Healthy Life Ad
Health Tips

အမျိုးသမီးတို့၏ လေဖြတ်နိုင်ခြေကို တိုးမြင့်စေသည့် အချက်ငါးရပ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

နှစ်စဉ် အမျိုးသားတွေထက် အမျိုးသမီး ခြောက်သောင်းလောက်က လေဖြတ်နိုင်ခြေ ပိုများပါတယ်။ လေဖြတ်တဲ့အခါ အမျိုးသမီးတွေက အန္တရာယ်ပိုများပြီး သေဆုံးနိုင်ခြေ ပိုများပါတယ်။ အမျိုးသားကော အမျိုးသမီးပါ လေဖြတ်နိုင်ခြေ များတဲ့အချက်တွေက သွေးတိုးတာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆေးလိပ်သောက်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေက အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။

(၁) ဟော်မုန်းအသုံးပြုခြင်း

ကျန်းမာရေးကောင်းမွန်နေတဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အီစထရိုဂျင် ဟော်မုန်းတစ်မျိုးတည်းကို တာရှည်အသုံးပြုတာ ဒါမှမဟုတ် အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ကို တွဲပြီး ရေရှည်သုံးတာတွေကြောင့် လေဖြတ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက ငယ်ရွယ်ကျန်းမာနေတဲ့ အမျိုးသမီးအများစုမှာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်သောက်ပါက လေဖြတ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၂) ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီး သီတင်းပတ်အနည်းငယ်အတွင်း လေဖြတ်နိုင်တဲ့ အန္တရာယ်က ကိုယ်ဝန်မဆောင်တဲ့ အမျိုးသမီးတွေထက် ၂ ဒသမ ၄ ဆ ပိုများပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဆက်စပ်မှုရှိမယ်လို့ ထင်မြင်နေကြပါတယ်။

(၃) အိပ်စက်မှုအလေ့အထ

သွေးဆုံးပြီး အမျိုးသမီးတွေကို လေ့လာမှုကြီး တစ်ရပ်အရ တစ်ညမှာ ခြောက်နာရီအောက်နည်းပြီး အိပ်တဲ့အမျိုးသမီးတွေနဲ့ ကိုးနာရီထက်ပိုပြီး အိပ်တဲ့အမျိုးသမီးတွေဟာ လေဖြတ်နိုင်ခြေ မြင့်မားတယ်လို့ သိရပါတယ်။

(၄) မျိုးရိုးလိုက်ခြင်း

လေဖြတ်နိုင်တဲ့ မျိုးရိုးရှိရင် အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း ပိုများနေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့မိခင်၊ ဖခင်၊ ညီအစ်ကိုမောင်နှမတွေထဲက တစ်စုံတစ်ယောက် လေဖြတ်ခဲ့ရင် သူ့မှာ လေဖြတ်နိုင်ခြေ နှစ်ဆမြင့်မားနေပါတယ်။ မိသားစုမျိုးရိုးဟာ အမျိုးသားတစ်ဦးရဲ့ လေဖြတ်နိုင်ခြေကို မြင့်တက်စေနိုင်ပေမယ့် အမျိုးသမီးတွေရဲ့ အန္တရာယ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။

(၅) ခေါင်းတစ်ခြမ်းကိုက်ခြင်း

အမျိုးသမီးတွေက အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပိုမိုဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ရင် လေဖြတ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ စိတ်ဝင်စားဖွယ် ကောင်းတာက ဆေးလိပ်သောက်တဲ့၊ သန္ဓေတားဆေးသုံးတဲ့ အမျိုးသမီးတွေက လေဖြတ်နိုင်ခြေနဲ့ ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ပိုများပါတယ်။

အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေ လျော့ကျစေရန်

• လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။

• နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းအသား၊ ငါး၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ စတာတွေကို စားသင့်ပါတယ်။

• ကိုယ်အလေးချိန်ကို ပုံမှန်မှာပဲ ရှိနေအောင် ထိန်းထားသင့်ပါတယ်။

• ဆေးလိပ်မသောက်သင့်ပါဘူး။

• သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စတာတွေ အပါအဝင် ရောဂါတွေဖြစ်လာရင် ကုသမှုခံယူဖို့ ဆရာဝန်ရဲ့ အကြံဏ်ကို ရယူသင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိသူတွေ သောက်သုံးရတဲ့ တချို့ဆေးတွေက လေဖြတ်နိုင်ခြေ တိုးမြင့်စေပါတယ်။ ဒါကြောင့် သင့်မှာ ဆီးချိုရောဂါနဲ့အတူ-

• နှလုံးရောဂါရှိနေရင် ဒါမှမဟုတ် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အန္တရာယ်များနေရင် ကိုလက်စထရောကျစေတဲ့ ဆေးကို သောက်သင့်ပါတယ်။

• သွေးတိုးနေရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို စနစ်တကျ သောက်သင့်ပါတယ်။

• အသက် ၃၅ နှစ်ကျော်နေတဲ့ အိမ်ထောင်သည်ဖြစ်ရင် ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့ အိမ်ထောင်သည်ဖြစ်ရင် သင့်တော်တဲ့ ပဋိသန္ဓေတားနည်းအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top