———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
တစ်နေ့မှာ ကျွန်တော့်အဖေနဲ့ ကျွန်တော်က ကုန်စုံဆိုင်ကနေ ပြန်လာချိန်မှာ သူ့ကလေးတွေ စားစရာမရှိလို့ ငွေစနည်းနည်းပေးပါဆိုပြီး တောင်းနေတဲ့ လူတစ်ဦးကို လမ်းမှာတွေ့လိုက်ရတယ်။
ကျွန်တော့်အဖေက သူ့ကိုငွေမပေးဘဲ ကုန်စုံဆိုင်က ဝယ်လာတဲ့အထဲက ဆန်၊ အသား၊ မုန့်၊ ဆီစတာတွေကို နည်းနည်းစီ ဝေခြမ်းပေးခဲ့တယ်။
တကယ်တော့ အဲဒီအချိန်တုန်းက ကျွန်တော့်အဖေမှာ အပိုငွေများများစားစား မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ကျပ်တည်းနေတဲ့အချိန်ဖြစ်လို့ ဝင်ငွေသိပ်မကောင်းပါဘူး။ ဒါပေမဲ့ အဖေကတော့ သူ့ဝင်ငွေကို အမှုမထားဘဲ အဲဒီလူကို မြင်တာနဲ့ပေးဖို့ အခွင့်အရေးရသလိုမျိုး ကြင်ကြင်နာနာနဲ့ကို ပေးခဲ့တာပါ။
နောက်တစ်ခါ ကျွန်တော့်အဖေနဲ့ ကျွန်တော် အဲဒီလူကိုထပ်တွေ့တော့ သူ့ကလေးနေမကောင်းလို့ ဆေးဝယ်ရမှာမို့ ငွေစအနည်းငယ်ပေးပါဆိုပြီး တောင်းပြန်ပါတယ်။ ကျွန်တော့်အဖေက သူ့ကလေးအတွက် လိုအပ်တဲ့ ဆေးကိုဝယ်ပြီး ပေးခဲ့တယ်။ ဒါနဲ့ အပြန်မှာ ကျွန်တော်က အဖေ့ကို ပြောမိတယ်။
“အဖေ . .အဲဒီလူကြီး ညာနေတာ၊ သူ့ပုံစံကို ကြည့်ပါလား။ သူက အဖေပေးတာတွေကို အရက်နဲ့ လဲသောက်ပစ်မှာ”
အဖေက ပြုံးပြီး ကျွန်တော့်ကို ပြောပါတယ်။
“သူကတကယ်လိုအပ်လို့ တောင်းတာဖြစ်ဖြစ်၊ ညာတာပဲဖြစ်ဖြစ် အဖေတို့နဲ့မဆိုင်ဘူး သား၊ သူ့ကိုပေးတဲ့ အဖေတို့မေတ္တာ မပျက်ပြယ်ဖို့က အဖေတို့အပိုင်းပါပဲ”
အဲဒီအဖေ့ပြောစကားကို ကျွန်တော်ဘယ်တော့မှ မမေ့တော့ပါဘူး။
ဘယ်လိုလူမျိုးနဲ့တွေ့တွေ့ ကိုယ့်မေတ္တာမပျက်ပြယ်ဖို့က ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့စိတ်နဲ့ လျှောက်လှမ်းခဲ့တဲ့ ကျွန်တော့်ဘဝဟာ အဖေ့စကားကြောင့် အမြဲအေးချမ်းနေခဲ့တာပါပဲ။