Healthy Life Ad
Life Style

နေ့စဉ် စိတ်ဖိစီးမှုများစေတဲ့ အကြောင်းတရားတွေကနေ ရုန်းထွက်ရအောင်

———၊ ငွေစင်ကြယ်ယံ ၊———

စိတ်ဖိစီးမှုဆိုတာ ဘဝရဲ ့ ပုံမှန်အစိတ်အပိုင်း တစ်ရပ်ပါ။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတွေနဲ့ ကြုံလာရတိုင်း အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အကြံပြုချက်တွေကို ရေးသားလိုက်ရပါတယ်။

လူထူထပ်လို့ စိတ်ဖိစီးမှုများနေသလား

ဥပမာပြောရရင် လူထူထပ်တာက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် လူထူထပ်တဲ့အချိန်နဲ့ လူထူထပ်တဲ့နေရာတွေကို သွားတာရှောင်ပါ။

အလုပ်လုပ်ရာမှာ အမြဲနောက်ကျမှ ပြီးတာကြောင့် စိတ်ဖိစီးနေရသလား

အလုပ်ကိုရောက်ဖို့ မိနစ် ၄၀ အချိန်ယူရတယ်ဆိုရင် အိမ်ကနေ စောထွက်ပါ။ အလုပ်ကို အချိန်မီမရောက်တဲ့အတွက်လည်း လူအများစုဟာ စိတ်ဖိစီးပြီး တစ်နေ့လုံး ဘာလုပ်လုပ် မပြီးစီးဘဲ ဖြစ်တတ်ပါတယ်။ တကယ်လို့ လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်ကြာနေရင် တစ်နေ့တာလုပ်ရမယ့် အရာတွေကို မှတ်သားထားပါ။ ပြီးရင် အရေးကြီးဆုံး လုပ်ရမယ့် အလုပ်ကို အရင်စလုပ်သင့်ပါတယ်။

လျှပ်တစ်ပြက်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုများစေတဲ့ အခြေအနေကို ရှောင်လွှဲလိုသလား

အလုပ်နဲ့ အိမ်မှာ ရုတ်တရက်ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုဖြစ်စရာ အခြေအနေအတွက် အရင်ဆုံး စိတ်ရှုပ်မခံခင် ရယ်မောပစ်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ ဥပမာ- သင့်မှာ အလုပ်တွေများနေတုန်း သင့်ကလေးက ကစားစရာတွေကို ပြန့်ကျဲသွားအောင် လုပ်ပစ်လိုက်ရင် ချက်ချင်း စိတ်ရှုပ်မသွားအောင် သတိထားပါ၊ အရေးမပါတဲ့ကိစ္စလို့ သဘောထားလိုက်ပါ။ စိတ်ရှုပ်တာကြောင့် ပိုမိုစိတ်ညစ်ရတတ်ပါတယ်။

တခြားသူတွေကို ပြိုင်ဆိုင်ရင်း စိတ်ဖိစီးမှု များနေသလား

သူတပါးကို မနာလိုသဝန်တိုမှုဖြစ်ရင် အဲဒီစိတ်ကြောင့် စိတ်ဖိစီးမှုများရတတ်ပါတယ်။ ဒါကြောင့် သူများကို ယှဉ်ပြိုင်နေတာမျိုး ရှောင်ရှားပြီး ကိုယ့်ကိုယ်ကိုယ်သာ အရည်အချင်း ပိုမိုပြည့်ဝလာအောင် အားထုတ်ပါ။ လတ်တလော အခြေအနေမှာ သင့်မှာပိုင်ဆိုင်တဲ့ အရာနဲ့ပဲ ကျေနပ်နှစ်သိမ့်မှုရှိအောင် နေပါ။

သတိပြုရန်

• စိတ်ဖိစီးမှုဖြစ်လာတဲ့အခါမှာ လျှော့ချနိုင်ဖို့ အရင်ဆုံးစဉ်းစားပါ။ ရယ်မောတာ၊ အသက်ပြင်းပြင်းရှူတာ၊ စိတ်အပန်းပြေစေမယ့် စာပေဖတ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။

• ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ အအေးမိတာ၊ ဗိုက်အောင့်တာတို့ ခံစားနေရရင် ဒါက စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဒေါသထွက်ရင်၊ ပင်ပန်းနေရင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top