထက် ဗိုက်အဆီစုဆောင်းမှု ပိုများပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ဆယ်ကျော်သက်နှောင်းပိုင်း ကာလမှာကတည်းက အမျိုးသားတွေက ဗိုက်အဆီ စတင်စုဆောင်းလာပါတယ်။ ဒါက အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

လေ့လာမှုတစ်ခုအရ ခါးတုတ်ပြီး ဗိုက်အဆီ များများရှိတဲ့ အမျိုးသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဗိုက်ပူတာက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို တိုးစေလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေ ဗိုက်ပူတာကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေလည်း များပါတယ်။

အမျိုးသမီးတွေကတော့ သွေးမဆုံးခင်အချိန်အထိ အဆီတွေက ဗိုက်နဲ့စာရင် တင်ပါးနဲ့ပေါင်မှာ စုနေတတ်ပါတယ်။ သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာတဲ့အတွက် ဗိုက်အဆီတွေ ပိုများလာပါတော့တယ်။ အဲဒီအချိန်မှာ သွေးတွင်းအဆီနဲ့ ဗိုက်အဆီများတဲ့ အမျိုးသမီးတွေက တခြားသူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ငါးဆပိုများတယ်လို့ ဒင်းနစ်လေ့လာမှုအရ သိရပါတယ်။

ဗိုက်က တင်ပါးထက် ပိုကြီးနေရင် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရရှိဖို့ ခက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေ ဗိုက်အဆီများရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ သုံးပုံတစ်ပုံ ရှိပါတယ်။ ဒါ့အပြင် သားအိမ်၊ သားအိမ်ခေါင်း၊ အူမကြီး၊ ကျောက်ကပ်၊ ပန်ကရိယတွေမှာဖြစ်တဲ့ ကင်ဆာတွေကလည်း အဝလွန်တာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ဗိုက်ပူတာ လျော့ကျသွားရင် ဘာကောင်းကျိုးတွေ ရှိသလဲ

ဗိုက်ပူတာ လျော့ကျသွားရင် နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြားနာတာရှည် ရောဂါဝေဒနာတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ ဗိုက်ချပ်ရပ်တာကြောင့် စမတ်ကျတဲ့ ခန္ဓာကိုယ်အလှတရားကို ပိုင်ဆိုင်စေပါတယ်။

ဗိုက်ပူတာ လျော့ကျသွားအောင် ဘာလုပ်သင့်သလဲ

လေ့ကျင့်ခန်းလုပ်တာကြောင့် ဗိုက်အဆီတွေကို လျော့ကျစေပါတယ်။ ခါးလှည့်ကွင်းနဲ့ လှည့်တာ၊ ဗိုက်လှုပ်ပြီး ကခုန်တာ၊ အိပ်ထမတင်လုပ်တာ၊ ခါးလှည့်လေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။

အဆီအအိမ့်များတဲ့ အစားအသောက်တွေအစား အပင်ထွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို စားပေးတာကြောင့် အဆီပိုကင်းစင်စေပါတယ်။ အချိုရည်၊ ဘီယာ၊ အရက် စတဲ့ ဗိုက်ပူစေတဲ့ အဖျော်ယမကာတွေ ရှောင်ပြီး ရေ၊ သစ်သီးဖျော်ရည်တို့ကို အစားထိုး သောက်သုံးပါ။

ဆီကြော်စာတွေ၊ အထူးသဖြင့် ထပ်ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အကြော်အလှော်တွေ၊ ဟင်းအနှစ်တွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။ အစာစားပြီး ချက်ချင်းမထိုင်ဘဲ လမ်းလျှောက်ပေးပါ။ မိနစ် ၂၀ ကြာမှ ထိုင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top