Healthy Life Ad
News

ကိုဗစ်-၁၉လူနာများကို ပုဂ္ဂလိကဆေးရုံများတွင် ကုသခွင့်ပြုတော့မည်

———၊ ဟန်တိုးစံ ၊———-

ပုဂ္ဂလိကဆေးရုံကြီးတွေရဲ ့အခန်းကဏ္ဍကလည်း အရေးကြီးတာကြောင့် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးဖို့ ဆွေးနွေးခဲ့ရာ မူအားဖြင့်သဘောတူကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်ပုဂ္ဂလိကဆေးရုံတွေမှာ ကုသမလဲဆိုတာကို စက်တင်ဘာလ ၁၉ ရက်နေ့ (ယနေ့)မှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“နိုင်ငံတော်က ပုဂ္ဂလိကဆေးရုံတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားပဲလေ။ ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ ဥပဒေတွေပေါ့။ အဲဒီဥပဒေတွေနဲ့ညီရင်တော့ လုပ်ရမှာပေါ့။ ဘယ်ဆေးရုံတွေမှာ ထားမလဲဆိုတာကို အသေးစိတ် ခဏနေရင်ဆွေးနွေးတော့မှာ။ ခဏလေးနဲ့ လုပ်လို့မရဘူး။ မတော်တဆ အဲ့ဆေးရုံမှာ လူသေခဲ့ရင်ဆိုတာကအစ ဆွေးနွေးရမှာ။ ပုဂ္ဂလိကဆေးရုံဆိုပြီး အမြတ်ယူဖို့လုပ်မှာလည်း မဟုတ်ဘူး” လို့ ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ရသွားတော့ လူနာတွေအတွက် ခုတင်အပိုတွေရလာပြီး ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ရန်ကုန် ၊ စက်တင်ဘာ ၁၉

Most Popular

Healthy Life Ad
To Top