Healthy Life Ad
Health Tips

အိမ်ထောင်သက်ကြာတဲ့အထိ အိမ်ထောင်မှုသုခ ပြည့်ဝနေစေမယ့် သဘာဝနည်းများ

———၊ ကိုထက် ၊———

အိမ်ထောင်မှုသုခ မပြည့်ဝလို့ စိတ်ညစ်နေပါသလား။ အများအားဖြင့် အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ စုံတွဲတချို့ဟာ အိမ်ထောင်ရေးအပေါ် ငြီးငွေ့လာတတ်ကြတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ အိမ်ထောင်သက်တမ်း ဘယ်လောက်ပဲကြာကြာ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ချစ်စိတ်တွေ ဟောင်းနွမ်းမသွားဘဲ အိမ်ထောင်မှုသုခအပြည့်အဝ ရရှိနေတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ အဲဒီစုံတွဲတွေ လိုက်နာလေ့ရှိတဲ့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ပျော်ရွှင်အောင်နေခြင်း

လင်ရောမယားမှာပါ စိတ်ဖိစီးမှုရှိနေတယ်၊ အဲဒီစိတ်ဖိစီးမှုကို ပြေလျော့အောင် လျှော့ချနိုင်မှု မရှိဘူးဆိုရင် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက သင်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုသာမက အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် စိတ်ချမ်းသာပျော်ရွှင်အောင် ကြိုးစားနေထိုင်ပါ။

(၂) နှိပ်နယ်ရင်း အပန်းဖြေခြင်း

စိတ်ဖိစီးမှုများခြင်း၊ ပူပင်သောကများခြင်းနဲ့ စိတ်တိုဒေါသထွက်ခြင်း စတဲ့ ဖိစီးမှုတွေ ခံစားနေရချိန်မှာ အိမ်ထောင်ဖက်က နှိပ်နယ်ပေးတာက စိတ်ရောခန္ဓာကိုယ်ကိုပါ အပန်းပြေစေပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။ အနှိပ်ခံနေစဉ် ညင်သာတိုးညှင်းတဲ့ တေးသီချင်းကို နားဆင်ပေးတာကြောင့် စိတ်အပန်းပြေကာ အိမ်ထောင်ဖက်အပေါ် ချစ်ခင်စိတ် တိုးလာစေပါတယ်။

(၃) သင့်တော်သောအချိန်တွင် အစာစားခြင်း

ခန္ဓာကိုယ်မှာ အာဟာရဓာတ် ချို ့တဲ့နေတာကြောင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုရှိစေနိုင်ပါတယ်။ တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၅-၉ ကြိမ်လောက် စားပေးရင် သင့်ကျန်းမာရေးအတွက် အကောင်းဆုံးအခြေအနေမှာ ရှိစေပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်စေပါတယ်။ စားသုံးတဲ့ အစားအသောက်ကရတဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေက လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု ကောင်းမွန်စေကာ နာတာရှည်ရောဂါတချို ့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန်များနေလျှင် ဝိတ်လျှော့ခြင်

ကိုယ်အလေးချိန်များတာကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ထိခိုက်စေရုံသာမက ဆန္ဒကိုပါ လျော့ကျစေပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်အဆီပိုတွေကြောင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေများစေကာ လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု လျော့ကျစေလို့ပါ။

(၅) ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ခြင်း

အိမ်ထောင်သည်တွေ ပုံမှန်လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်ဆောင်ပေးတာကြောင့် လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကိုပါ ကောင်းမွန်စေတာကြောင့် အိမ်ထောင်ရေးမှာ ပျော်ရွှင်ကြည်နူးမှု ရရှိစေပါတယ်။

(၆) အားဆေးမှီဝဲခြင်း

ကျန်းမာရေးမကောင်းလို့ပဲဖြစ်ဖြစ်၊ နာမကျန်းမှုကနေ နာလန်ထခါစအချိန်ပဲဖြစ်ဖြစ်၊ စားသမျှ အစားအသောက်ကနေ အာဟာရဓာတ် အပြည့်အဝမရလို့ပဲဖြစ်ဖြစ် အားနည်းတဲ့အခါ ချစ်နိုင်စွမ်းလည်း လျော့ကျတတ်ပါတယ်။ အဲဒီအတွက် သင့်တော်တဲ့ အားဆေးကို မှီဝဲပေးသင့်ပါတယ်။

(၇) ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာကြောင့် လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု ထိခိုက်စေပါတယ်။ အကြောင်းကတော့ သွေးကြောတွေ ကျဉ်းသွားစေလို့ပါ။ ဆေးလိပ်သောက်တာကြောင့် အမောမခံနိုင်သလို အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေလည်း များပါတယ်။

(၈) ချစ်စိတ်တိုးစေသည့် အစားအစာများစားခြင်း

ကညွတ်၊ ကမာကောင် စတာတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများသလို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေတဲ့ တခြားအာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

(၉) အရက်ကို မသောက်ရမနေနိုင်ပါက အသင့်အတင့်သာ သောက်ခြင်း

အရက်မသောက်တာတော့ အကောင်းဆုံးပါ။ အရက်သောက်တတ်သူဖြစ်ရင် အရက်ကို တစ်နေ့တစ်ပက်ခန့် သောက်တာကြောင့် စိတ်ဖိစီးမှုကို အတန်အသင့် လျှော့ချနိုင်ပြီး စွမ်းဆောင်နိုင်စွမ်း ရှိစေပါတယ်။ ဒါပေမဲ့ အရက်က ပမာဏများသွားရင် စိတ်ဓာတ်ကျစေတဲ့ အာနိသင်ရှိတာကြောင့် ဆန့်ကျင်ဘက်ဂုဏ်သတ္တိပြောင်းကာ ဆိုးကျိုးဖြစ်သွားတတ်တာကို သတိပြုပါ။

(၁၀) မကျေနပ်ချက်များကို မျိုသိပ်မထားခြင်း

အိမ်ထောင်ရေးမှာ အရေးပါဆုံးအချက်က နားလည်သည်းခံမှုပါ။ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုက ပေါင်းဖက်ရတဲ့ လင်မယားတွေမှာ သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒ နှစ်မျိုးပေါင်းစုံရတဲ့အခါ ထပ်တူကျနိုင်ဖို့ မလွယ်ပါဘူး။ အဲဒီအချိန်မှာ မကျေနပ်တာတွေရှိရင် ဘယ်တော့မှ မျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းသင့်ပါတယ်။ အတ္တ၊ မာနနဲ့ ဆန္ဒတွေကို လျှော့ချရင် နားလည်မှု၊ ချစ်ခင်မှုနဲ့ သည်းခံမှုတွေနဲ့အတူ ခရီးဆက်မှသာ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရရှိစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top