Healthy Life Ad
Health Tips

“ကိုဗစ်-၁၉ကာလ ကလေးသူငယ် စိတ်ကျန်းမာရေး”

——၊ ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊——

♦ ကိုဗစ်-၁၉ ကာလမှာ ကလေးသူငယ် ဖိစီးမှုခံစားရသလား

အရွယ်ရောက်သူတွေထဲမှာ ဖိစီးမှုရောဂါအမျိုးမျိုး ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ လေ့လာမှုစာတမ်း ၁၇ ခုကို သုံးသပ်ကြည့်ရင် သိနိုင်တယ်။ ကိုဗစ်-၁၉ ကာလမှာ လူထုအတွင်း စိုးရိမ်စိတ်လွန်ကဲလက္ခဏာ ခံစားရသူ ၃၁ ရာခိုင်နှုန်း၊ စိတ်ကျရောဂါလက္ခဏာ ခံစားရသူ ၃၃ ရာခိုင်နှုန်းနဲ့ အထွေထွေစိတ်ဖိစီးမှုလက္ခဏာ ခံစားရသူ ၂၉ ရာခိုုင်နှုန်းရှိတာ တွေ့ရှိရတယ်။ ကျောင်းသားအရွယ် လူငယ်တွေထဲမှာ ကိုဗစ်-၁၉ကာလအတွင်း စိုးရိမ်စိတ်ရောဂါ စတင်ဖြစ်ပွားနှုန်းက ၆ ရာခိုင်နှုန်းနဲ့ စိတ်ကျရောဂါ စတင်ဖြစ်ပွားနှုန်းက ၄ ရာခိုင်နှုန်း ရှိပါတယ်။ မူလက စိုးရိမ်စိတ်လွန်ကဲရောဂါနဲ့ စိတ်ကျရောဂါ အခံရှိသူ ကျောင်းသားတွေထဲမှာ ၃၀ ရာခိုင်နှုန်းကျော်က ရောဂါပိုမိုဆိုးရွားလာတာ တွေ့ရှိရတယ်။

♦ ကလေးသူငယ် စိတ်ဖိစီးမှုခံစားရတာကို ဘယ်လိုသိနိုင်သလဲ

ကလေးသူငယ် စိတ်ဖိစီးမှု ခံစားရရင်၊ လူကြီးတွေလို ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူး။ ပြောင်းလဲလာတဲ့ အပြုအမှု၊ အနေအထိုင်၊ အပြောအဆိုကို ကြည့်ရှုလေ့လာပြီးခန့်မှန်းနိုင်တယ်။ အိပ်ပျော်ဖို့ခက်ခဲမယ်။ မကြာခဏလန့်နိုးမယ်။ အိပ်မက်ဆိုးမြင်မက်တာ များလာတယ်။ အစားအသောက်ပျက်ခြင်း ဒါမှမဟုတ် အလွန်အမင်းစားခြင်း ရှိလာတတ်တယ်။ ငယ်စဉ်က အပြုအမူတွေ ပြန်လည်ဖော်ပြလာမယ်။ ဥပမာ-အိပ်ရာထဲဆီးသွားခြင်း၊ လက်သည်းကိုက်ခြင်း၊ လူကြီးမိဘအနီးအနားမှာ တွယ်ကပ်နေခြင်းမျိုးပါ။ စိတ်ခံစားတုံ့ပြန်မှု ပြောင်းလဲလာတာ တွေ့ရမယ်။ အငိုလွယ်မယ်။ ကြောက်စိတ်များလာမယ်။ စိတ်မကျေနပ်ရင် လူးလှိမ့်အော်ဟစ်ခြင်း၊ ကန်ကြောက်ခြင်း၊ ထုရိုက်ခြင်း စတဲ့ ဒေါသပေါက်ကွဲအပြုအမှု (Temper Tantrum) ဖော်ပြမယ်။ နှစ်သိမ့်ဖျောင်းဖျရတာ ခက်ခဲမယ်။ ကျောင်းစာညံ့ဖျင်းလာမယ်။ ကျောင်းစာကို စိတ်ပါဝင်းစားမှု၊ အာရုံးစူးစိုက် လေ့လာမှုကျဆင်းလာမယ်။ ကျောင်းတက်ဖို့ ငြင်းဆန်မယ်။ အတန်းကြီးကျောင်းသားက ကျောင်းပြေးတတ်တဲ့အကျင့် ပေါ်လာမယ်။ ခန္ဓာကိုယ်ရောဂါမရှိဘဲ၊ ဗိုက်နာခေါင်းကိုက် စတဲ့ ရောဂါလက္ခဏာမျိုးစုံ ညည်းတွားလာတတ်တယ်။ ချူချာလာတယ်။ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်း မလုပ်ချင်တော့ဘူး။ မိသားစုဝင်တွေနဲ့ ပြောဆိုဆက်ဆံတာ နည်းပါလာမယ်။ အထီးကျန်နေတတ်လာတာ တွေ့ရမယ်။ ဆယ်ကျော်သက်အရွယ် ကလေးသူငယ်ဆိုရင်၊ ဆေးလိပ်စတင် သောက်တဲ့အကျင့်၊ အရက် ဒါမှမဟုတ် မူးယစ်ဆေး စတင်သုံးစွဲတဲ့ အကျင့်ကို တွေ့ရှိလာရမယ်။

♦ ကိုဗစ်-၁၉ ကာလမှာ ကလေးသူငယ်တွေ ဘာကြောင့်ဖိစီးမှု ခံစားရသလဲ

ကိုဗစ်-၁၉ ကာလမှာ ကလေးသူငယ်တွေကို ဖိစီးမှုဖြစ်ပွားစေတဲ့ အကြောင်းရင်းခံ အချက်အလက်တွေ ရှိပါတယ်။ ပြည်သူလူထုအတွင်း ရောဂါထိန်းချုပ်မှု အစီးအစဉ် (Lock Down) ရှိရင် ကျောင်းပိတ်ထားတာရှိမယ်။ ကလေးအားကစားကွင်းတွေ ပိတ်ပင်ထားမယ်။ တအိမ်နဲ့တအိမ် ကူးလူးဆက်ဆံခွင့်မရှိဘူး။ အိမ်လည်မသွားရဘူး။ အပျော်ခရီးမထွက်ရဘူး။ ဒါကြောင့် ကလေးက ကလေးလို နေထိုင်သွားလာ လှုပ်ရှားခွင့် မရှိတော့ဘူး။ ကလေးကိုယ်တိုင် (လူကြီးမိဘနဲ့အတူ) ရောဂါအချုပ်ကျခြင်း (Quarantine) လုပ်တာခံရရင်၊ ဖိစီးမှုဒဏ် ပိုပြီးခံရမယ်။ မိသားစုကို ခွဲခြားဆက်ဆံတာ ခံရတတ်တယ်။ ရောဂါအချုပ်၊ “ကွာရန်တင်း”လုပ်ခံရတဲ့ ကလေသူငယ်တွေထဲမှာ၊ ကြောက်စိတ်လွန်ကဲမှု ခံစားရတာ ၂၀ ရာခိုင်နှုန်းနဲ့ ဘေးအန္တရာယ် ကြုံတွေ့ပြီး စိတ်ဖိစီးမှု (PTSD) လက္ခဏာခံစားရတာ ၂၈ ရာခိုင်နှုန်းကျော် ရှိပါတယ်။ မိသားစုအတွင်း ဖိစီးမှု ပိုမိုများပြားလာမယ်။ စားဝတ်နေရေး ကျပ်တည်းလာမယ်။ အထက်မှာဖော်ပြခဲ့သလို လူကြီးမိဘတွေထဲမှာ စိုးရိမ်သောကများလာတယ်။

ဒါကြောင့် အတူနေ ကလေးသူငယ်တွေထဲမှာလည်း လူကြီးတွေနဲ့အတူ မျှဝေကူးစက်ခံစားရတာ ရှိနိုင်တယ်။ လူကြီးမိဘ၊ အဘိုးအဘွားကို ရောဂါကူးစက်မှာ ကြိုတင်ပူပန်နေတတ်မယ်။ ဆွေမျိုးမိဘတွေထဲမှာ သေဆုံးသူရှိရင်၊ ပူဆွေးတမ်းတခြင်းနဲ့အတူ ရောဂါကြောက်စိတ် ပိုမိုလာနိုင်တယ်။ ကိုဗစ်၁၉ ကာလမှာ မိသားစုအတွင်း ခိုက်ရန်ဖြစ်ပွားမှု ပိုမိုများပြားလာတယ်။ လူကြီးမိဘတွေထဲမှာ အရက်နဲ့ မူးယစ်ဆေးသုံးစွဲတဲ့နှုန်း မြင့်တက်လာတယ်။

ဒါကြောင့် မိသားစုအတွင်းအကြမ်းဖက်မှုလည်း တိုးပွားလာတာ တွေ့ရှိရတယ်။ သြစတြီးလျနိုင်ငံမှာ မိသားစုအတွင်း အကြမ်းဖက်ခြင်းခံရသူက တယ်လီဖုန်းနဲ့ ဆက်သွယ်တိုင်ကြား အကူအညီတောင်းခံနိုင်တယ်။ ကိုဗစ်-၁၉ ကာလမှာ အဲလိုအကူအညီ တောင်းခံတဲ့အကြိမ်ပေါင်းက သာမန်အချိန်ကာလထက် ၂၅ ရာခိုင်နှုန်း ပိုမိုများပြားလာတာ တွေ့ရှိရတယ်။ လူကြီးမိဘအချင်းချင်း အကြမ်းဖက်ရိုက်နှက်တာကို တွေ့မြင်ရရင် ကလေးသူငယ်တွေက စိတ်ဖိစီးမှုဒဏ် ခံရမှာ သေချာတယ်။ အကြမ်းဖက်တတ်တဲ့ မိဘက ကလေးသူငယ်ကို ရိုက်နှက်ညှင်းပန်းတာနဲ့ လျစ်လျူရှုတာလည်း ပိုမိုများပြားလာပါတယ်။ ဆေးရုံဆေးခန်းတွေမှာ သွားလာမှု ကန့်သတ်ချက်ရှိမယ်။ ကိုဗစ်-၁၉ လူနာတွေနဲ့ အလုပ်များနေလို့၊ တစ်ခြားရောဂါ လူနာတွေအတွက် ကုသပေးနိုင်မှု နှောင့်နှေးတာရှိနိုင်တယ်။ ရပ်ကွက်အတွင်းရှိ စိတ်ကျန်းမာရေး အကူပြုလုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်မှုမရှိ ဖြစ်လာမယ်။ ဒါကြောင့် စိတ်ကျန်းမာရေး ချို ့ယွင်းလာတဲ့ ကလေးသူငယ်တွေအတွက် လိုအပ်တဲ့အကူအညီ ရယူနိုင်မှု လျော့နည်းလာပါတယ်။ အဲဒီတော့ ကလေးသူငယ်တွေ ဖိစီးမှု ခံစားရတာ နည်းပါးအောင် အိမ်ထဲမှာ အတူနေတဲ့ လူကြီးမိဘတွေက ဆောင်ရွက်ပေးရမှာပါ။

♦ ကိုဗစ်-၁၉ ကာလမှာ ကလေးသူငယ် ဖိစိးမှုနည်းပါးစေဖို့ ဘယ်လိုကူညီးပံ့ပိုးပေးမလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO 2020) က ညွှန်ကြားအကြံပေးထားတာ ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို၊ ကလေးနားလည်နိုင်သလို ရှင်းလင်းပြောပြရမယ်။ အသိမှားခြင်း ဒါမှမဟုတ် သိရှိနားလည်မှုမရှိခြင်းက အကြောက်တရားကို ပိုမိုတိုးပွားစေတယ်။
ကိုဗစ်-၁၉ ကာလမှာ ကလေးသူငယ်တွေကို နဂိုထက်ပိုပြီး အလေးထားရမယ်။ အသိအမှတ်ပြုရမယ်။ မိဘမေတ္တာနဲ့ ချစ်ခင်ယုယမှု ပိုမိုဖော်ထုတ်ပြရမယ်။ သူတို့အားငယ်နေတတ်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။

ကလေးသူငယ်ပြောချင်တာ၊ မေးမြန်းချင်တာကို မရှက်မကြောက် ဖွင့်ဟမေးမြန်းဖို့ တိုက်တွန်းအားပေးရမယ်။ သူတို့ပြောချင်တာကို နားလည်အောင် ကြိုးစားရမယ်။ သူတို့မေးခွန်းကို စိတ်အေးအေးထားပြီး အဖြေပေး၊ အကျိုးအကြောင်းရှင်းပြ၊ လိုအပ်သလို ဖျောင်းဖျအားပေး၊ ကိုဗစ်-၁၉ ရောဂါကိုကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြ၊ လိုက်နာကျင့်သုံးအောင် တိုက်တွန်း၊ အပြင်မထွက်ရလို့ အိမ်ထဲမှာ ငြီးငွေ့မနေစေနဲ့။ အိမ်ထဲမှာ ကစားနိုင်ဖို့ အပန်းဖြေနိုင်ဖို့ အခွင့်အရေး ဖန်းတီးပေးရတယ်။ ဝါသနာပါတဲ့ အလုပ်ကို၊ လုပ်ဖို့အားပေး၊ ဝါသနာအသစ်ရရှိအောင် အကြံဉာဏ်ပေးနိုင်တယ်။ နေ့စဉ် အချိန်ဇယားဆွဲပေးထားရင် ကောင်းတယ်။ ကျောင်းစာဖတ်ချိန်၊ ကစားချိန်၊ ဝါသနာအလုပ်နဲ့ အနားယူအပန်းဖြေချိန်၊ မိဘကို ကူညီလုပ်ကိုင်ချိန်၊ မိဘနဲ့အတူ ပြောဆိုဆက်ဆံချိန်၊ သူငယ်ချင်းတွေနဲ့ တယ်လီဖုန်း၊ ကွန်ပျူတာကမှတဆင့် ဆက်သွယ်ပြောဆိုချိန် စသဖြင့်ပေါ့။ ငြီးငွေ့ပျင်းရိနေဖို့ အချိန်မပေးနဲ့ပေါ့။

Most Popular

Healthy Life Ad
To Top