Healthy Life Ad
News

ကွယ်လွန်သွားသည့် Covid-19 အတည်ပြုလူနာ ၁၃ နှစ်အရွယ် မိန်းကလေးတွင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားလျော့နည်းသော Pancytopenia ဝေဒနာအခံရှိ

———၊ ဟန်တိုးစံ ၊———

တောင်ဥက္ကလာဆေးရုံကြီးတွင် ကွယ်လွန်သွားသည့် Covid-19 အတည်ပြုလူနာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတွင် Pancytopenia ဝေဒနာအခံရှိနေကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ဒေါက်တာစောနိုင်က စက်တင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။

“ကျွန်တော် ဆေးရုံအုပ်ကြီးကို လှမ်းမေးတော့ သူ့မှာ သွေးရောဂါတစ်မျိုးရှိတယ်လို့ ပြောတယ်။ Pancytopenia လို့ပြောတယ်ဗျ”ဟု ၎င်းင်ကပြောပါတယ်။

Pancytopenia (ပန်စိုက်တိုပီးနီးယား)ဆိုတာ သွေးထဲမှာရှိတဲ့ သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးဥမွှား(Platelet) သုံးခုလုံး လျော့နည်းတာကြောင့် ဖြစ်ရတယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“သွေးဖြူဥနည်းရင် ခုခံအားကျတယ်။ သွေးနီဥနည်းရင် သွေးအားနည်းတယ်။ သွေးဥမွှားနည်းရင် သွေးခဲရမယ့်နေရာတွေမှာ သွေးမခဲတာ။ အဲ့ဒီလို ၃ ခုလုံးနည်းတာနဲ့ ကိုဗစ်နဲ့တွေ့တော့ အခုလိုဖြစ်သွားတာ ထင်ပါတယ်”လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

တောင်ဥက္ကလာဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားတဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီး (Case – 2531) က စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၃) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချိန်အထိ ကိုဗစ်နဲ့ ကွယ်လွန်သွားသူ ၅၇ ဦးအနက် အသက်အငယ်ဆုံး လူနာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top