Healthy Life Ad
News

ဗီတာမင် စီနဲ့ ဗီတာမင် ဒီသရီးပမာဏ များများသောက်တာက ကိုဗစ်-၁၉ကို တကယ်ကာကွယ်နိုင်ပါသလား..

———၊ ဟန်တိုးစံ ၊———

လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဖို့ ဗီတာမင် စီ၊ ဗီတာမင် ဒီသရီးနဲ့ ဇင့်(သွပ်) စတာတွေကို သောက်ဖို့ဆိုပြီး ရေးသားမျှဝေနေတာတွေ ရှိနေတာကြောင့် ဗီတာမင်စီနဲ့ ဗီတာမင်ဒီသရီးကို ပမာဏများများ သောက်သုံးသင့်သလားဆိုတာအပေါ် လူအများက သိလိုနေကြပါတယ်။

အအေးမိတုပ်ကွေးရောဂါ ဖြစ်နေသူတွေမှာ ဗီတာမင်စီသောက်ထားတဲ့သူတွေက သာမန်လူတွေထက်ပိုပြီး မြန်မြန်နေကောင်းတယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိပါတယ်လို့ အထွေထွေအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

“ဘယ်ဟာကိုပဲလုပ်လုပ် အလွန်အကျွံလုပ်ရင် ဘေးထွက်ဆိုးကျိုးကတော့ ရှိတာပဲ။ ဗီတာမင်စီက ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဓာတ် ဖြစ်တာကြောင့်ဖြစ်လို့ သိပ်တော့ ပြသနာမရှိဘူး။ ဗီတာမင် ဒီကို လိုအပ်တာထက်ပိုပြီး စွဲသောက်လိုက်မယ်ဆိုရင် ခေါင်းမူးတာတို့လို နောက်ဆက်တွဲကျန်းမာရေး ပြသနာတွေ ခံစားလာရနိုင်တယ်။ ဒါတွေကိုသောက်လို့ ကိုဗစ်-၁၉ပိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ မရှိသေးဘူး”လို့ အထွေထွေအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

ဗီတာမင်စီကို အဓိကအားဖြင့် အသီးအရွက်တွေကနေ အဓိကရရှိတာ ဖြစ်တာကြောင့် အသီးအရွက် ပုံမှန်စားနေသူအတွက်ကတော့ ဗီတာမင်စီသောက်လည်း ဘာမှထူးခြားပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

ဗီတာမင်ဒီကို အဓိက နေရောင်ခြည်ကရတာဖြစ်ပြီး အသက်ကြီးတဲ့သူတွေ၊ သွေးဆုံးပြီးသားသူတွေမှာ အရိုးပါး၊ အရိုးပွရောဂါတွေ ပိုဖြစ်တတ်တာကြောင့် သူတို့တွေမှာ ပိုပြီး လိုအပ်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

ဗီတာမင် ဒီ လျော့နည်းတဲ့သူတွေ ကိုဗစ်-၁၉ဖြစ်တဲ့အခါ ရောဂါပိုပြင်းထန်တယ်ဆိုတဲ့ တွေ့ရှိချက်တချို ့ ရှိတယ်လို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။

ခန္ဓာကိုယ်နုံးတာ၊ ကြွက်တက်တာတို့လို လက္ခဏာတွေက ဗီတာမင်ဒီလျော့နည်းတာဖြစ်ပြီး နေရောင်ခြည်အောက်မှာ လှုပ်ရှားသွားလာတာမျိုး၊ နို့သောက်တာမျိုးကနေ ဗီတာမင် ဒီကို ရရှိနိုင်ပါတယ်။ ဗီတာမင် ဒီကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်နေသူ တစ်ယောက်အတွက်ကတော့ ဗီတာမင်ဒီသောက်ဖို့ မလိုဘဲ သောက်လိုက်လို့လည်း ဘာမှထူးခြားပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

Most Popular

Healthy Life Ad
To Top