Healthy Life Ad
Health Tips

ဆီးချိုသွေးချိုရောဂါနှင့် စိတ်

ယခင်တစ်ပတ်မှအဆက်

—–၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

ဆေးကုသူ၏စိတ်

လူနာရှင်ရဲ့ စိတ်သာမက ဆီးချိုရောဂါ ပြုစုကုသပေးရသူတွေရဲ့ စိတ်နဲ့ စိတ်သဘောထားတွေကလည်း အရေးပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ဆီးချိုသွေးချို ထိန်းသိမ်းခြင်းအလုပ်မှာ လူနာတွေကိုယ်တိုင် မိမိကိုယ်ကိုယ်မိမိ ပြုစုခြင်း (selfcare) အလုပ်တွေ လုပ်ဆောင်နိုင်ဖို့ သင်ကြားပေးလိုစိတ် ရှိရပါမယ်။ လူနာတွေ စိတ်ပါဝင်စားအောင် ဆွဲဆောင်ခြင်း၊ အားပေးခြင်း၊ ကြိုးစားမှုအပေါ် ချီးကျူးခြင်း၊ အပြစ်မဖို့ခြင်း၊ ကြင်နာစိတ်၊ စာနာစိတ် ထားရှိခြင်း စတာတွေကို ဂရုစိုက်ဖို့ လိုအပ်ကြောင်းကို ဆေးကုသသူတွေနဲ့ ဆီးချိုစောင့်ရှောက်သူတွေ ခံယူကြဖို့ လိုပါတယ်။ သဘောပေါက်ဖို့ လိုပါတယ်။ လူနာတွေ နေထိုင်စားသောက်ပုံ အလေ့အထတွေ ပြုပြင်ပြောင်းလဲလိုစိတ်ဖြစ်အောင် motivation စိတ်ပါအောင် ဆွဲဆောင်ပေးခြင်း၊ ပြောဆိုတတ်ခြင်းတွေကိုလည်း ပြုလုပ်ရပါမယ်။ လူနာတွေကို empowerment ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် မိမိကိုယ်ကို မိမိစောင့်ရှောက်စေရပါမယ်။ တိုက်တွန်းရပါမယ်။

စိတ်၏ ဆီးချိုအပေါ် သက်ရောက်မှုများ

ဆီးချိုရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းတတ်ခြင်း (adaptations)တွေ၊ ပြုပြင်ခြင်းတွေ မလုပ်နိုင်ရင် အမြဲစိတ်ဆင်းရဲပြီး စိတ်ဓာတ်ကျ၊ စိတ်ပူ၊ စိတ်ညစ်နေရမှာ ဖြစ်ပါတယ်။ စိတ်က ဆီးချိုရောဂါနဲ့ ရောဂါရဲ့ဝေဒနာတွေကို သက်ရောက်မှု ရှိနိုင်ပါတယ်။

“ဆီးချိုလူနာတွေဟာ Depression စိတ်ဓာတ်ကျလွယ်ပါတယ်။ စိတ်ဓာတ်ကျရင် ဆီးချိုလူနာတွေရဲ့ ရောဂါခံစားမှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဥပမာ အာရုံကြောကျဉ်ခြင်း၊ ပူခြင်းတွေ ပိုပြီးပြင်းထန်ပါတယ်။ သွေးတိုးတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ပိုဆိုးသွားတတ်ပါတယ်။”

စိတ်ဓာတ်ကျခြင်း (Depression)နှင့် ဆီးချို

ဆီးချိုလူနာတွေဟာ Depression စိတ်ဓာတ်ကျလွယ်ပါတယ်။ စိတ်ဓာတ်ကျရင် ဆီးချိုလူနာတွေရဲ့ ရောဂါခံစားမှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဥပမာ အာရုံကြောကျဉ်ခြင်း၊ ပူခြင်းတွေ ပိုပြီးပြင်းထန်ပါတယ်။ သွေးတိုးတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ပိုဆိုးသွားတတ်ပါတယ်။ ရောဂါဆိုးတော့ နောက်ဆုံးမှာ စိတ်ဓာတ်ကျတာကလည်း ပိုဆိုးလာပါမယ်။ တဖန် စိတ်ဓာတ်ကျရင် စဉ်းစားဆင်ခြင်ဉာဏ်တွေ ကျဆင်းလာမယ်။ မိမိကိုယ်ကိုယ်မိမိ စောင့်ရှောက်မှုတွေ လျော့ပါးလာပါမယ်။

စိတ်လှုပ်ရှားခြင်း၊ စိတ်ခံစားလွယ်ခြင်း (Emotion)

စိတ်ခံစားမှု ပြင်းပြခြင်း အမျိုးမျိုးရှိရာမှာ တချို့က ကောင်းကျိုးတွေရှိသလို တချို့မှာလည်း ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။

ကောင်းကျိုးဖြစ်စေသော စိတ်လှုပ်ရှားခြင်းများ (Positive emotions)

စိတ်ခံစားမှုတွေထဲမှာ နောင်ဖြစ်လာမယ့် ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေအပေါ် စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ပူခြင်း၊ ဆက်စပ်ပြီး လူမှုရေးဆိုင်ရာနှင့် မိသားစုအတွက် စိတ်မချခြင်း စတဲ့ စိတ်ခံစားချက်တွေကြောင့် ကောင်းအောင်ပြုပြင်လိုတဲ့ ဆန္ဒပြင်းပြခြင်း၊ အောင်မြင်မှုရရှိတာကို လိုလားခြင်း၊ ဇွဲရှိခြင်း၊ မရရအောင် ကြိုးစားလိုခြင်း၊ အောင်မြင်မှုအပေါ် ဝမ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်း၊ ဆက်၍ကောင်းအောင်၊ ပို၍ကောင်းအောင် ဆက်လုပ်လိုခြင်း၊ ဆန္ဒတက်ကြွခြင်း စတဲ့ စိတ်ခံစားမှုတွေဟာ ဆီးချိုထိန်းရာမှာ အောင်မြင်မှုကို ပေးစွမ်းနိုင်တဲ့စိတ်တွေ ဖြစ်ပါတယ်။ ကုထုံးတွေကို စွဲစွဲမြဲမြဲ လိုက်နာမှုတွေ ပိုများလာစေပါတယ်။ စိတ်တက်ကြွခြင်း၊ အားမန်ရှိခြင်း၊ အားတက်ခြင်းတွေဟာ စိတ်ပိုင်းသာမက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ (Physical health) ကျန်းမာရေးအတွက်လည်း ထပ်ဆင့်ကောင်းကျိုးတွေ ရရှိနိုင်ပါသေးတယ်။ စိတ်ကြောင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေ ရှိပါတယ်။

ဆိုးကျိုးဖြစ်နိုင်သော စိတ်လှုပ်ရှားခြင်းများ (Negative emotions)

တစ်ဖက်မှာ စိတ်လှုပ်ရှားခြင်းဟာ လူနာတွေအတွက် မကောင်းတဲ့လားရာကို ဦးတည်နိုင်တဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုတွေ ရှိလာတတ်ပါတယ်။ဥပမာ- စိုးရိမ်စိတ်လွန်ကဲခြင်းဖြစ်ပြီး အိပ်မပျော်ခြင်း၊ အလုပ်အကိုင်ပျက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကြိုးစားလိုစိတ်မရှိခြင်း၊ သည်းခံနိုင်စွမ်းလျော့ခြင်း၊ ဇွဲမရှိခြင်း၊ ဝမ်းနည်းစိတ်ပျက်နေခြင်းတို့ ဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top