Healthy Life Ad
Health Tips

ကြီးသွား ဘာကြောင့်နုတ်ရသလဲ . . .

ငယ်သွားနဲ့ ကြီးသွားဆိုပြီး ပြောဆိုလေ့ရှိကြတဲ့အထဲမှာ တစ်ခါတလေ ကြီးသွားနုတ်ရတဲ့ အခြေအနေ ရှိတတ်ပါတယ်။

ကြီးသွားတွေနုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ လူငယ်တွေမှာ ထိခိုက်ဒဏ်ရာရတာကြောင့် နုတ်ရတာပါ။ မော်တော်ဆိုင်ကယ် မတော်တဆ ထိခိုက်မှုဖြစ်တာ၊ ယာဉ်မတော်တဆ ထိခိုက်တာ၊ ရန်ဖြစ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ကြီးသွားကို နုတ်ရတတ်ပါတယ်။ အရင်တုန်းကတော့ ထိခိုက်ဒဏ်ရာရပြီဆိုတာနဲ့ သွားကို နုတ်လိုက်ရပေမယ့် အခုခေတ်မှာတော့ သွားရဲ့ အစိတ်အပိုင်းမှာ ထိခိုက်ဒဏ်ရာရတဲ့အဆင့်ကို လိုက်ပြီးတော့ သွားကိုမနုတ်ဘဲ ထိန်းသိမ်းကုသနည်းတွေ ရှိတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ သွားပိုးစားရောဂါကြောင့် သွားနုတ်ရတတ်ပါတယ်။ လူကြီးတွေမှာကျတော့ သွားဖုံးတွေ မသန့်ရှင်းလို့ ရေစီးကမ်းပြိုရောဂါကြောင့် သွားနုတ်ရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးသွားတစ်ချောင်းကို နုတ်လိုက်ရပြီဆိုရင် ပြန်မပေါက်တော့ပါဘူး။ ဒါကြောင့် လူကြီးသွားကို မနုတ်ခင်မှာ နားလည်တတ်ကျွမ်းတဲ့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။ မလွဲမရှောင်သာလို့ သွားကိုနုတ်လိုက်ရပြီဆိုရင်လည်း နုတ်ထားတဲ့ သွားနေရာမှာ အစားထိုးပြီး ပြန်စိုက်ဖို့ အရေးကြီးပါတယ်။

သွားကို ပြန်မစိုက်ဘူးဆိုရင် ဘေးကသွားတွေယိုင်လာမယ်၊ သွားတွေခေါလာမယ်၊ သွားတွေလှုပ်ပြီး ကျွတ်လာမယ် ..တဖြည်းဖြည်းနဲ့ အဲဒီလို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်ငယ်ငယ်ရွယ်ရွယ် လူငယ်တွေဆိုရင် နုတ်ထားတဲ့သွားကို ပြန်စိုက်ဖို့ လိုပါတယ်။

အကြမ်းဖျဉ်းအားဖြင့် လူကြီးသွားတွေ ခိုင်ခံ့ကျန်းမာလှပဖို့အတွက် ရောဂါဖြစ်ဖြစ်၊ မဖြစ်ဖြစ် ခြောက်လတစ်ကြိမ်ခန့် သွားဆရာဝန်ထံပြပြီး စစ်ဆေးသင့်ပါတယ်။ တကယ်လို့ မပြဖြစ်ရင်တောင် တစ်နှစ်တစ်ကြိမ်တော့ ပြသင့်ပါတယ်။ လူအများစုက သွားတွေကိုက်မှ၊ နာမှ၊ နုတ်ရခါနီးမှ သွားဆရာဝန်ဆီကို လာပြကြတာ များပါတယ်။ အဲဒီလိုမလုပ်ဘဲ သွားတွေရဲ့ ကျန်းမာရေးအတွက် အစဉ်ကြိုတင်ကာကွယ် ထိန်းသိမ်းနေသင့်ပါတယ်။

ပြီးတော့ နေ့တိုင်းလိုက်နာသင့်တဲ့ အချက်တွေလည်း ရှိပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရမယ်။ အဓိကကတော့ အိမ်တွေမှာ အိမ်သားတစ်ဦးစီမှာ ကိုယ်ပိုင်သွားတိုက်တံ တစ်ချောင်းစီ ရှိသင့်ပါတယ်။ တချို့အိမ်တွေက သွားတိုက်တံတစ်ချောင်းတည်းကိုပဲ တစ်အိမ်သားလုံးမျှပြီး အသုံးပြုတတ်ကြတယ်။ ဒါက လုံးဝမကောင်းပါဘူး။ သွားပိုးစားရောဂါက ကူးစက်တတ်တာကြောင့် သွားတိုက်တံတစ်ချောင်းတည်းကို အတူတူသုံးတဲ့အခါ လူတစ်ဦးမှာ သွားပိုးစားရောဂါရှိရင် နောက်လူကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို တစ်ယောက်မှာတစ်ချောင်းထားပါ။ သုံးပြီးတာနဲ့ ထောင်ထားပါ။ မသုံးခင်မှာလည်း သွားပွတ်တံကို ပြောင်အောင် ဆေးပြီးမှ သွားတိုက်ဆေးထည့်ပါ။

ပြီးတော့ အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးရပါမယ်။ ချိုပြီး စေးကပ်တဲ့အစာတွေကို ရှောင်ရပါမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးရပါမယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပြသစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top