Healthy Life Ad
Health Tips

ဆီးချိုသွေးချိုရောဂါနှင့် စိတ်

———၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊———

ဆီးချိုသွေးချို ထိန်းသိမ်းရာမှာ စိတ်နဲ့ လူမှုရေးဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြောင်းကို လူတွေပိုပြီး သိရှိလာကြပါပြီ။

ဆီးချိုသွေးချိုရောဂါဟာ ဆရာဝန်နဲ့ ဆေးကိုသာ အားကိုးရတာ မဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိလည်း စောင့်ရှောက်ရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။ အကယ်၍ လူနာဟာ မိမိရဲ့ဆီးချိုသွေးချိုကို ဒီလို နေ့စဉ် ပြုပြင်တာ၊ ပြုစုတာကို မလုပ်ချင်တာ၊ ဒါမှမဟုတ် မလုပ်တတ်တာမျိုး ရှိခဲ့ရင် ကုထုံးတွေ၊ နည်းသစ်တွေ ဘယ်လောက်ပဲကောင်းကောင်း နောက်ဆုံးရလဒ်မကောင်းတာပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါ ကုသရာမှာ ကောင်းမွန်တဲ့ အပြုအမူတွေ ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းရာမှာ စိတ်ပိုင်းနဲ့ လူမှုရေးအပိုင်းတွေဟာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။

ဆီးချိုသွေးချိုရောဂါက စိတ်ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ

ဆီးချိုလူနာတွေအဖို့ ဆီးချိုသွေးချိုရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ဆုတ်ယုတ်မှုတွေ ရှိနေမယ်ဆိုတာ အားလုံးခန့်မှန်းနိုင်ပါတယ်။ ဆီးချိုစဖြစ်ပြီဆိုတာနဲ့ လူတွေဟာ နေ့စဉ် စားသောက်တဲ့ပုံစံ၊ နေ့စဉ်သွားလာနေထိုင်မှုပုံစံ ပြောင်းရတာနဲ့အတူ အလုပ်အကိုင်မှာလည်း လိုက်ပြီး အဆင်မပြေတာ၊ ပြုပြင်ပြောင်းလဲရတာ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ဆုတ်ယုတ်တာ၊ ကုန်ကျတာ၊ ထိခိုက်နစ်နာတာတွေ ရှိကြတာကြောင့်လည်း စိတ်ဆင်းရဲမှုတွေ ရှိကြပါတယ်။

ဆီးချိုရှိသူရဲ့ဘဝမှာ စိတ်ပိုင်းဆိုင်ရာသာမက လူမှုရေးဆိုးကျိုးတွေလည်း ဘက်ပေါင်းစုံမှ ရရှိကြတာ တွေ့ရပါတယ်။ ဥပမာ- မိသားစု သို့မဟုတ် မိတ်ဆွေတွေနဲ့ ဆက်ဆံရေးမှာ မချောမွေ့တော့ခြင်း၊ ဆီးချိုကြောင့်သော်လည်းကောင်း၊ ဆီးချိုကုသနေရခြင်းကြောင့်သော်လည်းကောင်း သာမန်လူတွေလို နေထိုင်မှုဘဝ ဆုံးရှုံးရနိုင်ပါတယ်။ အင်ဆူလင်ထိုးနေရလို့ အလုပ်မှာ စားသောက်ချိန်မမှန်တဲ့ ပြဿနာရှိနိုင်ခြင်း၊ တချို့အလုပ်တွေမှာ သွေးချိုကျလွန်တဲ့ ပြဿနာရှိနိုင်တာကြောင့် ဆီးချိုရှိသူတွေအတွက် အခွင့်အရေး ပိုနည်းခြင်း စတာတွေကြောင့် စိတ်ဆင်းရဲမှုတွေ ရှိပါတယ်။

DAWN2 ဆိုတဲ့ လေ့လာစမ်းသပ်ချက်အရ ဆီးချိုလူနာတွေရဲ့ ၁၃.၈% ဟာ စိတ်ဓာတ်ကျရောဂါ ခံစားနေရပြီး ၄၄.၆% ကတော့ (DRD or Diabetes related Distress) ဆီးချိုကြောင့် စိတ်ဆင်းရဲမှုတွေ ခံစားနေကြရလို့ ခြုံကြည့်ရင် poor quality of life အရည်အချင်းမရှိတဲ့ ဘဝမှာ ရှင်သန်နေရပါတယ်။ စိတ်မချမ်းသာမှုကြောင့် လူဖြစ်ရကျိုးမနပ်သလို ဖြစ်စေပါတယ်။

“ဆီးချိုလူနာတွေဟာ စိတ်၏စေ့ဆော်မှု၊ ဦးဆောင်မှုရှိမှသာ ဆီးချိုအတွက် ကောင်းသောအပြုအမူ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲလို့ ရသွားကြပါတယ်။ စိတ်၏ဆန္ဒစွမ်းအား (will-power) ဟာ အလွန်အရေးကြီးပါတယ်။ အစွမ်းလည်း များစွာရှိပါတယ်” . . .

ဆီးချိုလူနာ၏ စိတ်

ရောဂါကြောင့် ဆီးချိုလူနာတွေဟာ စိုးရိမ်တာ၊ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ ပိုအဖြစ်များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုမျိုးစုံ ရှိတဲ့အနက် ကြီးစွာသော စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေဟာ ကိုယ်လက်မသန်စွမ်း ဒုက္ခိတဖြစ်လာသူတွေ၊ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာသူတွေ၊ အသက်ဘေးနီးကပ်လာသူတွေ၊ ငွေကုန်ကြေးကျများမယ့် ရောဂါတွေ ဝင်ရောက်လာသူတွေ ဥပမာ-ကျောက်ကပ်ပျက်စီးခြင်း ရှိလာသူတွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါကြောင့် သာမန်လူတွေကဲ့သို့ စိတ်ပိုင်းခံစားမှု၊ ပြောင်းလဲမှုတွေ ရှိသလို တချို့မှာ (Mental illness) စိတ်ရောဂါတွေ ပူးတွဲပြီး ဖြစ်နေတတ်ပါတယ်။ ဆီးချိုသွေးချို ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ရာဂါတွေ ပိုဖြစ်လွယ်ပါတယ်။ သွေးချိုထိန်းတာ မကောင်းရင် ပိုဖြစ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ (Anxiety)၊ စိတ်ဖိစီးမှုများခြင်း(Stress)၊ စိတ်ဆင်းရဲခြင်း၊ စိတ်သောကရောက်ခြင်း(Distress)တွေ စတဲ့ သာမန်လူတွေ အနည်းနဲ့အများ ဖြစ်တတ်တဲ့ စိတ်ရောဂါ အသေးစားတွေကို ပိုခံစားရတတ်ပါတယ်။ ဒီ့အပြင် စိတ်ရောဂါကြီးတွေဖြစ်တဲ့ စိတ်ကျရောဂါ (depressive psychosis)၊ စိတ်ပူပန်မှု လွန်ကဲတဲ့ရောဂါ(Anxiety Neurosis)၊ စကစ်ဇိုဖရီးနီးယားရောဂါ(Schizophrenia)၊ အယ်လ်ဇိုင်းမားရောဂါ(Alzheimer’s disease)၊ အရက်ကြောင့် စိတ်ကြောင်တဲ့ရောဂါ (alcoholic psychosis) စတဲ့ စိတ်ရောဂါတွေနဲ့ ဒွန်တွဲပြီးလည်း ဖြစ်တတ်ပါတယ်။ ဖော်ထုတ်ပြီး ဆီးချိုရောဂါနဲ့ တပါတည်း ကုသပေးရပါမယ်။ Psychotherapy (စိတ်ခံစားချက် စိတ်ဝေဒနာကို နားလည်အောင် ဆွေးနွေးပြီး ကုသခြင်း)၊ စိတ်ကို ဆေးဝါးအကူဖြင့် ပြုပြင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အထူးကုထံ လွှဲပြောင်းကုသပေးခြင်းတွေ လိုအပ်ပါတယ်။

နောက်တစ်ဖက်မှာ ဆီးချိုလူနာတွေဟာ စိတ်ရဲ့ စေ့ဆော်မှု၊ ဦးဆောင်မှုရှိမှသာ ဆီးချိုအတွက် ကောင်းသော အပြုအမူ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲလို့ ရသွားကြပါတယ်။ စိတ်၏ဆန္ဒစွမ်းအား(will-power) ဟာ အလွန်အရေးကြီးပါတယ်။ အစွမ်းလည်း များစွာရှိပါတယ်။ မိမိရောဂါကို စိတ်ဝင်စားခြင်း၊ ရောဂါအကြောင်းကို သိလိုစိတ်ရှိခြင်း၊ အခုနေကောင်းနေသော်လည်း နောင်ဖြစ်လာမယ့် နောက်ဆက်တွဲရောဂါနဲ့ ပတ်သက်လို့ စိတ်ပူခြင်း၊ ပေါ့ဆမနေခြင်း၊ စိတ်လှုပ်ရှားမှုရှိခြင်း၊ ကြိုးစားလိုခြင်း၊ ဇွဲရှိခြင်း၊ မဖြစ်ဖြစ်အောင် လုပ်နိုင်စွမ်း(will power)ရှိခြင်း၊ မကောင်းတဲ့ အပြုအမူတွေ ပြောင်းလဲချင်စိတ်ရှိခြင်း စတဲ့ ကောင်းကျိုးပေးတဲ့ “စိတ်”တွေဟာ ဆီးချိုရောဂါရဲ့ အနီးပတ်ဝန်းကျင်မှာ အမြဲတမ်း ဒွန်တွဲလျက်ရှိနေရင် အလွန်ကောင်းပါတယ်။ ဒါကြောင့် ဆီးချိုနောက်ဆက်တွဲ ရောဂါနဲ့ ဆီးချိုကုသမှုတွေမှာ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေကို လျစ်လျူမရှုထားသင့်ပါဘူး။

နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top