Healthy Life Ad
Health Tips

ကော်ဖီကြောင့်ဖြစ်သော စိတ်ရောဂါ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို ့တော် တောင်ဘက်ပိုင်းရှိ လိုဂန်ရပ်ကွက်မှာ နိုင်ငံပေါင်းစုံ ဈေးဆိုင်တန်းတစ်ခုရှိပါတယ်။ မြန်မာနိုင်ငံထွက် ပစ္စည်းတွေကို ရောင်းချတဲ့ ‘မေမေမြန်မာစတိုးဆိုင်’ လည်းရှိတယ်။ တနင်္ဂနွေနေ့ တစ်နေ့မှာ မေမေမြန်မာစတိုးဆိုင်က လက်ဖက်ထုပ်နဲ့ အကြော်စုံဘူးဝယ်ယူပြီး စာရေးသူရဲ ့မိတ်ဆွေ ကိုတာတို့အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။

“ကိုတာနဲ့ ဒေါ်မှုန်တို့ နေကောင်းကြတယ်နော်။ လမ်းကြုံလို့ဝင်လာတာပါ။ ဒေါ်မှုန်ကြိုက်တတ်တဲ့ လက်ဖက်ထုပ်လည်း ဝယ်လာတယ်”

ဒေါ်မှုန်က ဧည့်ဝတ်ပြုပါတယ်။

“အလည်လာလို့ ရပါတယ်။ လက်ဆောင်တွေ ယူလာစရာမလိုပါဘူး။ ကိုအုန်းကျော် အမောပြေ ဘာသောက်မလဲ”

“မနက်ဘက်မှာဆိုတော့ လက်ဖက်ရည်ပဲ သောက်မယ်”

“ကိုကိုတာကတော့ ကော်ဖီပဲမဟုတ်လား။ ဒီမနက် ကော်ဖီနှစ်ခွက်ရှိပြီနော်”

ပြောပြောဆိုဆို ဒေါ်မှုန်က မီးဖိုခန်းထဲ ဝင်သွားပါတယ်။ စာရေးသူကိုတာကို မေးမြန်းတယ်။

“ခင်ဗျားက ကော်ဖီကြိုက်နေပြီလား”

“ရုံးမှာ အလုပ်တစ်ခုလုပ်ပြီးတိုင်း၊ အစည်းအဝေးရှိတိုင်း ကော်ဖီသောက်ဖြစ်နေတယ်။ ရုံးပိတ်ရက်မှာလည်း တီဗီကြည့်ရင်း၊ သတင်းစာဖတ်ရင်း ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်မိနေတယ်။ ကော်ဖီက စွဲတတ်သလား”

“ကော်ဖီထဲမှာပါရှိတဲ့ “ကဖင်းဓာတ်” (Caffeine) က ဦးနှောက်ကလာပ်စည်းတွေကို လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးရင် အိပ်ငိုက်တာ ပြေပျောက်တယ်။ ဦးနှောက်ပင်ပန်းနေတာကို သက်သာစေတယ်။ လူကို နိုးကြားတက်ကြွစေတယ်။ အာရုံစိုက်နိုင်မှုကို အားပေးတယ်။ ကော်ဖီသောက်ပြီး နာရီဝက်-တစ်နာရီအတွင်း အာနိသင်ပြပြီး ၃-၄ နာရီအထိ အာနိသင် အရှိန်ရှိနိုင်ပါတယ်။ ကဖင်းဓာတ်က ကြွက်သားမောပန်းနွမ်းနယ်မှုကို လျော့နည်းစေတယ်။ ဒါကြောင့် ကဖင်းပါတဲ့ ဖျော်ရည်ကို စွမ်းအင်ဖျော်ရည် (Energy Drink) အဖြစ် သုံးစွဲတာရှိပါတယ်”

ကိုတာက ကော်ဖီကောင်းကျိုးကို ထောက်ခံတယ်။

“ဒီတော့ ကော်ဖီသောက်တာကို အဆိုးမဆိုသာဘူးပေါ့”

“အကောင်းရှိသလို အဆိုးလည်းရှိပါတယ်။ ကဖင်းဓာတ်က နှလုံးခုန်နှုန်းကို မြန်စေတယ်။ သွေးတိုးစေတယ်။ ဦးနှောက်သွေးကြောကို ကျုံ့စေတယ်။ အစာအိမ်ထဲမှာ အက်စစ်ဓာတ်ထုတ်လုပ်မှုကို များပြားစေတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိရင်၊ အစာအိမ်ရောဂါရှိရင် ကော်ဖီသောက်တာကို သတိထားရမယ်။ ကော်ဖီသောက်တာများရင် ကော်ဖီစွဲတာ ဖြစ်နိုင်ပါတယ်။ ခင်ဗျား တစ်နေ့မှာ ကော်ဖီဘယ်နှခွက် သောက်သလဲ”

“တစ်နေ့လုံး ကဖင်းဓာတ် ၄၀ဝ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ဘူးလို့ ညွှန်ကြားထားတာ ရှိပါတယ်။ ကဖင်းဓာတ်က ချောကလက်၊ ကိုကာကိုလာဖျော်ရည်၊ စွမ်းအင်ဖျော်ရည်၊ လက်ဖက်ရည်နဲ့ တချို့အကိုက်အခဲပျောက်ဆေး၊ အအေးမိဝေဒနာ ပျောက်ဆေးတွေထဲမှာလည်း ပါရှိတယ်ဆိုတာကို ထည့်တွက်ရမယ်။ ကော်ဖီတစ်ခွက်မှာ” . . .

“တစ်နေ့ ၄-၅ ခွက်အထိတော့ ရှိမယ်။ များသလား”

“တစ်နေ့လုံး ကဖင်းဓာတ် ၄၀ဝ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ဘူးလို့ ညွှန်ကြားထားတာ ရှိပါတယ်။ ကဖင်းဓာတ်က ချောကလက်၊ ကိုကာကိုလာဖျော်ရည်၊ စွမ်းအင်ဖျော်ရည်၊ လက်ဖက်ရည်နဲ့ တချို့အကိုက်အခဲပျောက်ဆေး၊ အအေးမိဝေဒနာ ပျောက်ဆေးတွေထဲမှာလည်း ပါရှိတယ်ဆိုတာကို ထည့်တွက်ရမယ်။ ကော်ဖီတစ်ခွက်မှာ ပျမ်းမျှခြင်းအားဖြင့် ကဖင်းဓာတ် ၁၀ဝ မီလီဂရမ် ပါရှိတယ်ဆိုတာကို ထည့်တွက်ရမယ်။ ပုံမှန်လက်ဖက်ရည်တစ်ခွက်ထဲမှာ ကဖင်းဓာတ် ၆၀ မီလီဂရမ်လောက် ပါရှိပါတယ်။ သြစတြေးလျနိုင်ငံရှိ အရွယ်ရောက်သူတွေထဲမှာ ၇၅ ရာခိုင်နှုန်းက ကော်ဖီသောက်ပါတယ်။ ကော်ဖီသောက်တတ်သူ ၂၈ ရာခိုင်နှုန်းက တစ်နေ့ကော်ဖီသုံးခွက်ထက် ပိုမိုသောက်သုံးကြောင်း တွေ့ရှိရတယ်။ ဒီတော့ ခင်ဗျားက အဲဒီ ၂၈ ရာခိုင်နှုန်းထဲမှာ ပါဝင်နေတာပေါ့”

ကိုတာက စပ်စုမေးမြန်းပါတယ်။

“ကော်ဖီသောက်တာများရင် စိတ်ရောဂါ ဖြစ်ပွားလာနိုင်သလား”

“စိတ်ကျန်းမာရေး ဆေးကျမ်းတွေထဲမှာ “ကဖင်းမူးဝေဒနာ”( Caffeine Intoxication)နဲ့ “ကဖင်းကြောင့် ဖြစ်ပွားစိုးရိမ်စိတ်လွန်ကဲရောဂါ” (Caffeine Induced Anxiety Disorder)ကို ဖော်ပြထားတာရှိပါတယ်”

ကိုတာက စောဒကတက်ပါတယ်။

“ကော်ဖီသောက်တိုင်း ကဖင်းမူးဝေဒနာဖြစ်မယ်တော့ မထင်ပါဘူး”

“ကဖင်းအချိန်အတွယ်နဲ့ ဘယ်လောက်မြန်မြန် သောက်သုံးသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ ကဖင်းဓာတ် ၂၅၀ မီလီဂရမ် (ကော်ဖီသုံးခွက်လောက်)ကို တစ်နာရီလောက် သောက်သုံးမိရင် ကဖင်းမူးဝေဒနာ ရရှိနိုင်ပါတယ်”

ကဖင်းမူးလက္ခဏာတွေလား။ စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် ပေါ်ပေါက်လာခြင်း၊ စိတ်လှုပ်ရှားတက်ကြွလာခြင်း၊ မောပန်းနွမ်းနယ်မှုလျော့နည်းခြင်း၊ မျက်နှာနီရဲလာခြင်း၊ ဆီးသွားများခြင်း၊ ဗိုက်နာခြင်း၊ နှလုံးခုန်ရင်တုန် ခံစားရခြင်း၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ညဘက်မှာ အိပ်မပျော်ခြင်းတို့ ဖြစ်ပါတယ်”

ကိုတာက သူ့အတွေ့အကြုံကို ပြောပြတယ်။

“ရုံးမှာ ကော်ဖီဆက်တိုက်သောက်မိရင် ခြေလက်တုန်တာ၊ ရင်ခုန်တာတွေ ကြုံရဖူးတယ်”

“ကဖင်းမူးဝေဒနာက သွေးထဲမှာ ကဖင်းဓာတ်အရှိန်ရနေစဉ် အချိန်မှာ ခံစားရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ “ကဖင်းကြောင့် ဖြစ်ပွားစိုးရိမ်စိတ်လွန်ကဲရောဂါ” (Caffeine Induced Anxiety Disorder) ကတော့ ကော်ဖီစွဲတဲ့လူတွေ အမြဲလိုလို အချိန်တိုင်း ခံစားနေရတဲ့ ရောဂါဖြစ်တယ်”
“ရောဂါလက္ခဏာတွေက ပိုပြီး ထူးခြားလား”

“ပိုပြီးပြင်းထန်တယ်။ နေ့စဉ်နေ့တိုင်း လနဲ့ချီပြီး ခံစားနေရမယ်။ အဲဒီလို ရောဂါလက္ခဏာတွေ ခံစားနေရလို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်စွမ်း ကျဆင်းလာပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ လူနာနော်မင်လိုပေါ့”

“ပြောပြဗျာ”

“နော်မင်က ဒါဝင်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှာ နည်းပြဆရာပါ။ Ph.D ဘွဲ့အတွက် သုတေသန စာတမ်းရေးနေတဲ့ ဘွဲ့လွန်ကျောင်းသားလည်း ဖြစ်တယ်။ စာသင်ရတာတစ်ဖက်၊ သုတေသနလုပ်ငန်းနဲ့ စာတမ်းပြုစုဖို့ လေ့လာနေရတာက တစ်ဖက်နဲ့ အလုပ်များနေတယ်။ ဒီတော့ စိတ်ပင်ပန်း လူပင်ပန်းသလို ခံစားရတိုင်း ကော်ဖီသောက်မိလာတယ်။ တဖြည်းဖြည်း ကော်ဖီစွဲလာတယ်။ တစ်နေ့ ကော်ဖီ ၈ ခွက်၊ ၁၀ ခွက်အထိ သောက်သုံးဖြစ်လာတယ်။ ကဖင်းဓာတ် ၈၀ဝ မီလီဂရမ်မှ ၁၀ဝ၀ မီလီဂရမ်အထိ ရှိတာပေါ့”

“အဲဒီတော့ ဘာဖြစ်လာသလဲ”

“စိုးရိမ်စိတ်လွန်ကဲရောဂါ ခံစားလာရတယ်။ အချိန်တိုင်းလိုလို ဂနာမငြိမ်ဖြစ်လာတယ်။ စိတ်ထဲမှာ ကျီးကန်းတောင်းမှောက်သလို ခံစားလာရတယ်။ အာရုံစူးစိုက်နိုင်မှု ချို့ယွင်းလာတယ်။ ပင်ပန်းနွမ်းနယ်သလို ခံစားရတာ ပြေပျောက်မသွားဘဲ ပိုပြီး မောပန်းလွယ်လာတယ်။ အကြောင်းမဲ့ စိတ်တိုလာတယ်။ အကြောင်းမဲ့ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း (Panic)ခံစားရတယ်။ ကြွက်သားတင်းကျပ်နေတယ်။ ညဘက်မှာ အိပ်မပျော်ဘူး။ ကြာတော့ သူ့လုပ်ငန်းကို ထိခိုက်လာတာပေါ့။ ဒါကြောင့် ကျွန်တော့်ဆေးခန်းရောက်လာတာပါ။ နော်မင်က အသက် ၃၀ ပဲရှိသေးတယ်။ နော်မင်မှာ စိုးရိမ်စိတ်လွန်ကဲမှုကို ဖြစ်စေတဲ့ တခြားရောဂါတွေ မရှိဘူး။ အရင်က ဒီလိုရောဂါမျိုးလည်း မခံစားခဲ့ရဖူးဘူး။ မျိုးရိုးလည်း မရှိဘူး။ ကော်ဖီသောက်တာများလို့ ဖြစ်ပွားလာတဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါလို့ ယူဆနိုင်တာပေါ့။ အဲဒါ ခင်ဗျားသတိထားဖို့ ပြောတာပါ”

ကိုတာက သူ့အတွေ့အကြုံကို ပြောပြတယ်။

“ရုံးပိတ်ရက်တွေမှာ ကော်ဖီမသောက်ဖြစ်အောင် ကြိုးစားကြည့်ပါတယ်။ အဲဒီလိုနေ့မှာ ခေါင်းကိုက်တာ ကြုံရတယ်။ အားအင်ကုန်ခမ်းသလို ခံစားရတယ်။ လူကမလန်းဆန်းဘူး။ အကြောင်းမဲ့ စိတ်တိုနေတတ်တယ်”

“အဲဒါက ကော်ဖီပြတ်(ကဖင်းပြတ်)လက္ခဏာ ဖြစ်မယ်။ ကော်ဖီသောက်တာများတဲ့လူတွေ ကော်ဖီဖြတ်လိုက်ရင် ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ကဖင်းပြတ်လက္ခဏာ ခံစားရတယ်။ အဲဒါ ခန္ဓာကိုယ်က ကော်ဖီစွဲနေတဲ့သဘောလို့ ယူဆနိုင်တယ်”

လိမ္မော်ရည်သောက်ရင်း ထိုင်ပြီး နားထောင်နေတဲ့ ဒေါ်မှုန်က မှတ်ချက်ချပါတယ်။

“ဒါကြောင့် ကိုကိုတာ ကော်ဖီလျှော့သောက်ဖို့ တိုက်တွန်းနေရတာပါ”

စာရေးသူက ဖျောင်းဖျဆွေးနွေးပါတယ်။

“ကော်ဖီမဖြတ်နိုင်ရင် ဖြတ်ဖို့ မတိုက်တွန်းပါဘူး။ ကော်ဖီသောက်လို့ ရေရှည်မှာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ ဥပမာ-ကော်ဖီက သားအိမ်နဲ့ အသည်းကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ (WHO၂၀၁၆)။

ကျွန်တော့်လူနာနော်မင်ကို ကော်ဖီလျှော့သောက်ဖို့ ညွှန်ကြားပေးပါတယ်။ တစ်နေ့ ကော်ဖီအချိန်အတွယ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့သောက်ဖို့အကြံပေးတယ်။ အဲဒီလို လျှော့သောက်ရင် ကော်ဖီပြတ်လက္ခဏာ မခံစားရဘူးပေါ့။ တစ်နေ့ ကော်ဖီ ၃-၄ ခွက်ထက်ပိုပြီး မသောက်ဖို့လည်း တိုက်တွန်းပေးမယ်။ နော်မင်က ကျွန်တော်ပြောတဲ့အတိုင်း ကြိုးစားပြီး ကော်ဖီလျှော့သောက်တယ်။ တစ်လကျော်လောက်ကြာတော့ စိုးရိမ်စိတ်လွန်ကဲရောဂါ သက်သာပျောက်ကင်းသွားတာ တွေ့ရှိရပါတယ်”

Most Popular

Healthy Life Ad
To Top