Healthy Life Ad
News

အစိုးရဆေးရုံတွေက ကိုဗစ်-၁၉ မရှိတဲ့လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ဆက်ကုသဖို့ စဉ်းစားနေ

———၊ ဟန်တိုးစံ ၊———

အစိုးရဆေးရုံတွေမှာ ကုသနေတဲ့ ကိုဗစ်-၁၉ မရှိတဲ့ လူနာတွေကို အစိုးရဆေးရုံတွေနဲ့ ဆေးကုသစရိတ်မကွာတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ဆက်ကုဖို့ စဉ်းစားနေတယ်လို့ ပုဂ္ဂလိကဆေးရုံကြီးများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

“ကိုဗစ်လူနာနဲ့ ကိုဗစ်မဟုတ်တဲ့ လူနာတွေကို တစ်နေရာတည်း ပေါင်းကုဖို့က မဖြစ်နိုင်ဘူးလေ။ အစိုးရမှာလည်း ကိုဗစ်လူနာနဲ့ ကိုဗစ်မဟုတ်တဲ့လူနာဆိုပြီး ၂ ခုရှိတယ်။ အစိုးရဆေးရုံတွေက ကိုဗစ်မဟုတ်တဲ့ လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေက စရိတ်စက သက်သက်သာသာနဲ့ဆိုရင်တော့ ပုဂ္ဂလိကဖက်ကို လွှဲလိုက်မလားပေါ့။ ဆိုလိုတာကတော့ အစိုးရဆေးရုံက ကိုဗစ်မဟုတ်တဲ့လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာထားပြီးကုလိုက်။ လက်ခံနိုင်တဲ့ စရိတ်စကလေးတစ်ခုနဲ့ ကုလိုက်ရင် အစိုးရဘက်မှာ ကိုဗစ်ကုသဖို့အတွက် နေရာတွေ ပိုရလာမယ်ပေါ့။ ဒါကလည်း အခုစဉ်းစားနေတဲ့အထဲမှာ ပါပါတယ်” လို့ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

အစိုးရက ကိုဗစ်-၁၉လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပုဂ္ဂလိကဆေးရုံတချို့က လက်ခံကုသပေးဖို့ မဖြစ်နိုင်သေးကြောင်း တောင်းပန်စာတွေ ထုတ်လာကြပါတယ်။
အဲဒီလို စာထုတ်တာက ဆေးရုံဘက်ကကြည့်ရင် မမှားကြောင်းနဲ့ ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာကို ဒေါက်တာထင်ပေါ်က အခုလိုပြောပါတယ်။

“သူတို့မှာ ကုလက်စလူနာတွေ ရှိမယ်။ အဲ့ဒီတော့ ဒီလူနာတွေကို ကိုဗစ်-၁၉လူနာတွေနဲ့ အတူထားပြီး ကုသဖို့က မဖြစ်နိုင်ဘူးလေ။ အကုန်ကူးသွားမှာ စိုးလို့ပါ။ လက်ရှိကုသနေတဲ့ လူနာတွေ အရမ်းများနေတဲ့ ဆေးရုံကြီးက ကိုဗစ်လူနာကို ချက်ချင်းလက်ခံကုသပေးဖို့ ဆိုတာကတော့ သူတို့အစား စဉ်းစားကြည့်ရင်လည်း ခက်ခဲလိမ့်မယ်။ အဲဒီတော့ ဆေးရုံကလူနာတွေကို တခြားပုဂ္ဂလိကဆေးရုံကို လွှဲပြီးတော့ကုမလား။ မဟုတ်ရင်လည်း လက်ရှိလူနာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ကုသပေးပြီး ဆေးရုံဆင်းပေးတာတို့၊ လွှဲပေးတာတို့ လုပ်မလားပေါ့။ အဲဒီလိုတွေ လုပ်ပြီးမှပဲ ကိုဗစ်လူနာတွေကို ကုပေးလို့ရမှာ ဖြစ်ပါတယ်”လို့ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

ကိုဗစ်-၁၉လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသသွားဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်ပုဂ္ဂလိကဆေးရုံတွေမှာ ထားဖို့နဲ့ ကိုဗစ်၁၉ လက်ခံကုသမယ့် ဆေးရုံတွေမှာ ဘယ်လိုအချက်အလက်တွေ ပြည့်စုံရမယ်ဆိုတာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၃

Most Popular

Healthy Life Ad
To Top